မောင်စွမ်းရည် - သူပုန် နှင့် သောင်းကျန်းသူ (ဝေါဟာရ ရှင်းတမ်း)
မောင်စွမ်းရည် - သူပုန် နှင့် သောင်းကျန်းသူ (ဝေါဟာရ ရှင်းတမ်း)
(မိုးမခ) မတ် ၁၉၊ ၂၀၂၁ကျွန်တော့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်က ကျောင်းဆရာနဲ့ ကျောင်းသုံးစာအုပ်ပြုစုသူ ဖြစ်ပါတယ်။ ဒါကြောင့် စာရေးစာဖတ်တဲ့အခါ ဝေါဟာရအသုံးအနှုန်းမှန်ကန်တိကျမှုကို အထူးဂရုပြုတဲ့ အလေ့ရှိပါတယ်။ တဖက်ကလဲ ကဗျာဆရာဖြစ်နေပါသေးတယ်။ ကဗျာဆိုတာကလဲ စကားလုံးလေးများကို ဂရုတစိုက် တယုတယ ရွေးချယ်စီကုံးရေးသားရတဲ့ အနုပညာဖြစ်ပါတယ်။ ကဗျာတွေ စာတွေကို ဂရုတစိုက် ပြုစုရေးသားရင်း စာပေကိုဝေဖန်ဖတ်ရှုလေ့လာတဲ့အကျင့်ရလာခဲ့ပါတယ်။ ဒါကြောင့် ကိုယ်မြင်မိတဲ့ဝေဖန်သုံးသပ်ချက် စာပေအမြင်တချို့ကိုလဲ အများပြည်သူ စာဖတ်သူတွေရဲ့ ရှေ့မှောက်ကို တင်ပြတဲ့အလေ့ရှိလာပါတယ်။ ဟုတ်ကဲ့ - ဒါကြောင့် စာပေဝေဖန်ရေးဆရာဆိုတဲ့ နောက်ထပ်ဘွဲ့အမည်တစ်ခုလဲ ထပ်တိုးလာခဲ့ပါတယ်။ ဒီအခါမှာတော့ ကိုယ့်အမြင်ကို သူများလက်ခံတာလဲရှိ၊ လက်မခံတာလဲရှိခဲ့ပါတယ်။ ဒါကတော့ လူပုဂ္ဂိုလ်တစ်ဦးစီရဲ့ စာပေဆည်းပူးမှုအခြေခံပေါ်မှာပဲ တည်ပါလိမ့်မယ်။
ကျွန်တော်ခုလို နိဒါန်းချီမိပေမဲ့ ခုရေးချင်တာက စာပေဝေဖန်ရေးမဟုတ်ပါ။ စကားလုံးလေးတစ်လုံးနှစ်လုံးကိုပဲ ကွက်ပြီးစဉ်းစားမိတာကို ပြန်လည်ဖောက်သည်ချချင်တာပါ။ ဒီလိုပါ။ ခုတလော ၂၀၂၁ ဖေဖော်ဝါရီလ၊ မတ်လအတွင်း ကျွန်တော်တို့ ဗမာပြည်မှာ ပြည်သူလူထုရဲ့ အုံကြွဆူပူသံတွေပွက်လောညံနေသလို ဗုံးသံ သေနတ်သံတွေလဲ စစ်မြေပြင်အလား ဒိုင်းဒိုင်းညံနေပါတယ်။ စစ်ဖြစ်နေတာတော့မဟုတ်ပါ။ စစ်ဖြစ်တယ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် လက်နက်ချင်းအပြန်အလှန်ပစ်ခတ်တိုက်ခိုက်နေမှ စစ်ဖြစ်နေတယ်လို့ ခေါ်နိုင်တာမဟုတ်လား။ ခုက တစ်ဖက်သတ်ပါ။ စစ်တပ်က ပြည်သူဆန္ဒပြသမားတွေကိုပဲ သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းသတ်ဖြတ်နေတယ်ဆိုတာ တစ်ကမ္ဘာလုံးက မြင်သိနေရတဲ့ အရေးအခင်းရှုမြင်ကွင်းပါ။
စစ်တပ်ဟာ ပြည်သူလူထုကို တောင်ပေါ်မြေပြန့်မြို့ပြကျေးလက်မကျန် လိုက်လံပစ်ခတ်နှိမ်နင်းနေတာပါ။ ပြည်သူလူထုဆန္ဒပြပွဲတွေကလဲ ခေတ်အဆက်ဆက်ဆန္ဒပြပွဲတွေလို မြို့ပြပေတရာလမ်းမတွေပေါ်မှာပဲမဟုတ်တော့ဘဲ ကျေးလက်တောရွာ အိမ်ခြေ ၁၀၀-၂၀၀ လောက်သာရှိတဲ့ ဇနပုဒ်လေးတွေမှာပါ ဆန္ဒပြနေကြတာပါ။ ကျွန်တော့်ဇာတိ ကန်ဆင့်ရွာမှာရော ရွာနီးချင်း လက်ဝဲမြင်းနီဆိုတဲ့ ရွာနှစ်ရွာပေါင်းရွာကြီးမှာရော ဆန္ဒပြနေကြတဲ့သတင်းကို တယ်လီဖုန်း ဖေ့ဘုတ်ပေါ်မှာ မြင်တွေ့လိုက်ရပါတယ်။ ဝမ်းလဲသာပါရဲ့ … ဝမ်းလဲနည်းပါရဲ့လို့ ပြောရမှာပါ။ စစ်တပ်ဟာ ခုလို ပြည်သူတွေကို တောရောမြို့ပါ၊ အိမ်တွင်းအိမ်ပြင်မချန် လိုက်လံ ပစ်ခတ်သတ်ဖြတ်ရုံသာမက အိမ်တွင်းကိုပါဝင်ပြီး ရွေ၊ ငွေ၊ ပန်းကန်ခွက်ယောက်ကအစ လုယူသယ်ဆောင်ရုံနဲ့အားမရ၊ တံခါးမှန်တွေ၊ ဓာတ်ပုံတွေ၊ ပရိဘောဂတွေပါ အငြိုးတကြီး ထုရိုက်ချိုးဖျက်ထားခဲ့ပါတယ်။ သူတို့ရဲ့ ဆွေမျိုးသားချင်းမရှိတဲ့ ရပ်ကွက်တွေမှာဆိုရင်တော့ အိမ်တွေကိုပါ မီးရှို့ခဲ့ပါသေးတယ်။ အိမ်တွင်းမှာက ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတွေကို တလေးတစား ချိတ်ဆွဲထားကြတာမဟုတ်လား။ ဘုရားစင်မှာ ရွှေဆင်းတု၊ ငွေဆင်းတုလို့ထင်ရင်လဲ ချန်မှာမဟုတ်ဘူး။ စစ်ဗိုလ်တွေမှာ ဘုရားမရှိ တရားမရှိတော့ပါဘူး။ ဘယ်နိုင်ငံ ဘယ်သမိုင်းမှာမှ မကြုံဖူးအောင် ရိုင်းစိုင်းယုတ်မာသောင်းကျန်းနေကြတာပါ။ သူတို့ဟာ တိုင်းတစ်ပါးက လူမျိုးခြား ဘာသာခြား စစ်တပ်လည်းမဟုတ်ပါ။
ဒီလိုသောင်းကျန်နေတာကို ခံစားရတော့ တချို့ပြည်သူတွေက “ဗမာ့တပ်မတော်ဟာ တပ်မတော်နဲ့မတူတော့ဘဲ ဓားပြ လူဆိုးဂိုဏ်းဖြစ်နေပြီ” တဲ့။ “တပ်မတော်က သူပုန်ဖြစ်နေပြီ” တဲ့။ ဒီစကားကို ခံစားရလို့ပြောပေမဲ့ စကားလုံးကိုတော့ ကျွန်တော် သဘောမတူသလို တချို့မိတ်ဆွေများလဲ သဘောတူမယ် မထင်ပါ။ သေချာစဉ်းစားရင်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ “တပ်မတော်” ဆိုတာက နိုင်ငံတော်နဲ့ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်တဲ့ စစ်သည်တော်များကို ခေါ်တာမဟုတ်လား။ ခုတော့ သူတို့က နိုင်ငံတော်နဲ့မဆိုင်တော့တဲ့အပြင် ပြည်သူကို တိုက်ခိုက်လုယက်သူတွေ ဖြစ်နေပြီလေ။ ဒါကြောင့် သူတို့ဟာ တပ်မတော်မဟုတ်တော့ပဲ “သူပုန်” ဖြစ်နေပြီတဲ့။ ဟိုး ဆရာ၊ နိုးဆရာတို့။ “သူပုန်” ဆိုတဲ့ဝေါဟာရနဲ့လဲ လုံး၀လုံး၀ မထိုက်တန်ပါ။ “လုံးပိန်” “လုံးလိမ်” နဲ့ပဲ ထိုက်တန်ပါတယ်လို့ ဆိုချင်ပါတယ်။
ဤစကားကို ရှင်းပါအံ့။ ဒီလိုပါ။ ကျွန်တာ်တို့ လူမှန်းသိစကတည်းက “သူပုန်” ဆိုတာ ကြားဖူးနေခဲ့တာက အကောင်းပါ။ ဆရာစံသူပုန်တဲ့။ လယ်သမားသူပုန်ကြီးတဲ့။ သူပုန်ဆိုတာ နယ်ချဲ့အစိုးရ၊ ပြည်သူကို သွေးစုပ်ခြယ်လှယ်ဖိနှိပ်နေတဲ့အစိုးရကို မကျေနပ်လို့ ထကြွတော်လှန်ကြသူတွေပါ။ ကျွန်တော်တို့ငယ်စဉ်က ကစားတော့လဲ “သူပုန် - သူပုန် - ထ - ထ” လို့ အားရပါးရအော်ပြီး ကစားခဲ့ကြတာပါ။ ဗမာပြည်မှာ လွတ်လပ်ရေးရတာနဲ့ တစ်ချိန်တည်းလိုပဲ ပြည်တွင်းစစ်ဖြစ်ပါတယ်။ လည်ပင်းမှာ ပုတီးကြီးအမြဲဆွဲထားပြီး ကမ္ဘာအေးစေတီတည်နေတဲ့ဝန်ကြီးချုပ်ဦးနုဟာ “သူ့အလိုမဟုတ်ဘဲ” လို့ ပြောတာပဲ…သူ့ရဲ့ သူငယ်ချင်း ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းက တစ်ပြည်လုံးရှိ ကွန်မြူနစ်တွေကို တစ်ပြိုင်တည်း ဖမ်းခိုင်းလိုက်တာကစပြီး ပြည်တွင်းစစ်ကြီး ဖြစ်လာခဲ့ပါတယ်။ ပြည်သူတွေကပါ “သူပုန် - သူပုန် - ထ - ထ” လို့ အော်ခဲ့ကြတာ ကျွန်တော်တို့ ကလေးတွေပါရောနှောပြီး အော်ခဲ့ဟစ်ခဲ့ကြပါတယ်။ “သူပုန်” ဆိုတာ “မတရား” တာကို တော်လှန်ပုန်ကန်သူကို ခေါ်တာပါ။ ခုအခါ စစ်တပ်ဟာ “တပ်မတော်” လဲမဟုတ်တော့လို့ သူတို့ကို ပြည်သူတွေက ”သူပုန်” လို့ အမှတ်မထင်ခေါ်ဝေါ်သမုတ်နေပေမဲ့ သူတို့ဟာ “သူပုန်” မဟုတ်ပါ။ “သူပုန်” တွေကို မကောင်းတဲ့နာမည်နဲ့ “သောင်းကျန်းသူ” လို့ ခေါ်တွင်စေခဲ့ပါတယ်။ “သူပုန်” ဆိုတာ မကောင်းတဲ့အစိုးရကို ပုန်ကန်တဲ့ပြည်သူကိုခေါ်တာပါ။ “သောင်းကျန်းသူ” ဆိုတာက ဆိုးသွမ်းလုယက်တဲ့ ဓားပြအကြီးစားပါ။ ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ “တပ်မတော်” မရှိတော့တဲ့အတွက် ဗိုလ်နေဝင်းစစ်တပ်ကို ရိုးရိုးပဲ စစ်သားတွေပါတဲ့လူစုမို့ “စစ်တပ်” လို့ပဲခေါ်ပါ။ သူတို့ လုယက်တိုက်ခိုက်နေတာကြောင့် ဒင်းတို့ကို သူပုန်လို့လဲ မခေါ်ပါနဲ့။ မတန်ပါ။ သောင်းကျန်းသူ၊ စစ်ဓားပြ (စစ်ဒမြ) တွေပါ။ ဟုတ်ပြီနော်။
သူတို့ဟာ “တပ်မတော်” မဟုတ် “စစ်တပ်”။
သူတို့ဟာ “သူပုန်” လဲမဟုတ် “သောင်းကျန်းသူ” ”စစ်ဓားပြ” တွေပါ။
ကျွန်တော်က သောင်းကျန်းသူဆန့်ကျင်ရေးသမားပါ။
မောင်စွမ်းရည်
၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်
လက်နိပ်စက်ရိုက်ကူညီသူ Miu Sakurai
#MoeMaKaMedia
#WhatsHappeningInMyanmar