Breaking News

ဧရာ(မန္တလေး) - ဗုဒ္ဓိ၊ သဒ္ဒါ စရိုက်တွေနဲ့ နိုင်ငံရေး


ဧရာ(မန္တလေး) - ဗုဒ္ဓိ၊ သဒ္ဒါ စရိုက်တွေနဲ့ နိုင်ငံရေး

(မိုးမခ) ဩဂုတ် ၂၀၊ ၂၀၂၀

ဘာသာရေးနယ်မှာ သင့်တော်တဲ့ ကမ္မဋ္ဌာန်း ရွေးဖို့အတွက် “ရာဂ, ဒေါသ, မောဟ, သဒ္ဓါ, ဗုဒ္ဓိ, ဝိတက်” ဆိုပြီး စရိုက် ၆-မျိုးခွဲပြထားတယ်။ လူ့စရိုက် ၆-မျိုးဆိုတာထက် Dimension ၆-ခု ကို ဆိုလိုတာဖြစ်တယ်။ စရိုက် နှစ်မျိုး သုံးမျိုးလည်း ရောနေနိုင်တယ်။ စရိုက်တွေရဲ့ အင်အားကို တိုင်းထွာလို့သာ ရရင် spider web chart နဲ့ ဆွဲကြည့်နိုင်မယ် ထင်တယ်။ ဒီအထဲကမှ အားကောင်းတဲ့ စရိုက်ကို ထုတ်ပြီး အမည်တတ်ရတာပါ။ (စာမှာတော့ “ဥဿဒကိတ္တန” လို့ ခေါ်တယ်။ Naming by the prominent character လို့ အလွယ် ဘာသာပြန်လို့ ရမယ်ထင်တယ်)။

ဒီအထဲက #ဗုဒ္ဓိစရိုက် နဲ့ #သဒ္ဓါစရိုက် ကို နိုင်ငံရေးနဲ့ ဆက်စပ် စဉ်းစားကြည့်မိတယ်။

ဗုဒ္ဓိစရိုက်ရှိသူတွေက အကြမ်းအားဖြင့် ပိုင်းခြားဝေဖန်မှု အားကောင်းတယ်။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း စဉ်းစား တွေးခေါ်တတ်တယ်။ ယဉ်ကျေးမှု, လူ့အဖွဲ့အစည်းတွေက ကန့်သတ်ထားတဲ့ ဘောင်တွေကို ဖောက်ထွက်ပြီး အမှန်တရားကို သိမြင် လက်ခံနိုင်စွမ်း ရှိတယ်။ နိုင်ငံရေးအရပြောရင် #Liberal ဆန်သူတွေ ဖြစ်တယ်။

သဒ္ဓါစရိုက် ရှိသူတွေက လူပုဂ္ဂိုလ်, အဖွဲ့အစည်း, ဘာသာတရားအပေါ်မှာ ယုံကြည်မှု အားကောင်းတယ်။ နောက်လိုက်ကောင်းတွေ ဖြစ်တယ်။ ရည်မှန်းချက်ထားပြီး တာဝန်သိစိတ်နဲ့ လုပ်ဆောင်တတ်ကြတယ်။ အပြောင်းအလဲတွေထက် လူပုဂ္ဂိုလ် တစ်ဦးဦး, အဖွဲ့အစည်းတစ်ခုခု, လက်ရှိအခြေအနေ တစ်ခုခုကိုမှာပဲ စွဲစွဲမြဲမြဲ ထားချင်တတ်ကြတယ်။ နိုင်ငံရေးသဘောနဲ့ ပြောရင် #Conservative ဖြစ်တယ်။ ရှေးရိုးစွဲဆန်တယ်။

ဗုဒ္ဓိရော သဒ္ဓါရော နှစ်ခုလုံးက မကောင်းဘူးလို့ ပြောလို့ မရပါဘူး။ ဒါပေမယ့် အခြား အပျက်သဘောဆောင်တဲ့ စရိုက်တွေနဲ့ ပေါင်းမိပြီး၊ အစွန်းတဖက် ရောက်သွားရင်တော့ အန္တရာယ် ရှိနိုင်တယ်။

ဗုဒ္ဓိစရိုက် လွန်ကဲလွန်းပြီး သဒ္ဓါစရိုက် အားနည်းသွားတဲ့ အခါမှာ ထစ်ခနဲဆိုရင် ယဉ်ကျေးမှု, ဓလေ့စရိုက်တွေနဲ့ လူ့အဖွဲ့အစည်းရဲ့ စံတွေကို မထောက်တော့ဘဲ ဝေဖန်တတ်တယ်။ တဖက်သားရဲ့ အမြင်, ယုံကြည်ချက်, ဂုဏ်သိက္ခာတွေကို လေးစားရမှန်း မသိတော့ဘဲ မထောက်မညှာ ဝေဖန်တော့တယ်။ သူနဲ့ နီးစပ်တဲ့ ဒေါသစရိုက်နဲ့ ပေါင်းမိခဲ့ရင် ပိုဆိုးသွားတယ်။ ဝေဖန်ပိုင်းခြားမှုတွေက အမှန်တရား အတွက် မဟုတ်တော့ဘဲ၊ အပြစ်ရှာဖို့ ဝေဖန်တိုက်ခိုက်ဖို့ သက်သက် ဖြစ်သွားတယ်။ ကောက်ကျစ်တဲ့ သဘောရောက်သွားတယ်။ လစ်ဘရယ်ဆန်ရာကနေ “မတူကွဲပြားမှုတွေ အပေါ်မှာ နားလည်သည်းခံပေးနိုင်တယ်” ဆိုတဲ့ လစ်ဘရယ်ဝါဒရဲ့ အခြေခံသဘောတရားနဲ့လည်း ဆန့်ကျင်သွားတယ်။

လူနည်းစုအပေါ်မှာ ဖိနှိပ်ခွဲခြားမှု မပြုဘဲ၊ မတူကွဲပြားမှုတွေကို နားလည်သည်းခံပေးရုံ, အခွင့်အလမ်း တန်းတူညီမျှမှုကို အားပေးရုံသာ မဟုတ်တော့ဘဲ၊ မတူကွဲပြားမှုကို တမင်အားပေးတာကိုလည်း လစ်ဘရယ်ရဲ့ အခြား အစွန်းတဖက်လို့ပဲ မြင်မိတယ်။ (ဒီနေ့ခေတ် နိုင်ငံကြီးတွေမှာ diversity ကို အားပေးတဲ့ ပုံစံမျိုးတွေက နည်းနည်း အစွန်းရောက်နေတယ်လို့ပဲ မြင်မိတယ်)။

သဒ္ဓါစရိုက် အားကောင်းလွန်းပြီး ဝေဖန်ပိုင်းခြားမှု အားနည်းလွန်းသွားရင် မယုံကြည်ထိုက်သူတွေကို မျက်ကန်းယုံကြည် မိတတ်တယ်။ ယုံကြည်ထိုက်တဲ့ လူပုဂ္ဂိုလ်, အဖွဲ့အစည်း, ဘာသာတရားတခုခု အပေါ်မှာ ယုံကြည်တယ် ဆိုရင်တောင်မှပဲ သဒ္ဓါလွန်တော့ လိုတာထက်ပိုပြီး ကွန့်တတ်ပါတယ်။ တဖက်စောင်းနင်း ဖြစ်သွားတဲ့အခါ အခြား ပုဂ္ဂိုလ်, အဖွဲ့အစည်း, ဘာသာတရားတွေကို ရန်သူလို မမှန်မကန် ထိုးနှက်တိုက်ခိုက်ချင်လာတယ်။ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကိုယ့်လူမျိုး, ကိုယ့်ဘာသာကို ကြီးပွားတိုးတက်အောင် လုပ်ဆောင်တာမျိုး မဟုတ်တော့ဘဲ၊ “မတရားတဲ့ နည်းလမ်းတွေကို” အသုံးချလာမယ် ဆိုရင်တော့ ဒါဟာ လူမျိုးရေး, ဘာသာရေး အစွန်းရောက်သွားပြီလို့ ဆိုနိုင်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်တွေက ယေဘုယျအားဖြင့် နည်းပညာအားဖြင့် တိုးတက်သလို အသိဉာဏ်ကောင်းသူတွေ ဖြစ်ပါတယ်၊ ဒါပေမယ့် ပညာရေးမှာ တဖြည်းဖြည်းချင်း ရိုက်သွင်းခဲ့တဲ့ လူမျိုးရေးဝါဒဂျင်းကြောင့် နောက်ဆုံးအဆင့် ရောက်လာတဲ့အခါ “ဂျူးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ” ဟာ အမှားပါလို့ ပိုင်းခြားဝေဖန် သိမြင်နိုင်စွမ်း ကင်းမဲ့သွားခဲ့ကြတယ်။

ဘာသာရေးနယ်မှာတော့ သဒ္ဓါနဲ့ ပညာကို မျှအောင် သတိနဲ့ ညှိပေးရတယ်လို့ ဆိုပါတယ်။ နိုင်ငံရေးနယ်မှာ ကိုယ့်စရိုက်အလျောက် လစ်ဘရယ် ဖြစ်ချင်သူတွေလည်း ဖြစ်ကြပါ။ ကွန်ဆားဗေးတစ် လုပ်ချင်သူတွေလည်း လုပ်ကြပါ။ ဒါပေမယ့် တစ်ဖက်စွန်းကို ရောက်မသွားအောင်တော့ သတိနဲ့ ထိန်းညှိပေးဖို့ လိုမယ်လို့ ထင်ပါတယ်။