အရှင်ခေမာစာရ - မစ္စတာ ဟိုဆေးရာမို့ (စ်)ဟော်တာသို့ အရှင်ခေမာစာရမှ အိတ်ဖွင့်ပေးစာ(၂၀၀၃)
မစ္စတာ ဟိုဆေးရာမို့ (စ်)ဟော်တာသို့
အရှင်ခေမာစာရမှ အိတ်ဖွင့်ပေးစာ(၂၀၀၃)
အရှင်ခေမာစာရ
(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၀
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု (၁၃) နှစ်မြောက်အဖြစ် ထိုင်း-မြန်မာအခြေ စိုက် မိုးကြိုးသတင်းစဉ်( မြန်မာနိုင်ငံ လွတ်လပ်သည့် သတင်းအေဂျင်စီ ) တွင် ၂၀၀၃ ခုနှစ်ကအခန်းဆက်ဖော်ပြခဲ့သည့် မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုနှင့် သံဃာတော်များအခန်းကဏ္ဍနှင့် စပ်လျဉ်း ၍ အရှေ့တီမောလွတ်မြောက်ရေးခေါင်းဆောင် ၁၉၉၆- နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာဟိုဆေးရာမို့စ်ဟော်တာ၏ပြောဆိုချက်မှုကို ပြန်လည်ဆန်းစစ်ရေးသားခဲ့သည့်ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌ အရှင်ခေမာစာရ၏ဆောင်းပါးကို မိုးမခမှ ပြန်လည်ဖော်ပြအပ်ပါသည်။
အရှင်ခေမာစာရသည် ၈- လေးလုံးအရေးတော်ပုံကာလ ရဟန်းပျိုသမဂ္ဂဥက္ကဋ္ဌအဖြစ်ဦးဆောင်ခဲ့ပြီး စစ်အာ ဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေဒေသသို့ထွက်ခွာခဲ့ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်အပြီးတိုင် အကြွင်းမဲ့ချုပ်ငြိမ်းရေးအတွင် အခြားသောဒီမိုကရေစီရေးဘက်တော် သားများနှင့်အတူ တက်ကြွစာလက်တွဲဆောင်ရွက်ခဲ့ကာ လွတ်မြောက်နယ်မြေတွင် ဖွဲ့စည်းခဲ့သည့် "အမျိုးသားကောင်စီ" (NCUB) တွင်လည်း ရဟန်းပျိုသမဂ္ဂအနေဖြင့် ဗဟိုတွင်ဦးဆောင်ပါဝင်ခဲ့ပြီး "ပြည်သူ့အံတုမှုကော်မတီ" (PDC)ကိုဦးဆောင်ဖွဲ့စည်းခဲ့သူတဦးလည်း ဖြစ်သည်။ ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် သီတင်းသုံးနေထိုင်တော်မူသည်။
မိုးမခ
...
(တတိယပိုင်း)
၁၉၉၀ ခုနှစ် စစ်အာဏာရှင်တွေအပေါ် ဗုဒ္ဓဘာသာသံဃာတော်များက ဘာသာရေးသပိတ်မှောက်ခြင်း
(သို့မဟုတ်) ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း
ရွေးကောက်ပွဲရှုံးပြီး ကတိအတိုင်း အာဏာမအပ်တဲ့အပြင်၊ ဒီမိုကရေစီ ဖော်ဆောင်မပေးနိုင်တဲ့အပြင် ဖိနှိပ်မှုတွေ လုပ်လာခဲ့တယ်။
ဒါကြောင့်မို့လို့ ၁၉၉၀- ခုနှစ်တုန်းက စစ်အာဏာရှင်အပေါ် ပြတ်ပြတ်သား ဘာသာရေးအရ အရေးယူဖို့ အင်မတန်ကျယ်ပြန့်တဲ့ ဗုဒ္ဓဘာသာ သံဃာတော်များရဲ့ ဘာသာရေးသပိတ်မှောက်မှု ပေါ်ပေါက်ခဲ့တယ်။ ဒါကို ပါဠိလိုတော့ ပတ္တနိက္ကုဇ္ဇနကံ ဆောင်တယ်လို့ခေါ်တယ်။
ဒီလှုပ်ရှားမှုမှာ ဘာသာရေးဘောင်ထဲက အကြမ်းမဖက်တဲ့နည်းတွေနဲ့ စစ်အာဏာရှင်တွေအပေါ် ပြောင်ကျကျစိန်ခေါခဲ့တာဖြစ်တယ်။
ဒါမှမဟုတ် အာဏာရှင်တွေရဲ့မတရားစော်ကားလွှမ်းမိုးမှုအပေါ် ရဲရဲဝံ့ဝံ့ထိပ်တိုက်ရင်ဆိုင်ခဲ့တာဖြစ်
တယ်။ ဒီနေရာမှာ (၂) ပိုင်းရှုမြင်နိုင်တယ်။
ပထမအချက်ကတော့ ဘာသာရေးအပေါ် စော်ကားမော်ကားလုပ်တာဖြစ်ပြီး၊ ဒုတိယအချက်ကတော့ ပြည်သူအပေါ် အနိုင်ကျင့်တာ၊ ဗိုလ်ကျတာ ဖြစ်တယ်။
ဒါနဲ့ပတ်သက်လို့ နည်းနည်းဆက်ရှင်းဖို့ လိုလိမ့်မယ်။ ၈-၈-၉၀ နေ့မှာ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဖြစ် တဲ့ မန္တလေးမြို့မှာ ပြည်သူတရပ်လုံးက ဘာသာရေးအလှူပွဲတခု စုပေါင်းပြုလုပ်ခဲ့တယ်။ ဗုဒ္ဓဘာသာသံဃာတွေ ဘယ်ပုဂ္ဂိုလ်မဆို ကြွရောက်အလှူခံနိုင်တယ်။
အဲဒီတုန်းက အလှူခံ ဆွမ်းခံကြွသံဃာ(၇၀၀၀) ဝန်းကျင်ရှိနိုင်တယ်လို့ မျက်မြင်သက်သေတွေက ဆို တယ်။
ရည်ရွယ်တာက ၁၉၈၈- ခုနှစ်တုန်းက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကြိုးပမ်းရင်း ကျဆုံးကွယ်လွန် သွားကြတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းအားလုံးကို ရည် စူးလှူဒါန်းတဲ့အလှူပွဲ၊ ကျဆုံးသူတွေ ကောင်းရာဘုံဌာနရောက်ရှိကြဖို့ ဘာသာရေးဆုတောင်းပွဲတခုပြုလုပ်တဲ့ပွဲဖြစ်တယ်။ ဒါဟာ ဘာသာရေး သက်သက်ဖြစ်တယ်။ နိုင်ငံရေး လုံးဝမဟုတ်ဘူး။ လုံးဝနိုင်ငံရေး မပါဘူး။ ပြောစရာရှိတာကတော့ နိုင်ငံရေးအာဏာရှင်တွေက “ လူ (၅)ယောက်ထက် ပိုမစုရဘူး” ဆိုပြီး အမိန့်ထုတ်ထားတဲ့ကာလ ဆိုတော့ ဒီအလှူဟာ (၅)ယောက်ထက် ပိုမိုနေတာကတော့ အမှန်ပါပဲ။ ဒါကြောင့် နံနက်(၅)နာရီမှာ စစ်တပ်ကရောက်လာပြီး အလှူကို ရပ်တန့်ဖို့၊ လူစုခွဲဖို့ အမိန့်ပေးလာတယ်။ သံဃာနဲ့ ပြည်သူတွေက တောင်းပန်ကြပေမယ့်မရဘူး။ အထက်အမိန့်အရ ဆောင်ရွက်ရမှာ ဖြစ်တယ်။ လူစုခွဲကြပါဆိုပြီး ထပ်မံ အမိန့်ပေးတယ်။ ဒါပေမယ့် သံဃာနဲ့ ပြည်သူကတော့ လူစုမခွဲဘူး။ အလှူလုပ်မြဲလုပ်နေစဉ်ပဲ သေနတ်နဲ့ စပြီး ဒလစပ်ပစ်ခတ်တော့တာပါပဲ။
အဲဒီမှာ သံဃာတော် (၂)ပါး ပျံလွန်တယ်။ ကျောင်းသား (၁)ဦး၊၊ ကျောင်းသူ (၁)ဦး ပွဲချင်းပြီး ကျဆုံးတယ်။ အခြား (၁၇)ဦး ဒဏ်ရာရခဲ့တယ်။ အသက် (၁၆)နှစ် (၁၇)နှစ်ခန့်ရှိတဲ့ ကိုရင်လေး ဇနိန္ဒဟာ ဒဏ်ရာ ပြင်း ထန်လို့ဆေးရုံ ခေါ်သွားစဉ် ယနေ့ထိပျောက်ဆုံးနေဆဲဖြစ်တယ်။ အာဏာရှင်တွေရဲ့ ဒီလိုလုပ်ရပ်နဲ့ပတ် သက်ပြီး ဗုဒ္ဓ ဘာသာ သံဃာတော်များက ဘာသာသာသနာအပေါ်မှာ စော်ကားမော်ကားလုပ်တာ ဖြစ်ကြောင်း ခံယူခဲ့ကြတယ်။
(၁) ဗုဒ္ဓကျမ်းစာ ဝိနယပါဠိတော်(၄)၊ စာမျက်နှာ (၂၆)မှာပဲကြည့်ကြည့်၊ သီလဝါပါဠိတော် အဌကထာ (၅)မှာပဲကြည့်ကြည့်၊ ဒီလိုပြုမူမှုအပေါ်
ဘာသာရေးသပိတ်မှောက်နိုင်တာကို တွေ့ရပါလိမ့်မယ်။ ပါဠိလိုတော့ ပတ္တနိက္ကူဇ္ဇကံလို့ ခေါ်တယ်။ ဒီလို ဗုဒ္ဓဘုရားရှင်ရဲ့ ခွင့်ပြုချက်နဲ့အညီ မြို့ကြီး (၇) မြို့က အစပြုပြီး သံဃာ(၂၀၀၀၀)ကျော်တို့က စတင်ပြီး ၂၇-၈-၉၀ နေ့မှာ ဘာသာရေးသပိတ်မှောက်ခဲ့ကြ
တယ်။ သိမ်ဝင်ကံဆောင်ခဲ့ကြတယ်။ ချက်ချင်းဆိုသလို တနိုင်ငံလုံးမှာလည်း အလားတူ သံဃာအားလုံး လိုလို သပိတ်မှောက် ကံဆောင်ခဲ့ကြတယ်။ အာဏာရှင်ကိုလည်းကောင်း၊ အာဏာရှင်နဲ့ ဆက်စပ်သူများ ကိုလည်း ကောင်း ပင့်ဖိတ်တာကို လက်မခံခြင်း၊ အလှူလက်ခံမှုမပြုခြင်း၊ မဆက်ဆံခြင်း စတဲ့ ဘာသာ ရေးဆိုင်ရာတွေကို ရပ်ဆိုင်းခဲ့ကြတယ်။ အာဏာရှင်တွေက (၃)ရက်အတွင်း သပိတ်လှန်ဖို့ရာဇသံ ပေးခဲ့ပေမယ့် ဘယ်သံဃာကမှ သပိတ်မလှန်ခဲ့ဘူး။ အာဏာရှင်တွေဟာ ဘုန်းတော်ကြီးကျောင်းမှန်သမျှ
ကို စစ်တပ်နဲ့ ဝိုင်းရံပိတ်ဆို့ပြီးတရကြမ်း အဓမ္မဝင်ရောက်ဖမ်းဆီးခဲ့တယ်။ သံဃာ (၃၀၀၀)ကျော် ဖမ်းဆီး ဖို့ စာရင်းထုတ်ပြန်ခဲ့တယ်။ ဖမ်းဆီးခံရတဲ့ သံဃာတော်တွေထဲမှာ ငယ်ရွယ်တဲ့စာသင်သား သံဃာတွေ သာမဟုတ်ဘူး။ ထင်ရှားတဲ့သက်တော်ရှည်ဆရာတော်ဘုရားကြီးများနဲ့ အကျော်အမော်ဆရာတော် ဘုရားကြီးများ ပါဝင်ခဲ့တယ်။
(၁) ဆရာတော် တိပိဋိကကဓက ဦးသုမင်္ဂလာဘိဝံသ (ဗုဒ္ဓဘုရားရှင်ဟောကြားတော်မူတဲ့ တရားအားလုံး ပိဋိကတ်သုံးပုံနုတ်တိုက် အာဂုံဆောင်ထားတဲ့ ဆရာတော်ဘုရားကြီး)
(၂) ဘံဒ္ဒနသနရာဇဓမ္မာဘိဝံသ (သံဃာသုံးထောင်နီးပါးခန့်ရှိတဲ့ စာသင်တိုက်ကြီးကိုစီမံအုပ်ချုပ်နေတဲ့ ဆရာတော်ဘုရားကြီး)
(၃) ဘဒ္ဒနသနကောဝိဒါဘိဝံသ (သံဃာ ၁˜၀၀၀ ကျော်ရှိတဲ့ စာသင်တိုက်ကို စီမံအုပ်ချုပ်နေတဲ့ ဆရာတော်ဘုရားကြီး)
(၄) ဘဒ္ဒနသန ထိလောကာဘိဝံသ (သံဃာ သုံးရာငါးဆယ်ကျော်ရှိတဲ့ စာသင်တိုက်ကို စီမံအုပ်ချုပ်နေတဲ့ ဆရာတော်ဘုရားကြီး)
(၅) မေဒီနီဆရာတော် (သံဃာ သုံးရာကျော်ရှိသော စာသင်တိုက်ကို စီမံအုပ်ချုပ်နေတဲ့ ဆရာတော် ဘုရားကြီး)
(၆) မဟာဗောဒိဆရာတော် (သံဃာနှစ်ရာခန့်ရှိသော စာသင်တိုက်ကို စီမံအုပ်ချုပ်နေတဲ့ ဆရာတော် ဘုရားကြီး)
(၇) ဘဒ္ဒနသနတလောက ရွှေဘုန်းပွင့်ဆရာတော် (နိုင်ငံကျော်ဓမ္မကတိက တရားဟောဆရာ)
(၈) ရွှေဟင်္သာတောရဆရာတော် (စစ်ကိုင်း)
(၉) ဦးရေဝတ ဥက္ကဋ္ဌ၊ သံဃသာမဂ္ဂီ၊ (သံဃာတသောင်းခန့်ကို ဦးဆောင်မပေးနေရတဲ့ ဆရာတော်) စတဲ့ ထင်ရှားတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီး (သံဃာ) အမြောက်အမြား ဖမ်းဆီးခံခဲ့ရတယ်။
အဲဒီလိုဖမ်းဆီးခံခဲ့ရတဲ့ သံဃာတော်များအထဲ သံဃာ(၄)ပါးအထိ ပျံလွန်တော်မူခဲ့ရပြီး၊ တချို့မှာ ထောင် ကထုတ်ပေးပြီးမှ ထောင်ထဲက ဒဏ်ချက်တွေကြောင့် ကျဆုံး ပျံလွန်တော်မူခဲ့ကြရတယ်။ ဒါ့ပြင် အဲဒီ့ ဖမ်းဆီးခံဆရာတော်တွေကို အကျဉ်းထောင်အတွင်း အတင်းအကျပ်လူဝတ်လဲပြီး အလုပ်ကြမ်းခိုင်း ခြင်း၊ စစ်မြေပြင်သို့ ပေါ်တာ ထည့်ပေးခြင်းတွေ လုပ်တယ်။ ရဲဘက်အလုပ်ကြမ်းစခန်းနဲ့ မြေပြင်ပေါ်တာ ထမ်းရာမှာ အမြောက်အမြားသေဆုံးခဲ့ကြရတယ်။ လန်ဒန်အခြေစိုက်နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ က စာရင်းဇယားများအရ ဖမ်းဆီးခံသံဃာ(၂၆၀)ကျော်ရှိကြောင်း ဖော်ပြခဲ့ပေမယ့် ရဟန်းပျိုသမဂ္ဂမှ သုံးထောင်နီးပါးခန့်ထိ ဖမ်းဆီးခံခဲ့ရကြောင်း ယုံကြည်တယ်။ အာဏာရှင်တွေက စာရင်းတိတိကျကျ ဖော်ပြတော့တာမရှိဘူး။ ဒီလိုဖြစ်ရတာဟာ ပြည်သူဘက်က ရပ်ခဲ့လို့ပါပဲ။ ဒါတွေဟာ ဗုဒ္ဓဘာသာသံဃာ တွေ နိုင်ငံရေးမှာ ရှားရှားပါးပါးပါဝင်ခဲ့တယ်ဆိုတဲ့ သာဓကတွေဖြစ်တယ်။
၁၉၉၇ ခု မန္တလေး မဟာမြတ်မုနိအရေးအခင်း
ဒါပေမယ့်လို့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကြိုးပမ်းမှုဟာ မပြီးဆုံးမရပ်တန့်သွားသေးဘူး။ အခြေအနေပေးရင် ပေးသလို ပေါ်ပေါက်လာတာကို တွေ့ရလိမ့်မယ်။ ဗုဒ္ဓဘာသာသံဃာတော်များရဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ မန္တလေးမဟာမြတ်မုနိအရေးအခင်းလည်း ပါဝင်ခဲ့တယ်လို့ ပြောချင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဏာရှင်တွေကို တုန်လှုပ်စေနိုင်ခဲ့လို့ပါပဲ။
အာဏာရှင်လုပ်သမျှခေါင်းငုံ့မခံဘဲ အမှန်တရားကိုဖော်ထုတ်ဖို့ အရှိအတိုင်း၊ အဖြစ်မှန်အတိုင်း သံဃာ တွေ ကြိုးပမ်းခဲ့တာလို့ဆိုနိုင်လိမ့်မယ်။ မန္တလေးမဟာမြတ်မုနိအရေးအခင်းဟာ ၁၉၉၇- ခုနှစ်မှာ ဖြစ်ပွား တယ်။ အာဏာရှင်တွေဟာ ဘာမဆို လက်ဝါးကြီး အုပ်ချင်တယ်။ အာဏာပြချင်တယ်။
ငါလုပ်တာ ကောင်းကောင်းဆိုးဆိုး ဘယ်သူမှလျှာမရှည်နဲ့ဆိုတဲ့သဘောနဲ့ မန္တလေး မဟာမြတ်မုနိ ဘုရားကြီးကို ကိုင်တွယ်ခဲ့တယ်။
ဘဏ္ဍာရေးလိုအပ်ချက်ကြောင့် စေတီပုထိုး၊ ဘုရားတန်ဆောင်းတွေကို ပြုပြင်သလို တည်ဆောက် သလိုနဲ့ တန်ဖိုးရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို တူးဖော် ထုတ်ယူ၊ ဖြုတ်ယူ၊ ခိုးယူလုပ်နေတဲ့သတင်းဆိုး
က သံဃာနဲ့ ပြည်သူတွေအကြားမှာ ပျံ့နှံနေတာကြာပါပြီ။ ဒါကြောင့်မို့လို့မဟာမြတ်မုနိဘုရားပြုပြင်ရေးမှာ အသေးစိတ် စောင့်ကြည့်နေကြတဲ့ သံဃာတွေက ဿုပ်ပွားတွေရဲ့ ဝမ်းဗိုက်တော်ထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ရှေးဟောင်း ပတ္တမြားမျက်ရှင်ကို ထုတ်ယူ ကြောင်း သိရှိခဲ့တာဖြစ်တယ်။
၁၉၉၇- ခု၊ မေလ ဒုတိယအပတ်မှာ သံဃာတော် (၈၀၀၀)ခန့် စုဝေးပြီး ပတ္တမြားမျက်ရှင် ခိုးယူမှုနဲ့ ပတ် သက်ပြီး အရေးပေါ်သံဃာ့အစည်းအဝေးပွဲတခု မန္တလေးမဟာ မြတ်မုနိရင်ပြင်တော်မှာပြုလုပ်ခဲ့ကြ
တယ်။
ဒီလှုပ်ရှားမှုကို မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ ထောက်လှမ်းရေး အမှတ်(၁)မှ ထောက်လှမ်းရေးတွေ က အာဏာရှင်ဆန့်ကျင်ရေး သံဃာလှုပ်ရှားမှုကြီးတခု ကြီးမားစွာပေါ်ပေါက်လာနိုင်ကြောင်းသိသွား
တော့ သူတို့(အာဏာရှင်)ဘက်ကို မြှားဦးမလှည့်ရအောင်ဆိုပြီး၊ ဗုဒ္ဓဘာသာ-မူဆလင်ဘာသာရေး ပဋိပက္ခ ချက်ချင်းဖန်တီးလိုက်ကြတယ်။
မူဆလင်ပလီကျောင်းတွေက မူဆလင်ဘုန်းကြီးတွေကိုအမြန်ဖယ်ရှားပြီး အရပ်သားအယောင်ဆောင် ထားတဲ့ထောက်လှမ်း ရေးတွေက ပလီကိုစောင့်ရှောက်နေကြပြီး ပလီရှိရာဦးတည်ချီတက်လာကြတဲ့ ဗုဒ္ဓဘာသာသံဃာတော်တွေကို သေသည်အထိ ရိုက်နှက်ရာက ပဋိပက္ခကျယ် ပြန့်သွားတယ်။ ပြီးတော့ မူမမှန်တဲ့ ကောလဟာလသတင်းတွေဖြန့်၊ စစ်သားတွေကို သံဃာအတုဖန်တီးပေးပြီး ပလီတွေကို ဖျက်ခိုင်း၊ အဲဒီသံဃာအတုတွေကိုလမ်းလျှောက်စကားပြောစက်တွေထုတ်ပေး …စသဖြင့် ပဋိပက္ခကို မီးထိုးပေးခဲ့တယ်။
ဒါကြောင့် သံဃာအများစုရဲ့ အာရုံဟာ အာဏာရှင်တွေဆီကိုမရောက်တော့ပဲ ဘာသာရေးပဋိပက္ခဆီကို ဦးလှည့်သွားတာ တွေ့ ရမယ်။ အာဏာရှင်တွေဟာ မူလဦးတည်ချက်ကို အဲဒီလိုဖျက်ဆီးလိုက်ပြီး ခေါင်း ဆောင်တဲ့၊ လိုချင်နေတဲ့သံဃာမှန်သမျှကို ဖမ်းဆီးခဲ့တာပါပဲ။ ထောက်လှမ်းရေးနဲ့ မီဒီယာကို ထိန်းချုပ် ထားနိုင်တော့ ဒီလို လိုသလိုဖန်တီးနိုင်တာဟာ မဆန်းပါဘူး။
သံဃာခေါင်းဆောင်တွေဟာ အာဏာရှင်တွေရဲ့ ဉာဏ်နီဉာဏ်နက်တွေကို အမြဲသတိထားနေရမယ်။ ဒီလိုလှုပ်ရှားမှုဟာ ဘာသာရေးပဋိပက္ခသာမဖြစ်ခဲ့ဘူးဆိုရင် ကျယ်ပြန့်တဲ့အာဏာရှင်ဆန့်ကျင်ရေး တနိုင်ငံလုံးဖြစ်ပေါ်လာနိုင်တယ်လို့ ယုံကြည်တယ်။
၉-၉-၉၉ လှုပ်ရှားမှုအပေါ် သုံးသပ်ချက်
ပြီးတော့ ဆက်တိုက်ဆိုသလို မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက်လှုပ်ရှားမှုစီမံချက်တွေ ရှိနေတယ်။ ၉-၉-၉၉- နေ့ကို (၉)လေးလုံးဆိုတဲ့လှုပ်ရှားမှုဟာလည်း ဒီမိုကရေစီကြိုးပမ်းမှုရဲ့မှတ်တိုင်တခုပမာဖြစ်နေခဲ့
တယ်။ သံဃာ့အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂဟာ ဒီလှုပ်ရှားမှုမှာ ရှေ့ တန်းက ပါဝင်ခဲ့တယ်။ ပြည်တွင်းလှုပ်ရှားမစီမံချက်တွေရေးဆွဲအကောင်အထည်ဖော်ခဲ့ကြသလို နိုင်ငံ တကာရင်ပြင်မှာလည်း
မီဒီယာတွေကတဆင့် ပြည်တွင်းလှုပ်ရှားမှုကို အထောက်အကူပြုခဲ့တယ်။
အာဏာရှင်တွေဟာ ဒီ ၉-၉-၉၉- နေ့ ကိုးလေးလုံးလှုပ်ရှားမှုကို အာဏာတင်မက ယတြာတွေ၊ အယောင် ဆောင်တွေသုံးပြီး တားဆီးကာကွယ်ခဲ့ရတယ်။ အကျဉ်းထောင်တွေထဲက ခေါင်းဆောင်နိုင်တဲ့အကျဉ်း
သားတွေကို ထောင်ပြောင်းရွှေ့တာတွေ၊ ထိမ်းချုပ်ထားတဲ့မီဒီယာတွေကတဆင့် ၉-လေးလုံးလှုပ်ရှားမှု ကို မပါဝင်ကြစေဖို့ လှုံ့ဆော်နေတာတွေ၊ ခေါင်းဆောင်နိုင်တဲ့လူတွေကိုလည်း လိုက်လံဖမ်းဆီးမှုတွေမှာ ဗုဒ္ဓဘာသာသံဃာတော်တွေဟာ အထင်အရှားပါဝင်ခဲ့တယ်။ ဒီလှုပ်ရှားမဟာ အာဏာရှင်တွေကို မဖယ် ရှားပစ်နိုင်ခဲ့ပေမယ့်တုန်လှုပ်စေခဲ့တာကတော့ အမှန်ပဲ။
တွေ့ဆုံဆွေးနွေးရေအပေါ် သံဃာ့ဖိအား
ကိုးလေးလုံးလှုပ်ရှားမှု ဖြစ်ပေါခဲ့ပြီးနောက် “တွေ့ဆုံဆွေးနွေးပွဲ တောင်းဆိုမှုလှုပ်ရှားမှုတွေ သက္ကရာဇ် (၂၀၀၀) ပြည့်နှစ်မှာ ပေါ်ပေါက်ခဲ့တယ်။ အဓိကအားဖြင့်ကတော့ ဒီတောင်းဆိုမတွေဟာ ဗုဒ္ဓဘာသာ သံဃာတော်များက အများဆုံးတောင်းဆိုခဲ့တဲ့အရေးပါပဲ။
အဲဒီအထဲမှာ ထင်ရှားတဲ့ဆရာတော်ကြီးတွေ၊ နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဝင် ဆရာတော်တွေ၊ သံဃသာမဂ္ဂီနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂ ပါဝင်ခဲ့တယ်။ မေလလောက်မှာ ပိုပြီးပြင်းထန်ခဲ့ တယ်။ ဒီလှုပ်ရှားမှုရဲ့ အစီစဉ်ကတော့ “တောင်းဆိုချက်တွေကိုမလိုက်လျောနိုင်ဘူးဆိုရင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းတွေကို လူစုလူဝေးပြုလုပ်ပြီး၊ သပိတ်စခန်း (စုဝေးဆန္ဒပြနေရာ) အဖြစ်ပြုလုပ် ပြီးအခြေအနေပေးလာပါက ရန်ကုန်မြို့သို့ နေရာသုံးခုမှ စတင်ပြီး ချီတက်ဆန္ဒပြမယ်” စသဖြင့် သံဃာ တော်များက ကြေညာထားခဲ့တယ်။
အာဏာရှင်တွေက သတင်းစားရှင်းလင်းပွဲပြုလုပ်ပြီး ချေဖျက်ဖို့ကြိုးစားခဲ့သလို ခေါင်းဆောင်လှုပ်ရှား နေကြတဲ့ သံဃာတော်(၁၀၀)ခန့်နဲ့ ကျောင်းသားလူငယ် အများအပြားကိုလည်း ဖမ်းဆီးထောင်ချခဲ့ တယ်။ တယ်လီဖုန်းလိုင်းတွေဖြတ်တောက်ပစ်ပြီး၊ သံဃာတော်များခရီးသွားလာမှု၊
စုဝေးမှုမပြုလုပ်ရန် တားမြစ်ပိတ်ပင်ခဲ့တယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂမှ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ အဆိုပါ ပြည်တွင်းအခြေအနေနဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြန်လည်ချေပခဲ့တယ်။
စစ်အာဏာရှင်တွေနဲ့လည်း အခြေအတင်ပြောဆိုမှုတွေရှိခဲ့ပြီး ပြည်ပလှုပ်ရှားမှုတွေကိုလည်း တိုးမြှင့် လုပ်ဆောင်ခဲ့တယ်။ ဒီလှုပ်ရှားမှုတွေဟာ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မကွေး၊ တောင်ကြီး၊ ပဲခူး၊ ပြည်၊ တောင်ငူ၊ မော်လမြိုင်နဲ့ တနင်္သာရီဒေသတွေမှာ ထင်ထင်ရှားရှားလှုပ်ရှားမှုတွေဖြစ်ခဲ့တယ်။
အာဏာရှင်တွေဟာ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလမှာ တွေ့ဆုံဆွေးနွေးနေပြီဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့ရတယ်။ နောက်တော့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ရာဇလီအစ္စမေး(လ်)ကို စေလွှတ်ပြီး မြန်မာနိုင်ငံအရေးဆောင်ရွက်ခဲ့ရတဲ့အထိ ကျယ်ပြန့်ခဲ့တာ တွေ့ရှိရ
တယ်။ ယနေ့ထိ အဲဒီတောင်းဆိုမှု၊ ဆွေးနွေးမှုဟာ မရပ်တန့်သေးဘဲ ရှင်သန်နေဆဲဖြစ်တယ်။
ဆိုလိုတာက မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသံဃာတွေဟာ လိုလျင်လိုအပ်သလို ပြည်သူဘက်က ရပ်တည်၊ မမှန်တာကို မမှန်သလို ထောက်ပြလေ့ရှိတယ်။ ကိုယ်ကျိုးစွန့်ပြီးအနစ်နာခံကြလေ့ရှိတယ်ဆိုတာပါပဲ။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကြိုးပမ်းမှုအတွင်း အသက်ဆုံးရှုံးပျံလွန်တော်မူခဲ့ရသည့် ဗုဒ္ဓဘာသာ သံဃာတော်များ
ဒီလို ဒီမိုကရေစီကြိုးပမ်းမှုမှာ ၁၉၈၈- ခုနှစ်လောက်ကစပြီး အသက်စွန့်လွှတ်သွားကြရတဲ့ ဗုဒ္ဓဘာသာ သံဃာအာဇာနည် အများအပြားအနက် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂကနေပြီးတော့ မှတ်တမ်း တင်နိုင်ခဲ့တာကတော့ အောက်ပါအတိုင်းဖြစ်တယ်။
(၁) ဆရာတော် ဦးဇောတ မ္မကတိက) အင်းစိန်အကျဉ်းထောင်၊
(၂) ဦးကာဝိယ ဂဠုန်နီသံဃာ့အဖွဲ့ချုပ် ဥက္ကဋ္ဌ မန္တလေး
(၃) ဦးရေဝတ သံဃာ့သာမဂ္ဂီ ဥက္ကဋ္ဌ မန္တလေးထောင်
(၄) ဦးအာစာရ ရဟန်းပျိုသမဂ္ဂ သရက်အကျဉ်းထောင်
(၅) ဦးဣန္ဒက ကွန်းဟိန်း ရှမ်းပြည်
(၆) အရှင် ဝေပုလ္လရဟန်းပျိုသမဂ္ဂ (ရန်ကုန်)
(၇) အရှင်ဥတ္တမ ရဟန်းပျိုသမဂ္ဂ (ရန်ကုန်)
(၈) အရှင်ပုည ရဟန်းပျို သမဂ္ဂ (မုဒုံ)
(၉) ကျွန်းတောကျောင်းဆရာတော် (ကရင်ပြည်နယ်)
(၁၀) ရှင်ဇနိနသန မန္တလေး
(၁၁) အရှင်ကုမာရ ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) စသည်တို့ ဖြစ်တယ်။