Breaking News

ထွန်းဝင်းငြိမ်း - ခေတ်



ထွန်းဝင်းငြိမ်း - ခေတ်

(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၂၀

ခေတ်တခေတ်ဟာ
တံတောင်ဆစ်ချိုးခဲ့တော့
မြစ်တမြစ်မှာ
ရေ နှစ်ခါ ချိုးမယ့်သူတွေ
တိုးလို့မပေါက်ဘူး။

“ခွေးတိုးပေါက်ကဝင်
ခြင်္သေ့တဲ့လား” ဆိုပြီး
ဆရာမောင်မြတ်မှိုင်း
ကဗျာဖွဲ့ခဲ့ဖူးတယ်။

မြစ်ဟာ မြစ်နဲ့မတူသလို
ခေတ်ဟာလည်း ခေတ်နဲ့မတူ
သူ့မူနဲ့သူ အလံထူနေကြ။

မစီးဆင်းတော့တဲ့ မြစ်ဆိုတာ
ကော သွားခဲ့သလို
မပြောင်းလဲတော့တဲ့ ခေတ်ဆိုတာ
မြော နေတဲ့ လူမမာလိုပါဘဲ။

ခေတ်က
မစားရဝခမန်း အိပ်မက်တွေနဲ့
နိုင်ငံတကာအဆင့် အလံရှူးတွေများတယ်
မုသာဝါဒါတွေ ပြောင်မြောက်လာသလောက်
နောက်ကြောင်းပြန်မှာ ကြောက်သူတွေ များလာတယ်။
ခြေမန်းကွင်း အထပ်ထပ် စွပ်ခံထားရတဲ့
အောက်စလွတ်နေတဲ့ ခေတ်ကြီးရေ
ပုခုံးနဲ့ ထမ်းထားသူတွေက
လမ်းမတွေပေါ်မှာ
လက်ရုံးတွေ ဆန့်တန်းကြမှ
ဒို့ခေတ်ကို ရောက်ရမှာ မဟုတ်လား။

မြစ်ဟာ စီးဆင်းကြောင်း
ခေတ်ဟာ အသစ်ပြောင်းဖို့ လိုအပ်နေကြာင်း
အားလုံးက တောင်းဆိုနေကြပေါ့။

ပဉ္စမံအပေါင်းရဲ့
အိပ်မက်အဟောင်းတွေကို
ဘယ်သူမှ နားအညောင်းခံပြီး
မကြားချင်တော့တာ ယုံလိုက်။

ထွန်းဝင်းငြိမ်း
၁၅၊ ၉၊ ၂၀၂၀
(၅၈ နှစ်မြောက် မွေးနေ့ အမှတ်တရ)