Breaking News

ဒေါက်တာသိန်းလွင် - နယူးကာဆယ်တက္ကသိုလ်ကျောင်းသား



ဒေါက်တာသိန်းလွင် - နယူးကာဆယ်တက္ကသိုလ်ကျောင်းသား

(မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၂၀

မိတ်ဆွေ သူငယ်ချင်းများအတွက် ရေးသောစာ အပိုင်း (၁၂)
နယူးကာဆယ်တက္ကသိုလ်ကျောင်းသား

ကျနော် နယူးကာဆယ်တက္ကသိုလ်မှာ ကျောင်းတက်တုန်းက အတွေ့အကြုံတွေ ရေးထားပါတယ်။ ပညာရပ်ပိုင်းဆိုင်ရာတွေကတော့ ပျင်းစရာ ဖြစ်မှာမို့ မရေးပါဘူး။ နေရာဒေသအကြောင်း၊ လူတွေအကြောင်းနဲ့ ကျနော် ဆင်ခြင်မိတာလေးတွေကို ရေးထားပါတယ်။

ဓါတ်ပုံတွေကတော့ ဒါဖိုဒီး (daffodil) ပန်းတွေဝေနေတဲ့ နယူးကာဆယ်တက္ကသိုလ်၊ ဘွဲ့လက်မှတ်နဲ့ ဘွဲ့ယူတဲ့ဓါတ်ပုံ ဖြစ်ပါတယ်။

ဒေါက်တာသိန်းလွင်
၂၀၂၀ စက်တင်ဘာလ ၁၇ ရက်။

နယူးကာဆယ်တက္ကသိုလ်ကျောင်းသား

​၁၉၉၅ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ နယူးကာဆယ်မြို့ကို ကျွန်တော်ရောက်ခဲ့ပါတယ်။ ကင်းဝန်မင်းကြီးရဲ့ မှတ်တမ်းတွေထဲမှာ နယူးကာဆယ်ရောက် မှတ်တမ်း ပါဝင်ပါတယ်။ နယူးကာဆယ်ပင်လယ်ဆိပ်ကမ်းက သင်္ဘောကျင်းတွေကို သွားရောက်လေ့လာခဲ့တာလို့မှတ်သားမိပါတယ်။ နယူးကာဆယ်မြို့ဟာ ရှေးခေတ် ကတည်းက မြန်မာနိုင်ငံသားတွေ ပညာဆည်းပူးရာနေရာ ဖြစ်ခဲ့ပါလားလို့တွေးမိပါတယ်။

​နယူးကာဆယ်မြို့ဟာ အင်္ဂလန်ကျွန်းရဲ့ အရှေ့မြောက်ဘက် ပင်လယ်ကမ်းခြေနဲ့ နီးပါတယ်။ လန်ဒန်ကနေ စကော့တလန်ကိုသွားတဲ့ ရထားလမ်းပေါ်မှာ ရှိပါတယ်။ စကော့တလန်နဲ့ ပိုနီးပါတယ်။ အမြန်ရထားနဲ့ လန်ဒန်ကို ၃ နာရီ စီးရပြီး စကော့တလန်မြို့တော် အီဒင်ဘာရာကို တစ်နာရီခန့်သာစီးရပါတယ်။ ပင်လယ်ထဲကို စီးဝင်တဲ့ တိုင်းမြစ် (Tyne) ပေါ်မှာ မြို့ကို တည်ထားပါတယ်။ ပင်လယ်ရှု့ခင်းတွေ တောင်ကုန်းအနိမ့်အမြင့်တွေနဲ့ သာယာလှပတဲ့ မြို့ကလေးဖြစ်ပါတယ်။ လူနေကျဲပြီး အထပ်မြင့် အဆောက်အဦးတွေလဲ နည်းပါတယ်။

​ဒေသခံတွေက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းတွေနဲ့ အသက်မွေးကြပါတယ်။ အားကစားလည်း ထူးချွန်ကြပါတယ်။ နယူးကာဆယ်ဘောလုံးအသင်းက ကမ္ဘာကျော်ပါတယ်။ မြို့မှာဘောလုံးကွင်း အကြီးကြီးရှိပါတယ်။ နယူးကာဆယ်ဘောလုံးအသင်းနဲ့ အခြားအသင်း ကန်တဲ့နေ့ဆိုရင် နယူးကာဆယ် တနယ်လုံးကလူတွေ နယူးကာဆယ်ဘောလုံးအသင်းဝတ်စုံဖြစ်တဲ့ အနက်ပေါ် မှာ အဖြူစင်းနဲ့ အင်္ကျီတွေဝတ်ပြီးအားပေးကြပါတယ်။ ဘောလုံးကွင်း မဆန့်လို့ ဘီယာဆိုင်တွေမှာလည်း လူအပြည့် TV ကနေ အားပေးကြပါတယ်။ ဒေသထွက် အညိုရောင် Newcastle Brown Ale ဘီယာကလည်း နာမည်ကျော်ပါတယ်။ လူတိုင်းလိုလို ဘီယာသောက်ကြပါတယ်။

​နယူးကာဆယ်ဒေသခံတွေက သူတို့ကိုယ်သူတို့ ဂျော်ဒီ (Geordie) လို့ခေါ်ပါတယ်။ နယူးကာဆယ်သားတွေ ပြောတဲ့အင်္ဂလိပ်စကားနဲ့ လန်ဒန်သားတွေပြောတဲ့ စကားတွေမှာ အသုံးအနှုံးနဲ့ လေသံကွာခြားပါတယ်။ ဂျော်ဒီတွေက အလွန်သဘောကောင်ပြီး ကူညီတတ်ပါတယ်။

​နယူးကာဆယ်က မြို့ငယ်ပေမယ့် တက္ကသိုလ် ၃ ကျောင်း ရှိပါတယ်။ ဘူတာနဲ့ စျေးလမ်းမှာ နိုင်ငံတကာကလာတဲ့ ကျောင်းသားတွေနဲ့ စည်ကားနေတတ်ပါတယ်။ ကျွန်တော်တက်တဲ့ တက္ကသိုလ်ကို University of Newcastle Upon Tyne လို့ခေါ်ပါတယ်။ မြို့ကိုဖြတ်စီးသွားတဲ့ Tyne မြစ်ကို အစွဲပြုတာလည််းဖြစ်ပြီး သြစတေးလျနိုင်ငံက University of Newcastle နဲ့ ကွဲပြားအောင် အမည်ပေးတာလည်း ဖြစ်နိုင်ပါတယ်။

နယူးကာဆယ်တက္ကသိုလ်က Red Brick လို့ခေါ်တဲ့ အုတ်ခဲအနီရောင်တွေနဲ့ တည်ဆောက်ထားတဲ့ ရှေးဟောင်းတက္ကသိုလ်ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၈၀ ကျော်၊ ၁၈၃၄ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဆေးပညာဌာန၊ စိုက်ပျိုးရေးဌာန၊ အင်ဂျင်နီယာဌာန၊ လူမှုသိပ္ပံဌာန၊ သဘာဝသိပ္ပံဌာန၊ ပညာရေးဌာန အစရှိတဲ့ ဘာသာရပ်များစွာ ဆည်းပူးနိုင်တဲ့ တက္ကသိုလ်ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ နိုင်ငံတကာ ကျောင်းသား ၂သောင်း ၅ထောင်ကျော် ပညာဆည်းပူးတဲ့ တက္ကသိုလ် ဖြစ်ပါတယ်။

​ဂျာမဏီမှ လာတဲ့နေ့က Düsseldorf လေဆိပ်ကို သူငယ်ချင်း ကိုချိုဝင်း လိုက်ပို့ပါတယ်။ နယူးကာဆယ်လေဆိပ်ကို ညနေခင်းရောက်ပြီး အဆာင်ကိုအလျင်သွားပါတယ်။ နောက်တစ်နေ့ မနက်စောစောထပြီး ကျောင်းကိုသွားပါတယ်။ ကျွန်တော်နေခွင့်ရတဲ့ အဆောင်ကနေ ကျောင်းဝင်းကို ဆယ်မိနစ် ကျော်ကျော် လမ်းလျှောက်ရပါတယ်။

ကျောင်းဝင်းထဲမှာ အဝါရောင် ဒါဖိုဒီး (daffodil) ပန်းတွေ မြေကြီးကနေ ထိုးထွက်နေပြီး ငွါးငွါးစွင့်စွင့် ပွင့်နေပါတယ်။ ဒါဖိုဒီးပန်းတွေအပေါ် လူတွေရဲ့ အမြင်က ကြံ့ကြံ့ခံခြင်း၊ ပြန်လည်ရှင်သန်ခြင်း၊ အသစ်တဖန်မွေးဖွားခြင်း လို့အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ဒါဖိုဒီးပန်းတွေကို မြင်တော့ ရင်ထဲမှာ အမျိုးအမည်မဖေါ်ပြတတ်တဲ့ ခံစားမှုတစ်ခုရပါတယ်။ ဆင်းရဲသားလယ်သမားမိသားစုက မွေးဖွားလာတဲ့သူ၊ အစိုးရကို ဝေဖန်လို့ ကျောင်းထုတ်ခံရသူ၊ အခု အင်္ဂလန်တက္ကသိုလ်မှာ ပညာသင်ယူခွင့် ရပါလားဆိုတဲ့ ဝမ်းသာပီတိကြောင့် ကြက်သီးတွေဖျန်းကနဲ ထသွားပါတယ်။ ဘဝသစ်တစ်ခုကို စတင်လိုက်တယ်လို့ ဆိုရမယ် ထင်ပါတယ်။

နိုင်ငံတကာပညာရေးလေ့လာရေးဌာန

​တက္ကသိုလ်ရဲ့ ပညာရေးမဟာဋ္ဌာနကြီးရဲ့အောက်မှာ နိုင်ငံတကာ ပညာရေးလေ့လာရေးဋ္ဌာန Center for International Studies in Education (CISE) ရှိပါတယ်။ ကျွန်တော် CISE မှာ သွားသတင်းပို့ပါတယ်။ အရင်နှစ်က ကျောင်းဝင်ခွင့်ရပြီးမှ ဗီဇာမရလို့ ခုနှစ်မှ ရောက်လာတဲ့ ကျွန်တော့်ကို ဋ္ဌာနက သိနေကြပါတယ်။ ဆရာ ဆရာမတွေရော ရုံးဝန်ထမ်းတွေရော နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ သူတို့ရဲ့နွေးထွေးမှုက ကျွန်တော်နဲ့ တက္ကသိုလ်နဲ့ ပိုပြီးနီးကပ်သွားစေပါတယ်။

​CISE မှာကျွန်တော်နဲ့ တစ်နှစ်ထဲတက်ရမယ့် ကျောင်းသား တွေထဲမှာ အာဖရိကန်တွေနဲ့ အာရှက ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မလေးရှားနဲ့ ထိုင်းက ကျောင်းသားတွေပါဝင်ပါတယ်။ အာဖရိကန်တွေထဲမှာ ဘော့စဝါနာ (Botswana) နိုင်ငံက ပိုများပါတယ်။ ဘော့စဝါနာက စိန်တွင်းတွေနဲ့ စီးပွားရေးတက်လာပြီး နိုင်ငံသားအများအပြားကို ပညာတော်သင်စေလွှတ်ပါတယ််။ ကျောင်းဆရာအများအပြားကိုလည်း ပညာတော်သင်လွှတ်ပါတယ်။ ကျွန်တော်နဲ့ အတန်းဖော်တွေက ကျောင်းဆရာ၊ ဆရာမတွေပါ။ ထိုင်းနိုင်ငံကလည်း ကမ္ဘာ့တိုက်အသီးသီးက နိုင်ငံအများအပြားကို အစိုးရစရိတ်နဲ့ ပညာတော်သင်စေလွှတ်ကြောင်း ထိုင်းကျောင်းသားတွေဆီက သိရပါတယ်။ နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးတွေအတွက် ရည်ရွယ်ပုံရပါတယ်။ နယူးကာဆယ်တက္ကသိုလ်မှာ အဲ့ဒီနှစ်က မြန်မာနိုင်ငံသား ကျွန်တော်တစ်ဦးတည်းသာရှိပါတယ်။

​တက္ကသိုလ်က နိုင်ငံတကာကျောင်းသားတွေနဲ့ မိတ်ဆက်တာကို အလေးထားဆောင်ရွက်ပါတယ်။ ဌာနတစ်ခုချင်းစီမှာလည်း ပါမောက္ခတွေ၊ ကထိကတွေက အစားအသောက်တည်ခင်းပြီး ကြိုဆိုနှုတ်ခွန်းဆက် စကားပြောပါတယ်။ ဌာနအကြောင်းလည်း ရှင်းပြပါတယ်။ တက္ကသိုလ်တစ်ခုလုံးရဲ့နိုင်ငံတကာကျောင်းသားတွေကို တက္ကသိုလ်အဓိပတိက ကြိုဆို၊ နှုတ်ခွန်းဆက်စကားပြောပြီး ညစာနဲ့တည်ခင်းဧည့်ခံပါတယ်။ အဓိပတိရဲ့ မိန့်ခွန်းထဲမှာ “ပညာသင်ယူရာမှာ အတွေးအခေါ်လွတ်လပ်ဖို့၊ လွတ်လပ်စွာတွေးခေါ်စဉ်းစားဖို့” ဆိုတာ ထည့်သွင်းပြောကြားပါတယ်။

​ညစာစားတော့ အာရှကကျောင်းသားတွေ အချင်းချင်း နှုတ်ဆက်ကြပြီး ထမင်းဝိုင်းမှာ အတူထိုင်ကြပါတယ်။ကျွန်တော်ထိုင်တဲ့ဝိုင်းမှာ စင်္ကာပူနဲ့ မလေးရှားက ကျောင်းသားတွေ ပါဝင်ပါတယ်။ စင်္ကာပူကျောင်းသားလေးတစ်ယောက်က ကွန်ပျူတာသိပ္ပံဘာသာရပ် လာတက်တာပါ။ သူက ကျွန်တော်တက်မယ့်ဘာသာရပ်အကြောင်း၊ မြန်မာနိုင်ငံအကြောင်းတွေ မေးပြီးတော့ ကောက်ခါငင်ခါ “ခင်ဗျားအသက်ဘယ်လောက်ရှိပြီလဲ” လို့ မေးပါတယ်။ ကျွန်တော်က ၄၂ လို့ပြောတော့ “ဟာ ကျွန်တော့်အဖေနဲ့ ရွယ်တူပဲ” လို့ သူက တအံ့တသြပြောပါတယ်။ ကျွန်တော်တော်တော်လေး နေရထိုင်ရ ခက်သွားပါတယ်။ အသက်ကြီးမှ ကျောင်းလာတက်ရတာ လူငယ်တွေကြားမှာ ကတိကအောင့်နိုင်ပါတယ်။

​တက္ကသိုလ်ရဲ့အစီအစဉ်နဲ့ ကျွန်တော်တို့ နိုင်ငံတကာကျောင်းသားတွေကို ဘတ်စ်ကားကြီးတွေနဲ့ နယူးကာဆယ်မြို့ရဲ့ ထင်ရှားတဲ့နေရာတွေ၊ ပြတိုက်တွေကို လိုက်ပို့ပါတယ်။ စကော့တလန်ရဲ့မြို့တော် အီဒင်ဘာရာကိုလည်း လိုက်ပို့ပါတယ်။ အီဒင်ဘာရာ (Edinburgh) ကတောင်ပေါ်မြို့ဖြစ်ပါတယ်။ မြို့လယ်မှာ လှပတဲ့ ကျောက်တောင်ကြီး တည်ရှိပါတယ်။ ခန်းနားထည်ဝါတဲ့ အဆောက်အဦးတွေနဲ့မို့ မြန်မာပြည်ကလာသူအဖို့ နတ်ဘုံနတ်နန်းနဲ့တောင် တူသယောင် ထင်မိပါတယ်။

လူထုဘဝနေထိုင်မှုပြတိုက် (Beamish Museum)

​ရောက်ခဲ့တဲ့ပြတိုက်တွေထဲမှာ အကြိုက်ဆုံးက Beamish Museum ဖြစ်ပါတယ်။ နယူးကာဆယ်မြို့နဲ့ သိပ်မဝေးလှတဲ့ ဒါရမ် (Durham) မြို့အနီးမှာတည်ရှိပါတယ်။ ကွင်းပြင်ကျယ်ကြီးကို ပြတိုက်အဖြစ် ဖန်တည်းထားတာပါ။ အင်္ဂလန် အရှေ့မြောက်ပိုင်းကလူတွေရဲ့ နေ့စဉ်ဘဝကိုဖေါ်ပြပါတယ်။ ၂၀ရာစု အစောပိုင်းကာလက ဒေသခံတွေရဲ့နေထိုင်မှုဘဝကို ပြထားတာပါ။ အိမ်တွေ၊ အဆောက်အဦးတွေက အဲ့ဒီခေတ်ကပုံစံအတိုင်း ဆောက်ထားပါတယ်။ စာသင်ကျောင်းတွေ ဆိုရင် စာသင်ခန်းနဲ့ ကျောင်းသားထိုင်ခုံတွေ၊ စာအုပ်တွေ၊ ကျောက်သင်ပုန်းတွေလည်း ပြထားပါတယ်။ လယ်ကွင်းတွေ၊ ကြက်၊ ဘဲမွေးမြူရေးခြံတွေလဲ ပါဝင်ပါတယ်။ ပြတိုက်ကလူတွေကလဲ အဲ့ဒီခေတ်ကအဝတ်အစားတွေပဲ ဝတ်ထားကြပါတယ်။

​ပြတိုက်တာဝန်ရှိသူတစ်ဦးက ပြတိုက်ရဲ့ ရည်ရွယ်ချက်နဲ့ နောက်ခံအယူအဆကို ရှင်းပြပါတယ််။ အင်္ဂလန်က အာရှ၊ အာဖရိကနိုင်ငံတွေကို နယ်ချဲ့ပြီး နေမဝင်အင်ပါယာထူထောင်နေတဲ့အချိန်မှာ သာမန်အရပ်သူ၊ အရပ်သားတွေဘယ်လိုနေထိုင်၊ လုပ်ကိုင်၊ စားသောက်ကြတယ်ဆိုတာကို သိစေချင်တာလို့ ဆိုပါတယ်။ အင်္ဂလန်ရဲ့ နယ်ချဲ့ စနစ်ဟာ အုပ်ချုပ်သူတွေရဲ့ ဆောင်ရွက်ချက်သာဖြစ်ပြီး သာမန်ပြည်သူပြည်သားတွေက နယ်ချဲ့စနစ်နဲ့ မသက်ဆိုင်ကြောင်း ဖော်ပြချင်တာဖြစ်ပါတယ်။ တခြားပြတိုက်တွေနဲ့ ဖော်ပြပုံရော ရည်ရွယ်ချက်ရော ကွာပါတယ်။ ကျွန်တော်အရင်က ရောက်ခဲ့ဖူးတဲ့ ပြတိုက်တွေမှာ ရှေးဘုရင်တွေရဲ့ ချပ်ဝတ်တံဆာတွေ၊ သံလျှက်တော်တွေ၊ကျောက်သံပတ္တမြားတွေစီချယ်ထားတဲ့ သရဖူတွေ၊ ပုလင်တော်တွေနဲ့ ခန်းနားကြီးကျယ်ပုံတွေကို ထည်ထည်ဝါဝါပြထားကြပါတယ်။ Beamish Museum က သာမန်လူတွေရဲ့ နေ့စဉ်ဘဝကိုဖော်ပြပါတယ်။

​Beamish Museum ရောက်ပြီးတော့ အင်္ဂလန်နဲ့ အင်္ဂလိပ်တွေအပေါ် ကျွန်တော်ရဲ့အမြင်ပြောင်းလဲလာပါတယ််။ အရင်က အင်္ဂလိပ်လူမျိုးတွေနဲ့ တခုခုအဆင်မပြေတဲ့အခါ မျိုးချစ်စိတ် ကြွလာသလို ဖြစ်ဖြစ်လာပါတယ်။ ငါတို့နိုင်ငံကို ကျူးကျော်ခဲ့သူတွေဆိုတဲ့ အတွေးပေါ်လာပါတယ်။ ခုတော့နယ်ချဲ့စနစ်နဲ့ လူမျိုးနဲ့ ခွဲခြားပြီးမြင်လာပါတယ်။

နယူးကာဆယ်မှမိတ်ဆွေများ

​နယူးကာဆယ်က ဂျော်ဒီတွေဟာ အလွန် သဘောကောင်းပါတယ်။ ကျွန်တော်နဲ့ရော အခြားကျောင်းသားတွေနဲ့ပါခင်မင်သူက Mr. Alan McKenzie ဖြစ်ပါတယ်။ အင်ဂျင်နီယာဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေရက်တွေမှာ ကျွန်တော်တို့နေတဲ့ ကျောင်းဆောင်ကို လာလည်လေ့ရှိပါတယ်။ ကျောင်းသားတွေကို ရွာတွေ၊ စိုက်ခင်းတွေနဲ့ ပင်လယ်ကမ်းခြေကို သူ့ကားနဲ့ လိုက်ပို့ပါတယ်။ ညနေစောင်းရင် ပင်လယ်ကမ်းခြေမှာ ပင်လယ်ငါးကြော်နဲ့ အာလူးကျော် (Fish & Chips) ကျွေး၊ ဘီယာ ပါတိုက်ပြီး အဆောင်ပြန်ပို့ပါတယ်။

​သူနေတဲ့ရွာမှာ ဒုတိယကမ္ဘာစစ်တုန်းက မြန်မာပြည် စစ်မြေပြင်မှာ တာဝန်ကျဖူးတဲ့စစ်သားဟောင်းကြီးတစ်ယောက်ရှိပါတယ်။ Alan က ကျွန်တော့်ကို သူ့ဆီခေါ်သွားတော့ အတော်ဝမ်းသာပုံရပါတယ်။ သူမြန်မာစစ်မြေပြင်ရောက်ခဲ့ကြောင်း သူတို့တပ်တွေ ဘယ်ရွာမှာ စခန်းချ၊ ဘယ်တွေကို ချီတက်ကြတယ်ဆိုတာတွေ အားရပါးရ ပြောပြပါတယ်။ မြန်မာပြည်ကို လွမ်းနေပုံရပါတယ်။ သူတို့တပ်က မြန်မာပြည်ကို လွတ်လပ်ရေး ရစေချင်သူတွေပါ။ စစ်ပြီးလို့ အင်္ဂလန်ပြန်ရောက်တော့ သူတို့ မြန်မာပြည် စစ်မြေပြင်မှာ တာဝန်ကျခဲ့သူတွေစုပြီး Burma Star ဆိုတဲ့ အဖွဲ့ငယ်လေး ဖွဲ့ထားပါတယ်။ သူတို့အချင်းချင်း ရိုင်းပင်းကူကြ၊ တစ်နှစ်တစ်ခါပြန်ဆုံကြပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြပါတယ်။

​Alan က ကျွန်တော့်ကို James Mawsley ရဲ့ အမေဆီကိုလည်း ခေါ်သွားပါတယ်။ Jame က ၁၉၉၃-၁၉၉၄ ကာလလောက်က ထိုင်းမြန်မာနယ်စပ်ကိုလာပြီး ဒုက္ခသည်တွေကို ကူညီပါတယ်။ နယ်စပ်က ကျောင်းတွေမှာလည်းအင်္ဂလိပ်စာ သင်ပေးပါတယ်။ နယ်စပ်က ကျောင်းတချို့ကို မီးရှို့ဖျက်ဆီးခံရတဲ့အပေါ် မကျေနပ်ဖြစ်ပြီး ရန်ကုန်ကို သွားဆန္ဒပြလို့ အဖမ်း ခံထားရသူပါ။ ကျွန်တော် ရောက်တဲ့အချိန်က James က အင်းစိန်ထောင်မှာပဲ ရှိနေပါသေးတယ်။ James ရဲ့အမေကို မြန်မာပြည်အကြောင်း ပြောပြပြီး သူ့သားကို မြန်မာပြည်သူပြည်သားတွေက ကျေးဇူးတင်ကြောင်းနဲ့ အားပေးစကား ပြောခဲ့ပါတယ်။ ခုတော့ James က ကက်သလစ်ဘုန်းတော်ကြီးဖြစ်နေပါပြီ။

​နယူးကာဆယ်ပတ်ဝန်းကျင်မှာ နေထိုင်အလုပ်လုပ်နေကြတဲ့ မြန်မာပြည်သား ဆရာဝန် ၃ဦး နဲ့လည်း အဆက်အသွယ် ရပါတယ်။ Alan ကပြောတယ် “လမ်းမှာ မြန်မာပြည်သားတွေ့လို့ ဆရာဝန်လား” လို့မေးရင် ဆယ်ယောက်မှာ ရှစ်ယောက် မှန်တယ်လို့ပြောပါတယ်။ အရင်က မြန်မာနိုင်ငံ ဆေးတက္ကသိုလ်ကို အင်္ဂလန်ကအသိအမှတ်ပြုတာမို့ မြန်မာဆရာဝန်တွေ အင်္ဂလန်မှာ အလုပ်ရကြပါတယ်။ နောက်ပိုင်းတော့ တိုက်ရိုက်မခန့်တော့ပဲ အရည်အချင်းစစ်စာမေးပွဲအောင်မှ သာခန့်ပါတယ်။ ခုတော့ သူတို့ဆီမှာ ကျောင်းပြန်တက်ပြီးမှ အင်္ဂလန်တက္ကသိုလ်က ဘွဲ့ရမှသာခန့်ပါတော့တယ်။

​နယူးကာဆယ်ရဲ့ သောကြာ၊ စနေ၊ ညနေခင်းတွေက အတော်စည်ကားပါတယ်။ ဘီယာဆိုင်တွေ၊ Night Club တွေမှာ မြို့သူမြို့သားတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပြည့်နေတတ်ပါတယ်။ တစ်ဆိုင်ပြီးတစ်ဆိုင် လှည့်သောက်ကြ၊ ကကြနဲ့ ပျော်ကြပါတယ်။ ကျွန်တော်တို့ အာရှသားတွေကတော့ အဲ့ဒီ Night Club တွေဖက် မလှည့်ကြပါဘူး။ တပတ်တခါလောက် အဆောင်မှာဆုံကြပြီး အလှည့်ကျ ချက်စားကြပါတယ်။ အိန္ဒိယအစာ​၊ ထိုင်းအစာ၊ ကိုးရီးယားအစာ၊ ဂျပန်အစာ၊ မြန်မာအစားအစာ တလှည့်စီ ချက်ကြပါတယ်။ ပျော်ကြပါတယ်။
​အပျော်အပါးနဲ့ ပညာသင်ကြားရေး ကြားမှာ ချိန်ဆပြီးနေရပါတယ်။ အိန္ဒိယခေါင်းဆောင်နေရူး ထောင်ထဲမှာရှိစဉ်က သမီးအင်ဒရာဂန္ဒီဆီ ရေးတဲ့ “ချစ်သမီးသို့ပေးစာ” ထဲမှာ ပုံပြင်လေးတစ်ခုဖတ်ဖူး ပါတယ်။

ရှေးအခါက ဖခင်ဖြစ်သူက သူ့သားကို ပညာရှိတစ်ဦးထံ စေလွှတ်ပြီး ဘဝနေထိုင်နည်းကို သင်ယူဖို့ မှာလိုက်ပါတယ်။ တောတွေ၊ တောင်တွေဖြတ်သန်း ခရီးနှင်ပြီး ပညာရှိထံ ရောက်တဲ့အခါ သူ့ဖခင် မှာကြားလိုက်တာကို ပြောပြပါတယ်။ ပညာရှိကြီးက “ကောင်းပြီ၊ မင်းကို ဘဝနေထိုင်နည်း သင်မပေးခင် ငါ့ရဲ့ဥယျာဉ်ထဲကို လှည့်လည်ကြည့်ရှုစေချင်တယ်”။ “ဒီဇွန်းလေးကိုကိုက်သွား” ဆိုပြီး ဇွန်းထဲမှာ ဆီထည့်ပေး လိုက်ပါတယ်။ “ဆီလည်းမဖိတ်စေနဲ့” လို့ မှာလိုက်ပါတယ်။

​ကျောင်းသားလေးက ကိုက်ထားတဲ့ ဇွန်းထဲက ဆီမဖိတ်ဖို့ သတိနဲ့ လျှောက်ပါတယ်။ ဥယျာဉ်တစ်ပတ် ပြည့်လို့ ပညာရှိကြီးထံ ပြန်ရောက်တဲ့အခါ ဇွန်းထဲမှာ ဆီရှိနေပါသေးတယ်။ ပညာရှိကြီးက ဥယျာဉ်ထဲမှာ ဘာအပင်တွေ၊ ဘာအကောင်တွေ တွေ့ခဲ့သလဲလို့ မေးပါတယ်။ ကျောင်းသားလေး မဖြေနိုင်ပါဘူး။ ဆီဖိတ်မှာစိုးလို့ ဘာကိုမှမကြည့်ပဲ ပြန်လာခဲ့တာပါ။

ပညာရှိကြီးက “ကောင်းပြီ။ နောက်တစ်ခေါက်ပြန်ကြည့်ပါ။” လို့ ပြောပြီး ဆီထည့်ထားတဲ့ဇွန်းကို ကိုက်သွားဖို့ ပေးလိုက်ပါတယ်။ ဒီတစ်ခေါက်တော့ အပင်တွေ အကောင်တွေကို လျှောက်ကြည့်ရင်း သာယာလှပတဲ့ဥယျာဉ်ထဲမှာ မိန်းမောသွားပါတယ်။ ပညာရှိထံပြန်ရောက်တော့ ဇွန်းထဲမှာ ဆီမရှိတော့ပါဘူး။ အဲ့ဒီအခါမှ ပညာရှိကြီးက “ဥယျာဉ်ကိုလည်းကြည့်၊ ဆီမဖိတ်အောင်လည်း သတိရှိတဲ့အခါ ဘဝနေနည်းကို မင်းနားလည်ပါလိမ့်မယ်” လို့ဆုံးမပါတယ်။

​နယူးကာဆယ်မှာ ကျောင်းတက်တဲ့အခါ ကျောင်းစာလည်းမလွတ်အောင်၊ ပတ်ဝန်းကျင်လေ့လာမှုလည်း မလွတ်အောင်သတိထား နေထိုင်ခဲ့ပါတယ်။

မဟာပညာရေးဘွဲ့

​မဟာဘွဲ့အတွက် ဘာသာရပ် ၄ ခု ယူခဲ့ပါတယ်။ ပညာရေးမူဝါဒ၊ သင်ရိုးညွန်းတမ်းဖွံ့ဖြိုးရေး၊ ကျောင်းသားများ၏သင်ယူမှုကို စစ်ဆေးခြင်းနဲ့ ပညာရေးစီမံခန့်ခွဲမှုတို့ ဖြစ်ပါတယ်။ နယူးကာဆယ်တက္ကသိုလ်က စာသင်ကာလ (Term) တစ်ခုကို ၄ လ သတ်မှတ်ပါတယ်။ စာသင်ကာလတစ်ခုနဲ့တစ်ခုကြားမှာတော့ အားလပ်ရက်ရှိပါတယ်။ စာသင်ကာလတစ်ခုမှာ ဘာသာရပ်တစ်ခုအတွက် ခေါင်းစဉ် ၁၀ခု လေ့လာရပါတယ်။ ဆရာက သက်ဆိုင်ရာခေါင်းစဉ်နဲ့ ပတ်သက်တဲ့ နောက်ခံ အကြောင်းအရာ၊ သုတေသန တွေ့ရှိချက်တွေနဲ့ ကိုးကားတဲ့ သဘောတရား တွေကိုသာပြောပြီး ဖတ်ရမယ့် စာအုပ်စာရင်း ပေးပါတယ်။ ကိုယ်တိုင်ဖတ်မှတ်ပြီး နောက်တစ်ချိန်မှာ ပြန်ဆွေးနွေးရပါတယ်။

​ပထမစာသင်ကာလ (1st Term) မှာ အတော်ခက်ခဲပါတယ်။ အင်္ဂလိပ်စကားကို နားထောင်နေကျ မဟုတ်တဲ့အတွက်ဆရာပြောတာတွေ လုံးစေ့ပတ်စေ့ နားမလည်ပါဘူး။ စာဖတ်ရတာလည်း ခက်ပါတယ်။ မသိသေးတဲ့ဝေါဟာရတွေအများကြီးမို့ ဆိုလိုရင်းပေါ်အောင် မနည်း ကြိုးစားဖတ်ရပါတယ်။ သူများ ၁ နာရီဖတ်ရင် ကျွန်တော်က ၃ နာရီလောက် ဖတ်ရပါတယ်။ စာကြည့်တိုက်မှာ အချိန်ကုန်ရတာ များပါတယ်။ ညအိပ်ချိန်ရောက်မှပဲ စာကြည့်တိုက်ကပြန်ပါတယ်။

​2nd Term မှာတော့အဆင်ပြေလာပါတယ်။ ဆရာဆရာမတွေပြောတာလည်း နားရည်ဝလာပါတယ်။ တက္ကသိုလ်ရဲ့အင်္ဂလိပ်စာဋ္ဌာနကလည်း ကျွန်တော်တို့ကို Academic Reading, Academic Writing သင်တန်းတွေပေးပါတယ်။

​Term တစ်ခုအပြီးမှာ လေ့လာတဲ့ဘာသာရပ်တစ်ခုအတွက် စာတမ်းငယ် တစ်စောင်စီ တင်ရပါတယ်။ လေးဘာသာအတွက် လေးစောင်တင်ရပါတယ်။ Term နှစ်ခုအတွက် နှစ်ကြိမ်စီ တင်ရပါတယ်။ တစ်စောင်ကိုအနည်းဆုံးစာမျက်နှာ ၂၀ ရေးရပါတယ်။ 3rd Term မှာတော့ ဘွဲ့ယူစာတမ်းအတွက် သူတေသနလုပ်ပြီး စာတမ်း (Dissertation) တင်ရပါတယ်။ စာမျက်နှာ ၂၀၀ ရေးရပါတယ်။ ကျွန်တော်က သင်ရိုးညွန်းတမ်းကို စာတမ်းရေးပါတယ်။ အလယ်တန်းဆင့်ကနေ အထက်တန်းဆင့်ကို ပြောင်းသွားတဲ့ သင်ရိုးညွန်းတမ်း အသုံးပြုမှုနဲ့ အကျိုးသက်ရောက်မှုကို နယူးကာဆယ် အထက်တန်းကျောင်းတစ်ခုမှာ သုတေသနလုပ်ပြီး စာတမ်းရေးပါတယ်။ စာသင်ကာလ (Term) သုံးခုအပြီးမှာ ကျွန်တော်စာတမ်းအားလုံး တင်သွားနိုင်ပါတယ်။ M.Ed ဘွဲ့ရပါတယ်။

​ကျွန်တော်ရဲ့စာတမ်းအတွက် ကြီးကြပ်သူ (Supervisor) ဆရာမ Ms. Mary Wootten ကို ကျေးဇူးတင်ရပါတယ်။ ဆရာမက စာသင်တာလည်းကောင်းတယ်။ ဘွဲ့ယူစာတမ်းမှာ လိုအပ်ချက်ရှိတာတွေကိုလည်း တိတိကျကျထောက်ပြတဲ့အတွက် အလွယ်တကူ ပြန်ပြင်နိုင်ပါတယ်။ ခရစ်စမတ်ကာလမှာလည်း ကျောင်းသားတွေကိုလည်း သူ့အိမ်ကိုဖိတ်ပြီး ကျွေးပါတယ်။ ဆရာမ Mary ကိုရော အခြားဆရာ ဆရာမများကို ကျေးဇူးတင်ပါတယ်။
ပညာရေးပါရဂူဘွဲ့

​M.Ed အတွက်စာတမ်းတင်သွင်းပြီးတာနဲ့ ပါရဂူဘွဲ့အတွက် ကျွန်တော်လျှေက်လွှာတင်ပါတယ်။ ပါရဂူဘွဲ့က နည်းလမ်း၂ မျိုး ရှိပါတယ်။ သုတေသနအခြေပြုလေ့လာတဲ့ Ph.D ဘွဲ့နဲ့၊ သုတေသနနဲ့ Course Work နှစ်ခုပေါင်းထားတဲ့ Ed.D (Doctor of Education) နှစ်မျိုးရှိပါတယ်။ ကျွန်တော်က Ed.D ဘွဲ့အတွက် လျှောက်ထားပါတယ် ပါမောက္ခက ကျွန်တော့်ကို ခေါ်မေးပါတယ်။ ဘာကြောင့် Ph.D မလုပ်ဘဲ Ed.D လျှောက်သလဲလို့ မေးပါတယ်။ ကျွန်တော်က ပညာရေးဗဟုသုတနည်းသေးတဲ့အတွက် ပါမောက္ခတွေရဲ့ Lecture နားထောင်ပြီး Course Work လုပ်ချင်ပါတယ်လို့ ပြောပါတယ်။ ပါမောက္ခက ကျွန်တော့်ကို Ed.D အတွက်ဝင်ခွင့် ပေးပါတယ်။

Ed.D ပြီးဖို့အတွက် လေးနှစ်လောက် ကြာနိုင်ပါတယ်။ လေးနှစ်စာ စရိတ်လိုပါတယ်။ Prospect Burma ကိုကျွန်တော်ဆက်သွယ်ပါတယ်။ Prospect Burma က စကောလားရှစ် နောက်ထပ်တနှစ်သာပေးနိုင်ကြောင်းအကြောင်းပြန်ပါတယ်။ စကောလားရှစ်လျှောက်ထားသူများတဲ့အတွက် ကျွန်တော် တစ်ယောက်တည်းအတွက် နှစ်အများကြီးမပေးနိုင်ပါဘူး။ ကျွန်တော်သဘောတူပါတယ်။ ကျန်တဲ့ ၃ နှစ်ကို အချိန်ပိုင်း အလုပ်လုပ်ပြီး ကျောင်းဆက်တက်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။

​Ed.D ပထမနှစ်က အခက်အခဲမရှိပါဘူး။ ဒုတိယနှစ်မှာ အခက်အခဲ ကြုံလာပါတယ်။ စာတွေကလည်း ပိုခက်လာ၊ စာဖတ်ရ၊ စာရေးရတဲ့ အချိန်ကလည်းများ၊ အလုပ်ရှာရတာကလဲ အဆင်မပြေနဲ့ ကျောင်းဆက်တက်ဖို့ခက်ခဲလာပါတယ်။ ကျောင်းထွက်ရတော့မယ့် အခြေအနေ ကြုံလာပါတယ်။

ဒီအခြေအနေကိုအတန်းဖော်သူငယ်ချင်းတွေ သိသွားကြတော့ Botswana က သူငယ်ချင်းဆရာမက သူ့မိသားစုနေတဲ့ အိမ်က အခန်းငယ်လေးတစ်ခုမှာ ကျွန်တော့်ကို နေခွင့်ပြုပါတယ်။ တက္ကသိုလ် စာကြည့်တိုက်ကလည်း ကျွန်တော့်ကို ကွန်ပြူတာခန်းမှာ အချိန်ပိုင်း အလုပ်ပေးပါတယ်။ တက္ကသိုလ်အုပ်ချုပ်ရေးကလည်း ကျွန်တော့်ကို တက္ကသိုလ်ကျောင်းဆောင်မှာ နေဖို့အတွက် ထောက်ပံ့ကြေး ပေးပါတယ်။ လန်ဒန်က Charles Wallace Trust ကလည်း စာအုပ်ဖိုးအတွက် အင်္ဂလိပ်ပေါင်ငွေ ၅၀၀ ပို့ပေးပါတယ်။ နေရေး၊ စားရေးနဲ့ စာအုပ်ဖိုးအတွက် အဆင်ပြေသွားပါတယ်။ ကျောင်းလခအတွက် အခက်အခဲရှိပါသေးတယ်။

​နယူးကာဆယ်မြို့က British Council နဲ့ နိုင်ငံတကာကျောင်းသားတွေ တွေ့ဆုံပွဲတစ်ခုမှာ British Council မန်နေဂျာနဲ့တွေ့တော့ ကျွန်တော့် အခက်အခဲကို ပြောပြပါတယ်။ မန်နေဂျာ Ms. Jan Long က ဗြိတိလျှ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ DFID မှာ ကျွန်တော့်အတွက် စကောလားရှစ်လျှောက်ပေးပါတယ်။ ကံကောင်းစွာပဲ သုံးနှစ်စာ စကောလားရှစ် (Full Scholarship) ရပါတယ်။ ကျောင်းလခ၊ နေရေး၊ စားရေး၊ စာအုပ်ဖိုး အားလုံးအဆင်ပြေသွားပါတယ်။

​အခက်အခဲတွေ မပြေလည်မီ ကျွန်တော် စိတ်ဓာတ်ကျဆင်းနေတဲ့အချိန်မှာ Ph.D တက်နေတဲ့ ပြင်သစ်လူမျိုးသူငယ်ချင်း Sandrine က စာအုပ်လေးတစ်အုပ် လက်ဆောင်ပေးပါတယ်။ ဘရာဇီးစာရေးဆရာ Paulo Coelho ရေးတဲ့ “The Alchemist” စာအုပ်ပါ။ အဂ္ဂိရတ်ဆရာလို့ အဓိပ္ပါယ် ရပါတယ်။ အိမ်မက်ကို အကောင်ထည်ဖော်ဖို့ ကြိုးပမ်းခဲ့တဲ့ ၁၆ နှစ်သား လူငယ်လေး တစ်ယောက် အကြောင်းပါ။ ပုံပြင်ဆန်ပါတယ်။ ဒါပေမဲ့ ကျွန််တော့်ကို ခွန်အားရစေပါတယ်။

အိမ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေစဉ် တနယ်တကျေးမှာ ပိုင်ဆိုင်မှုအားလုံး ဆုံးရှုံးသွားခဲ့ပါတယ်။ ဒါပေမယ့် အစကနေပြန်စနိုင်တဲ့ သတ္တိ သူ့မှာရှိပါတယ်။ သူ့ရဲ့ခရီးလမ်းမှာ ရွှေဖြစ်အောင်လုပ်နည်း သင်ပေးမယ့် အဂ္ဂိရတ်ဆရာနဲ့ တွေ့ပါတယ်။ ရွှေဖြစ်အောင်လုပ်နည်းကို သူမသင်ပါဘူး။ အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ ခရီးဆက်ပါတယ်။ သူ့ခရီးစဉ်ကို အဂ္ဂိရတ်ဆရာကြီးက ကူညီပေးပါတယ်။ 

“တစုံတခုကို အမှန်တကယ်အလိုရှိရင်၊ မင်းအောင်မြင်ဖို့အတွက် စကြာဝဠာ တစ်ခုလုံးက ပူးပေါင်းကူညီလိမ့်မယ်” (When you really want something, all the universe conspires in helping you to achieve it.) ဆိုတဲ့စကားသံကလူငယ်လေးကို အားတက်စေပါတယ်။ ကူညီတဲ့လူတွေ ပေါ်ပေါက်လာပါတယ်။ သူ့အိမ်မက် အကောင်အထည် ပေါ်လာပါတယ်။ 

​Ed.D ဘွဲ့ယူစာတမ်းအတွက် “မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး” ကိုရေးဖို့ ကျွန်တော် အဆိုပြုခဲ့ပါတယ်။ ပါမောက္ခက အကျယ်ကြီးမရေးဘဲ ကျဉ်းကျဉ်းသာရေးဖို့ အကြံပြုတဲ့အတွက် “မြန်မာနိုင်ငံကျောင်းတွေမှာ သင်ရိုးညွှန််းတမ်းပြုပြင်ပြောင်းလဲရေး” ကို ဒုတိယအကြိမ် အဆိုပြုပါတယ်။ ထပ်ကျဉ်းဖို့ပြောတဲ့အတွက် သင်ရိုးညွှန်းတမ်းထဲက ဘာသာရပ်တစ်ခုကို ရွေးရပါတယ်။ ၁၉၆၂ က စလို့ မြန်မာနိုင်ငံ သင်ရိုးမှာ မရှိတော့တဲ့ “နိုင်ငံသားပညာရေး” အကြောင်း ရေးပါတယ်။

​စာတမ်းရဲ့ ဦးတည်ရာနေရာ (Focus) ကို ကျဉ်းလိုက်ရပေမယ့် လေ့လာမှုကတော့ ကျယ်ရပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ပညာရေးမှုဝါဒ၊ သင်ရိုးညွှန်းတမ်းနဲ့ နိုင်ငံသားပညာရေး (Citizenship Education) ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရပါတယ်။ ကျွန်တော့်စာတမ်းက အင်္ဂလိပ်ပညာရေးစနစ်က Citizenship Education ကိုလေ့လာပြီး မြန်မာနိုင်ငံသင်ရိုးညွှန်းတမ်းအတွက် အကြံပြုချက်ရေးဖို့ ဖြစ်ပါတယ်။ ၁၉၄၈ လွတ်လပ်ရေးရပြီးချိန်ကစလို့ တခေတ်ပြီးတခေတ် ပြောင်းလာတဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးမူဝါဒနဲ့ သင်ရိုးညွှန်းတမ်းတွေကို လေ့လာရပါတယ်။
စာအုပ်စာတမ်းတွေကို လန်ဒန်မှာရှိတဲ့ British Library မှာ သွားရှာရပါတယ်။ Prospect Burma က Ms. Patricia Herbert က ကူညီပေးပါတယ်။ Mr. Martin Smith လည်း ကူညီပေးပါတယ်။ ရန်ကုန်ပညာရေးတက္ကသိုလ်က မိတ်ဆွေ ဆရာဦးဇော်မင်းကလည်း ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်က အထောက်အထား စာရွက်စာတမ်းတွေကူးယူပြီးပို့ပေးပါတယ်။ 

လန်ဒန်ရောက်တိုင်း ဒေါက်တာဝင်းနိုင် အိမ်မှာ တည်းပါတယ်။ ဆရာက NLD ပြည်မြို့နယ် ဥက္ကဌတာဝန် ယူခဲ့သူပါ။ NLD ပဲခူးတိုင်း စည်းရုံးရေးအလုပ်တွေမှာ အတူလက်တွဲခဲ့ကြပါတယ်။ 

​မြန်မာနိုင်ငံအစိုးရရဲ့ပညာရေးစနစ်ကို ဖော်ပြတဲ့စာအုပ်စာတမ်းတွေကို ရှာလို့ရပေမယ့် ကချင်၊ ကရင်၊ မွန် အစရှိတဲ့ တိုင်းရင်းသားဒေသတွေက ပညာရေးအကြောင်းကတော့ စာအုပ်စာတမ်း မရှိသလောက် ရှားပါတယ်။ ဒါကြောင့် မြန်မာပြည်နယ်စပ်မှာ သုတေသနသွားလုပ်ဖို့ တက္ကသိုလ်ကို အဆိုပြုပါတယ်။ ခွင့်ပြုပါတယ်။ 

နယူးကာဆယ်တက္ကသိုလ်က ထိုင်းနိုင်ငံ ပစ်စနူးလော့မြို့မှာရှိတဲ့ Naresuan University ကို ဆက်သွယ်ပြီး ကျွန်တော်သုတေသန လုပ်နိုင်အောင် စီစဉ်ပေးပါတယ်။ Naresuan University မှာ ၃လ အခြေချပြီး နယ်စပ်မှာရှိတဲ့ ကရင်ပညာရေးဌာန၊ ကရင်နီပညာရေးဌာန၊ မွန်ပညာရေးဌာန၊ ကချင်ပညာရေးဌာန တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီးမေးမြန်းနိုင်ခဲ့ပါတယ်။ ဒုက္ခသည်စခန်းနဲ့ မွန်နယ်စပ်က ကျောင်းတွေကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

​ဘွဲ့ယူစာတမ်းကို ၂၀၀၀ ခုနှစ် ဒီဇင်ဘာမှာ အပြီးသတ် တင်သွင်းနိုင်ခဲ့ပါတယ်။ စာတမ်းကို စစ်ဆေးအတည်ပြုသူများကတော့ ကျွန်တော့်ရဲ့စာတမ်းကြိးကြပ်သူ ဆရာမ Dr. Vivien Baufield, Professor Bruce Carrington နဲ့လန်ဒန် တက္ကသိုလ်က Dr. Gustaaf Houtman တို့ဖြစ်ပါတယ်။ Gustaaf က မြန်မာနိုင်ငံရဲ့ မနုဿဗေဒကို လေ့လာထားသူဖြစ်ပါတယ်။ ကျွန်တော့်စာတမ်းထဲက မြန်မာနိုင်ငံပညာရေးအပိုင်းကို အဓိက စစ်ဆေးပေးပါတယ်။ စစ်ဆေးသူများရဲ့အကြံပြုချက်အရ လိုအပ်ချက်ရှိသည်များကို ပြင်ဆင်ဖြည့်စွက်ပြီး ကျွန်တော့်စာတမ်းကို လက်ခံအသိအမှတ်ပြုပါတယ်။ ပညာရေးဆိုင်ရာ ဒေါက်တာဘွဲ့ (Ed.D) ရရှိခဲ့ပါတယ်။ 

​ရှေ့လာမည့် အပတ်များတွင် ကျွန်တော်၏ အိမ်မက်ကို အကောင်အထည်ဖော်ရန်အတွက် ကြိုးပမ်းအားထုတ်မှုများကို ရေးသားပါမည်။

ဒေါက်တာသိန်းလွင်
၂၀၂၀ စက်တင်ဘာလ ၁၇ ရက်။