Breaking News

နေလင်း - နိုးတူး

နိုးတူး

နေလင်း

(မိုးမခ) သြဂုတ် ၂၀၊ ၂၀၂၀


ခြေထောက်မိုင်းနင်းမိပြီးနောက်

မွေးချင်းခြောက်ယောက်ထဲ

ခြေထောက်တစ်ချောင်းနဲ့ နိုးတူး


အိမ်ထောင်မရှိတဲ့ရည်းစားပစ်ကောင်ဘဝနဲ့

တစ်ခုလပ်လူပျိုသိုးကြီးလေ

အချစ်ကိုအတွေ့မှာ

မြတ်မြတ်နိုးနိုးအကွေ့လွန်ပြီးတိမ်းမှောက်ခဲ့သူ


ကျောင်းအုပ်ဆရာကြီးက

ကျောင်းထုတ်လိုက်ပြီလို့သတင်းလာပေးတဲ့

အတန်းဖော်ကို

အလယ်တန်းကျောင်းသားဘဝမှသည်

သုံးဆယ့်ငါးနှစ်ကျော်ချိန်အထိရန်မီးမွှေးထားတုန်း


ဒေါင်ကျကျပြားကျကျ

သဘာဝမင်းသားကြီးရဲ့ဇာတ်ဝင်ခန်းတွေ

ကနေရတာပဲလို့

သူ့စိတ်နဲ့သူဘဝင်လေဟတ်နေရဲ့


ချိုးသမျှဖဲတိုင်းသူ့အတွက်အသေ

ချိုးသမျှရေနဲ့ဖျားနေတဲ့ရမ်းကုလူမမာ

နိုင်ငံတော်အပေါ်သစ္စာရှိသောကြွတက်လှုပ်ရှားသူ


မိသားစုထဲသူလူစွမ်းကောင်း

တိုင်းပြည်ရဲ့သူရဲကောင်းဆိုသူကြီးလေ

သူ့ဘယ်မှာချိုင်းထောက်ညှပ်

မလောက်ငှတဲ့သူဝမ်းကိုသူကျောင်းတယ်

ဗိုလ်ချုပ်အောင်ဆန်းပုံတွေရောင်းလို့ပေါ့။ ။ ။


နေလင်း