Breaking News

မောင်တူး - ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း ကင်းဝေးကြပါစေ



မောင်တူး - ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း ကင်းဝေးကြပါစေ

(မိုးမခ) ၂၀ ဩဂုတ် ၂၀၂၀

မုသားရောင်ထိန်၊ လိမ်လည်လှည့်စား၊
ဆိတ်ခေါင်းထားချိတ်၊ ခွေးသားရောင်းနေ၊
ငါတို့မြေမှာ၊ ဘယ်ခါငြိမ်းချမ်းပါ့တော့နိုင်။ ။
မောင်တူး 
19082020Wed

ဗိုလ်ချုပ်မှူးကြီးရဲ့ ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းဖို့ မကြိုးစားပါနဲ့ မိန့်ခွန်း

ဒီဗွီဘီသတင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းဖို့ မကြိုးစားကြဖို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောတယ်။ ဩဂုတ် ၁၉ နေပြည်တော်မှာကျင်းပတဲ့ စတုတ္တ အကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံမှာ ပြောတာပါ။

 “တချို့နိုင်ငံရေးပါတီ များနဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေဟာ ဗကပရဲ့ ၁၉၅၅ ခုနှစ် လမ်းစဉ်အတိုင်းပဲ ဖဆပလ အစိုးရဆိုတဲ့ စကားရပ်နေရာမှာ တပ်မတော်ကို အစားထိုးပြီး လုပ်ကြံ ဖန်တီးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ တပ်မတော်ရယ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ EAOs တွေနဲ့သာ သက်ဆိုင်ပြီး နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို တာဝန်ယူထားရတဲ့ အစိုးရနဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အယူအဆ အစိုးရက ကြားနေ သို့ မဟုတ် ဒိုင် သဖွယ် ဆောင်ရွက် ပေးမယ်ဆိုတဲ့ အယူအဆတွေ ပြောဆိုနေတာ ကျနော်တို့ ကြားသိရပါတယ်။ တိုင်းရင်းသား လက် နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင်တာဖြစ်တယ်။ တက်လာတဲ့ အစိုးရတွေကို ဆန့်ကျင်တာပါ။ နိုင်ငံတော်နဲ့ အစိုးရတိုင်းကို တပ်မတော်က အကာအကွယ်ပေးနေတယ်ဆိုတာ ဖြစ်စဉ်ဖြစ်ရပ်များကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာ ကြည့်ရ င် တွေ့နိုင် ပါတယ်။ ၁၉၅၀ ပြည့်နှစ်လောက်က အတွေးအခေါ် အယူအဆတွေနဲ့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက်မောင်းနှင်နေလိုတဲ့ သဘောထားတွေဟာ မရိုးဖြောင့်ဘူးလို့ပဲ ပြောလိုပါတယ်။ အဲဒီ ခေတ် ခေတ်စားခဲ့တဲ့ စကားနဲ့ ပြန်ပြောရရင် ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းဖို့ မကြိုးစားပါနဲ့လို့ ဆိုချင်ပါတယ်။”

ဒီနေ့မနက် တပ်ချုပ်ကြီးရဲ့ စကားရပ်ကို တီဗွီမှာ မြင် ကြားလိုက်တော့ ဆိတ်ခေါင်း ချိတ်ပြီး ခွေးသားရောင်းခြင်း ဆိုတာဘာလဲ။ စကားပုံလား။ ဒေသိယစကားရပ်လား ရှင်းရှင်း သိချင်လာတာပါ့။ ဒါ့ကြောင့် သတင်းဟောင်းတွေမှာ ပြန်ရှာကြည့်နေမိရဲ့။

ဆိတ်ခေါင်းချိတ်ခွေးသားရောင်းက ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ သမိုင်းဝင်မှတ်ချက်

ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း စကားရပ်ကို မြန်မာစကားပုံများ စာအုပ်မှာလဲ ရှာမတွေ့ပါ။ ရှာလွန်းမက ရှာတော့ သခင်သန်းထွန်း၏နောက်ဆုံးနေ့များ စာအုပ် စာမျက်နှာ ၈ မှာ တွေ့ပါတယ်။




တက္ကသိုလ်ဘုန်းကြွယ်ရဲ့ ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းကဗျာ (၂၁ ဇူလိုင် ၂၀၂၀)

အင်တာနက်မှာရှာတော့ Victor K Tan (တက္ကသိုလ်ဘုန်းကြွယ်) Facebook မှာ ခုလို ခေါင်းစဉ်နဲ့ တွေ့ရပါတယ်။

ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်း

သူတို့တတွေကိုမေး
နိုင်ငံရေးလုပ်နေပါသလား
သွားမယ့်လမ်းစဉ်ကဘာတဲ့လဲ…။

အမြဲတစေ ဖြေပါလိမ့်မယ်
တို့သွားနေတာ ပြည်သူအများကြိုက်
ပြည်သူအားစိုက်
ပြည်သူတအားလိုက်နေတဲ့
ဒီမိုကရေစီလမ်းစဉ်ပါပဲ…။

ပြောတော့ဒီမိုကရေစီ
လုပ်နေတာကတော့ ဒီမိုကရေစီ စံမမီတဲ့
လူကိုအသေချည်မယ့်-စစ်ဝါဒီ…။

သြော်…သိပါပြီ
ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းစားမယ့်
ခွေးသတ်သမားပါတီ…။

တက္ကသိုလ်ဘုန်းကြွယ်(ဇူလိုင် ၂၁ ၂၀)





စာရေးသူဧရာ ရဲ့ ဆိတ်ခေါင်းချိတ် ခွေးသားရောင်းခြင်း 18-08-2011

စာရေးသူဧရာ က လူထုအော်သံဘလော့မှာ ၂၀၁၁ ခု၊ ဇူလိုင် ၁၈ ရက်က အခုလို ရေးထားခဲ့တာကို တွေ့ရပါတယ်။

‘‘ မြန်မာ့နိုင်ငံရေး ဇာတ်ခုံမှာ စစ်အာဏာရှင်အဆက်ဆက် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းကြတဲ့နည်းကို ကျင့်သုံး တတ်ကြတယ်။ နအဖဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဘောင်းဘီချွတ်ပြီး အစိုးရမှာ သမ္မတ ဦးသိန်းစိန်ဖြစ်တာနဲ့ အသွင်ပြောင်းအရပ်သား အစိုးရလို့သတ်မှတ် လို့မရပါ။ အဆင့်(၇) ဆင့်ပါ လမ်းပြမြေပုံမှ ပေါ်ထွက်လာတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ၊ လွှတ်တော်၊ အစိုးရ ဆိုတာတွေမှာ ဒီပဲယင်း သွေးတွေ၊ ရွှေဝါရောင်သွေးတွေနဲ့ စွန်းထင်းနေတယ်။ လှည်းအိုကြီးကို ချူတွေတပ်ဆွဲရင် အသံမြည်ရုံပဲရှိမှာပါ။

Bullet ဂျာနယ်ပါ သောင်းလွင်ဟိန်း ရဲ့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့နိုင်ငံရေး (ဆောင်းပါး) 12-07-2019

ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ နိုင်ငံရေး....(Bullet Journal အတွဲ၄ အမှတ်၃)မှ ကောက်နှုတ်ချက် . . .
NLD ဟာ ဒီမိုကရေစီ လူ့အခွင့် အရေးကို အမျိုးသားရေးထက် ပိုဦးစားပေးတယ်၊ အမျိုးသားရေးကို ကျဉ်းမြောင်းတဲ့ အယူဝါဒလို့ယူဆပြီး လစ်ဘရယ်ကို အားကျ အတုယူ လုပ်ဆောင်နေတယ်ဆိုတာက ထင်ရှားနေပြီပဲ မဟုတ်လား။ ကိုဖီအာနန်အကြံပြုချက်ကို လမ်းညွှန် မြေပုံလို့ ခံယူကြေငြာပြီးဖြစ်တဲ့အတွက် နိုင်ငံမဲ့ ဘင်္ဂလီတွေကိုနိုင်ငံသားဖြစ် အောင် လုပ်ပေးရတော့မယ် ဆိုတာက ဘာသာပြန်နေစရာမလိုတဲ့ ကိစ္စပါ။ ဖီအာနန် အကြံပြုချက်အတိုင်း နိုင်ငံသား ဖြစ်ခွင့်ရအောင်လုပ်ပေးမယ်။ ဒီလိုလုပ်တဲ့အတွက် တိုင်းပြည်အတွက် ဘာအကျိုးကျေးဇူး တွေရမယ်။ ကိုဖီအာနန် အကြံပြုချက်အတိုင်း အကောင်အထည်ဖော်နိုင်ဖို့ ၈၂ နိုင်ငံသားဥပဒေကို ပယ်ဖျက် (သို့မဟုတ်) ကျော်ဖြတ်မှရမယ်။ ဒါကြောင့် ပြည်သူလူထုက ဝိုင်းဝန်း ထောက်ခံပေးကြပါလို့ ရှင်းရှင်း ပြောဆို လုပ်ကိုင်တာက ပိုအမြင်ရှင်းပါလိမ့်မယ်။ သခင်စိုးပြောခဲ့တဲ့ "ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့နိုင်ငံရေး"မဖြစ်ဖို့ တော့ လိုပါတယ်။ 

အမျိုးသားရေး မလို အပ်တဲ့ ဒီမိုကရေစီ အယူဝါဒကိုပဲ ယုံကြည်တယ် ကျင့်သုံးမယ်ဆိုရင်လည်း အထက်က တင်ပြခဲ့သလို ပြည်သူလူထုကို ပွင့်ပွင့်လင်းလင်း ချပြ ရှင်းပြ စည်းရုံးပြီး သွားသင့်ပါတယ်။ သွားချင်တဲ့ လစ်ဘရယ်ဒီမိုကရေစီကို စမ်းလျှောက်ကြည့် လိုက်၊ ပူညံပူညံတွေ ဖြစ်လာရင် ကာလိုက်ဖာလိုက်နဲ့ အခုလိုပဲ ဆက်သွားနေမယ် ဆိုရင်တော့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ နိုင်ငံရေး ဖြစ်သွားနိုင်ပါကြောင်း အပြုသဘော အကြံပြု တင်ပြလိုက်ပါတယ်။ ။ သောင်းလွင်ဟိန်း



ဒါကတော့ NLD အစိုးရဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့နိုင်ငံရေး လုပ်နေကြောင်း ဘူးလက်ဂျာနယ် ဆောင်းပါးပါ။ ဒါတွေကို ဖတ်ကြည့်နေရင်းနဲ့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်လို့ တဖက်က တဖက် စွတ်စွဲနေကြတာကိုတွေ့ကြရပါတယ်။ သတင်းဟောင်းတွေမှာပါတဲ့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း အကြောင်းတွေကို ဆက်ကြည့်ကြဦးစို့။

ဆောင်းပါးရှင် မောင်ကျော်စွာရဲ့ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်”အကြောင်း 20-12-2018

(ကရင်သတင်းအေဂျင်စီ) KIC သတင်းဌာနဲ့ရဲ့ ‘ အတု ’ အမည်ရှိဆောင်းပါးမှာ မောင်ကျော်စွာက အခုလို ရေးခဲ့တယ်။ ‘‘ လွတ်လပ်ရေးရပြီးတဲ့အခါကျတော့ “ပြည်ထောင်စုအတု”နဲ့ တည့်တည့်တိုးကြတော့တာပါပဲ။ တစ်ပြည်ထောင်စနစ် (Unitary)ကို ပြည်ထောင်စုလို့ လှည့်ဖြားခဲ့ကြတယ်။ နောက်တစ်ခုကတော့ ဗိုလ်နေဝင်းရဲ့ ၁၉၆၃ ငြိမ်းချမ်းရေး ဆွေး နွေးပွဲနဲ့ ပတ်သက်တဲ့ သမိုင်းဝင် မှတ်ချက်တစ်ခု ဖြစ်ပါတယ်။ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်”ဆိုတာပါ။ နောက်ထပ်တစ်ခုက ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ “ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်”ဆိုတဲ့ “ဆိုရှယ်လစ်အတု”ပါပဲ။ “ဆိုရှယ်လစ်အတု”(ဝါ) မဆလခေတ်ကိုတော့ ကျနော်တို့ ကိုယ်တိုင်ကိုယ်ကျ ဖြတ်သန်းခဲ့ကြတယ်မဟုတ်လား။ နောက်ဆုံးတစ်ခုကတော့ ယနေ့ စစ်အုပ်စုစိတ်ကြိုက် “၂၀၀၈ အခြေခံဥပဒေ”ကို ဖော်စပ်ထုတ်လုပ်ပေးတဲ့ ညောင်နှစ်ပင်ညီလာခံ ဆိုတဲ့ “အမျိုးသားညီလာခံ အတု” ပဲ ဖြစ်ပါတယ်။

အတုတွေ၊ လိမ်လည်တာတွေ၊ ဆိတ်ခေါင်းယောင်ပြပြီး ခွေးသားရောင်း ပုံတွေနဲ့ နိုင်ငံရေးလုပ်ဟန်တွေ နှိုင်းယှဉ် ပြောသွားတာပါ။ ဒီလိုပါပဲ။ NLD အစိုးရဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတယ်လို့လဲ မဘသ ခေါင်းဆောင် ဦးဝီရသူ အင်တာဗျူး တခုမှာ ဆရာတော်ဦးပါမောက္ခရဲ့ စကားကို ကိုးကား မေးခဲ့ကြပါသေးတယ်။

ဝီရသူနဲ့ ဦးပါမောက္ခတို့ရဲ့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း အကြောင်း

ဝီရသူ (မစိုးရိမ်) ဘလော့မှ

မေး – အာဏာပိုင်တွေနဲ့ပတ်သက်ပြီး ဆရာတော်ဦးပါမောက္ခပြောတဲ့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတယ်၊ ဒီမိုကရေစီဆိုပြီး အာဏာရှင်ဆန်ဆန် ပြုမှုနေတယ် ဆိုတာတွေက တကယ်ပဲဖြစ်နေပြီလားဘုရား။

ဝီရသူ ဖြေ – ဦးပါမောက္ခရဲ့ အတွေ့အကြုံအရ ဦးပါမောက္ခခံစားချက်နဲ့ ပြောခဲ့တာပေါ့နော်။ တစ်ကယ်တမ်းကျတော့ ဦးပါမောက္ခမတိုင်ခင် ဦးဇင်းက ကြိုပြီးတော့ ပြောခဲ့တာပေါ့နော်။ ဘာကြောင့်လဲဆိုရင် တိုင်းပြည်ကိုအုပ်ချုပ်တာက မိသားစုကိုအုပ်ချုပ်တဲ့ ပုံစံမျိုး၊ ငါတကောနဲ့ ငါ့အာဏာ၊ ငါ့ပါဝါ၊ ငါ့သြဇာဆိုတဲ့ ပုံစံမျိုးကြီးနဲ့ သွားနေတာပေါ့နော်။ အဲဒီတော့ စားပွဲပေါ်ကိုရောက်လာတဲ့ အစီရင်ခံစာတွေကိုလည်း ကိုယ်တစ်ယောက်တည်း မနိုင်ဘူး။ ကတ်ဘိနက်ဆိုတဲ့ အစည်းအဝေးတွေလည်း စနစ်တကျမရှိဘူးဆိုတော့ အဲဒီမှာ လစ်ဟာတာတွေ၊ ချို့ယွင်းတာတွေ အများကြီးပေါ်လာတာပေါ့နော်။

ဌာနဆိုင်ရာဝန်ကြီးတွေကလည်းပဲ တစ်ဦးတစ်ယောက်ရဲ့ အမိန့်ကိုပဲစောင့်နေတော့ အောက်ခြေကို ဘာမှလုပ်ပေးနိုင်စွမ်းမရှိဘူး။ လုပ်ပေးဖို့လည်း လုပ်ပိုင်ခွင့် မရှိဘူး။ အဲဒီလို တစ်ဦးတစ်ယောက်ရဲ့ ချုပ်ကိုင်မှုကို ခံနေရတဲ့အတွက်ကြောင့် အုပ်ချုပ်ရေးမှာလည်း ဒီမိုကရေစီမစံဘူးပေါ့။ နောက် မဏ္ဍိုင်တွေကလည်းရောနေပြီး အုပ်ချုပ်ရေးက တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်၊ ဥပဒေပြုရေးက အုပ်ချုပ်ရေးဘက် ဝင်ရောက်စွက်ဖက်နဲ့ အဲဒိလိုဖြစ်လာတဲ့အခါကျတော့ ဒီမိုကရေစီလည်းပြောသေးတယ်၊ အာဏာရှင် ပုံစံမျိုးတွေလည်း ချိုးနေသေးတယ်ဆိုတာ တွေ့မြင်လာရတာပေါ့။ 

ပိုပြီးဆိုးဝါးလာတာက မိမိအတိုက်အခံတုန်းက မိမိကိုယ်တိုင် နှိပ်ကွပ်ခံရတာကို ကိုယ်ချင်းစာနာပြီးတော့ မိမိကို အတိုက်အခံလုပ်တဲ့လူတွေ မိမိလို အနှိပ်ကွပ်မခံရအောင် သူတို့အပေါ်မှာ သဘောထားကြီးမားစွာ ဆက်ဆံမယ်ဆိုတဲ့ ခံယူချက်မျိုးလည်း မရှိကြဘူးလေ။ အဲတော့ ကိုယ့်ကိုယ်မထောက်ခံဘူးဆိုရင် ဘုန်းကြီးပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ရတဲ့ ပုဒ်မတပ်ပြီးတော့ မရှိ ရှိတဲ့အပြစ်ရှာ ဆွဲကွာဆိုပြီး အပြစ်ရှာထောင်ချ စစ်အစိုးရပုံစံမျိုးကြီး ဖြစ်သွားတာပေါ့။ အဲဒီတော့ နောင်တော်ကြီး ဦးပါမောက္ခပြောတဲ့စကား ဟာ နောက်ကျပါသေးတယ်လို့နော်။

ဒီအင်တာဗျူးမှာ အာဏာပိုင်တွေဆိုတာ NLD အစိုးရကို ရည်ညွှန်းပြောခဲ့တာပါ။ ဒါကြောင့် NLD အာဏာပိုင်တွေကို ဆရာတော် ဦးပါမောက္ခက

ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတယ်၊
ဒီမိုကရေစီဆိုပြီး အာဏာရှင်ဆန်ဆန် ပြုမှုနေတယ် ဆိုတာတွေကလဲ NLD အစိုးရကို ပြောခဲ့ကြတာပါ။

စာရေးဆရာ ထင်လင်းဦးကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်း” သလို ဖြစ်နေမှာလို့ ဆိုပါတယ်။

ဆရာထင်လင်းဦးရဲ့ ဆိတ်ခေါင်းချိတ် ခွေးသားရောင်းသည် ရေးချက် ၂၀၂၀ ဇန်နဝါရီ - ဒီလမ်းဂျာနယ်

ဒီမိုကရေစီလမ်းစဉ်နဲ့ တည် ဆောက်မယ့် နိုင်ငံတစ်ခုအတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာမှာ ဥပဒေပုဒ်မတိုင်း ကို ၊ ဥပဒေပါစကားလုံး စကားရပ်တိုင်းကို တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းဆိုတဲ့ လောကပါလ တရားသုံးပါးနဲ့ ညီညွတ် အောင်ရေးဆွဲရပါတယ်။ နိဒါန်းမှာ ဒါမှမဟုတ် ပုဒ်မတစ်ခုမှာ အဲဒီ လောကပါလ တရားသုံးပါး ဆိုတာကို ပါလေဟန်ရေးသားထားပြီး ကျန်တဲ့ ပုဒ်မတွေ ပြဋ္ဌာန်းချက်တွေဟာ အဲဒီ တရားသုံးပါးနဲ့ မညီညွတ်ရင် ဒီ ဥပဒေဟာ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသား ရောင်း”သလိုဖြစ်နေမှာပါ။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ဟာ နိုင်ငံသား တစ်ဦးချင်းစီ ကိုဖြစ်စေ၊ နိုင်ငံသားလူ မျိုးတစ်မျိုးကိုဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုချင်းစီကိုဖြစ်စေ တန်းတူညီမျှတဲ့ အခွင့် အရေးများကို ပေးအပ်ခွင့်ပြုထား ရပါမယ်။ အဲဒီလိုမဟုတ်ဘဲ နိုင်ငံသား တစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ နိုင်ငံ သား လူမျိုးတစ်မျိုးကို ဖြစ်စေ၊ အဖွဲ့အ စည်းတစ်ခုခုကိုဖြစ်စေ ဖိနှိပ်ချုပ်ချယ် တဲ့ ပြဋ္ဌာန်းချက်များ သို့တည်းမဟုတ် ပိုလွန်တဲ့ အခွင့်အရေးတွေ ကို ပေးအပ် ထားတဲ့ ပြဋ္ဌာန်းချက်များ ပါရှိနေမယ် ဆိုရင် အဲဒီအခြေခံဥပဒေဟာ ဒီမိုက ရေစီစစ်စစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မဟုတ်တော့ပါဘူး။ ဒီမိုကရေစီအရေခွံ အုပ်ပြီး အာဏာရှင်စနစ်ကို ဖုတ်သက် သွင်းထားတဲ့ ဥပဒေသာဖြစ်ပါလိမ့် မယ်။

ဒါကတော့ ဒီလမ်းဂျာနယ်က “ဆိတ်ခေါင်းချိတ်ပြီး ခွေးသား ရောင်း”သလိုဖြစ်နေဆိုတဲ့ စာရေးဆရာ ထင်လင်းဦးရဲ့ ရေးသားချက်ပါ။ နောက်ဆုံးတွေ့တဲ့ သတင်းဟောင်းကတော့ ဦးနေဝင်း မဆလ ရဲ့ ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ဆလိုင်း တင်မောင်ဦးရဲ့ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း” ကင်ပွန်းတပ်ချက်ပါ။

ဆလိုင်းတင်မောင်ဦး ပြောတဲ့ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း”

၂၀၁၄ ခုနှစ် မေ ၂၅ က MYUTSAWMYIT : ကချင်ပြည်နယ်သတင်း အွန်လိုင်းစာမျက်နာမှာ ငြိမ်းချမ်းရေး စစ်တမ်း (၆) ကို ရှေ့နေဦးအောင်ထူးက အခုလို ရေးခဲ့ပါတယ်။ ‘ ဖယ်ဒရယ်၏ အနှစ်သာရအနေဖြင့် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံ သော ပြည်ထောင်စုဟူသည်အား အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် ထည့်သွင်းရန်မြန်မာတပ်မတော်က လက်ခံ လိုက်ပြီ ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်တွင် သတင်းများ ထွက်ပေါ်လာသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံလျှင် လက်ခံသည်၊ လက်မခံလျှင်လည်း လက်မခံနိုင်ပါ ဟု ရိုးရိုးပြောရုံသာ ဖြစ်သင့်သည်။ ဖက်ဒရယ်၏ အနှစ် သာရ ဟူသည်ကို ယူသော်လည်း၊ ဖက်ဒရယ် ဝေါဟာရ အတိ အကျကိုမသုံး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် သွားရန် လုပ်ငန်းစဉ်ကို သဘောတူညီချက် မရက ယင်းမှာ လိမ်ဆင်ကြီးသာဖြစ်ပါမည်။ 

၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်ကာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် စစ်ဗိုလ်များသည် လက်သီးလက်မောင်းတန်းကာ ဆိုရှယ်လစ်ရေးကို ကြွေးကြော်ခဲ့ကြသည်။ ၎င်းတို့ဦးဆောင်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တည်ထောင်ခဲ့သည်။ စင်စစ်အားဖြင့်မူ ၎င်းတို့သည် မည်သည့် ဆိုရှယ်လစ်စနစ်ကိုမျှ ယုံကြည်ခဲ့ကြ သူများ မဟုတ်ကြ။ လက်တွေ့အားဖြင့်မူ စစ်အာဏာရှင်စနစ်ကိုသာ ကျင့်သုံးခဲ့ကြ သည်။ 

ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦးက ထိုအခြေအနေကို “ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း” ဟု ကင်ပွန်းတပ်ခဲ့သည်။ ထိုစဉ်က ဆိုရှယ်လစ် ဆိတ်ခေါင်းချိတ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းရှင်း မြင်နိုင်သည်။ယခုမူ ဖက်ဒရယ် ဆိတ်ခေါင်းပင် ချိတ်သည့် အဆင့်သို့မရောက်သေး။ ဖက်ဒရယ် အရောင်လေး ထိုးပေး လိုက်သည်ကိုပင် ဝမ်းသာကြောင်း ပြနေရသည့် ဘ၀ ဖြစ်သည်။ ယင်းအတွက်ပင် စစ်ခေါင်းဆောင် ဟောင်း သစ် များအား ဂရုဏာရှင်ကြီးများအဖြစ် ကျေးဇူး တင်ရမလိုလို ဖြစ်နေသည်။ တဖက်တွင် ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ခွေးသားများ အကြီးအကျယ် တည်ခင်းရောင်းချ နေသည် ကို မမေ့သင့်ပါ။ ဆိတ်ခေါင်းကို မြှော်ကြည့်ပြီး ခွေးသားမစားမိစေရန် သတိပြုရပါမည်။

ဒါတွေကတော့ဗျာ - ၂၀၂၀ ဩဂုတ် ၁၉ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပြောခဲ့တဲ့ ‘ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းဖို့ မကြိုးစားပါနဲ့’ မိန့်ခွန်းပြောအပြီး ‘ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းခြင်း’ အကြောင်း သတင်းဟောင်းတွေ လိုက်ရှာ ရာက တက္ကသိုလ်ဘုန်းကြွယ်ရဲ့ ‘ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းကဗျာ’ ၊ စာရေးသူဧရာ ရဲ့ လူထုအော်သံဘလော့မှာ ၂၀၁၁ ခု၊ ဇူလိုင် ၁၈ ရက်က ရေးခဲ့တဲ့ ‘‘ စစ်အာဏာရှင်အဆက်ဆက် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းကြတဲ့နည်းကို ကျင့်သုံးတတ်ကြတဲ့အကြောင်း၊ NLD အစိုးရဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့နိုင်ငံရေး လုပ်နေကြောင်း ဘူးလက်ဂျာနယ် ၁၂-၀၇-၂၀၁၉ ရက်နေ့ ဆောင်းပါး၊ ဆောင်းပါးရှင် မောင်ကျော်စွာရဲ့ “ဆိတ်ခေါင်းချိတ်ပြီး ခွေးသား ရောင်းတယ်” ဆိုတဲ့အကြောင်း 20-12-2018 (ကရင် သတင်းအေဂျင်စီ) KIC သတင်းဌာနဲ့ရဲ့ ‘ အတု’ အမည်ရှိ ဆောင်း ပါး၊ ဝီရသူ (မစိုးရိမ်) ဘလော့မှ ဦးဝီရသူနဲ့ ဦးပါမောက္ခ တို့ရဲ့ NLD အစိုးရရဲ့ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းခြင်း အကြောင်း ဖြေကြားထားချက်၊ ဆလိုင်းတင်မောင်ဦးပြောတဲ့ ဆိုရှယ်လစ် “ဆိတ်ခေါင်းချိတ်ပြီးခွေးသားရောင်းခြင်း” ပြောကြားချက်ကို ရှေ့နေဦးအောင်ထူးက ပြန်လည်ရေးသားခဲ့တာတွေကို တင်ပြပေးလိုက်တာပါ။

‘‘ ဆိတ် ခေါင်း ချိတ် ပြီး ခွေး သား ရောင်း ခြင်း ’’ မှ ကင်းဝေးကြပါစေခင်ဗျာ။ ။