Breaking News

သီဟလတ် - မြန်မာ့အရုဏ်ဦး



သီဟလတ် - မြန်မာ့အရုဏ်ဦး

(မိုးမခ) မတ် ၁၉၊ ၂၀၂၁

နွေဦးတော်လှန်ရေး။

နွေဦးဆိုသောစကားလုံးက ကဗျာဆန်သည်။

တော်လှန်ရေးဆိုသောစကားလုံးက အားမာန်ရှိသည်။ ဒီစကားလုံးနှစ်လုံးတွဲစပ်ထားခြင်းကို ကျွန်တော်နှစ်သက်မိသည်။

တော်လှန်ရေးဟူသောစကားလုံးသည် ဖေါက်ပြန်သူတို့အတွက် သန်းခေါင်ယံအိပ်မက်ဆိုး၊ ဖိနှိပ်ခံရသူတို့အတွက်ကား အ‌မှောင်ညကိုချုပ်ငြိမ်းစေမည့်အရုဏ်ဦး။ တော်လှန်ရေးအကြောင်းကို ကျွန်တော်တွေးနေမိသည်။

* * *

revolucian ဟူသောစကားလုံးကို ၁၃ ရာစုတွင် ပြင်သစ်နိုင်ငံ၌ စတင်သုံးနှုန်း‌ကြောင်းနှင့် အင်္ဂလိပ်စကားလုံး revolution ကိုမူ ၁၄ ရာစုနှောင်းပိုင်းတွင်စတင်သုံးနှုန်းကြောင်း ဖတ်ရဖူးသည်။ ၁၄၅၀ ပြည့်နှစ်ခန့်တွင် လူမှုစနစ်တရပ်ရုတ်တရက်အပြောင်းအလဲဖြစ်ခြင်းကို Revolution ဟု အခိုင်အမာသုံးနှုန်း‌နေပြီဖြစ်ကြောင်းလည်း ဆိုကြ၏။ ထို "ရီဗော်လူးရှင်း" ဟူသောဝေါဟာရကို မြန်မာစကားဖြင့် တော်လှန်ရေးဟုခေါ်ဝေါ်ကြသည်။ တော်လှန်ရေးဟူသော‌ဝေါဟာရကို ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်သို့ ရောက်ရှိအောင် အပြင်းအထန်အားထုတ်လုပ်ကိုင်မှု ဟုမြန်မာအဘိဓာန်တွင် အဓိပ္ပါယ်ဖွင့်ဆိုထား၏။

မြန်မာတို့သည် တော်လှန်ရေးနှင့် စိမ်းလှသည်မဟုတ်။

အင်္ဂလိပ်-မြန်မာစစ်ပွဲ သုံးကြိမ်ဖြစ်ပွားပြီးနောက် ၁၈၈၆ ခုတွင် မြန်မာနိုင်ငံလွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်။ ထိုအခါ "ထီးသုဉ်း၊ နန်းသုဉ်း၊ ကြငှန်းသုဉ်းနှင့်၊ မြို့သုဉ်း သုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လစ်၊ သုညခေတ်တွင်၊ လူဖြစ်ရလေ၊ တို့တတွေကား၊ သေသော်မှတည့်၊ ဪ ကောင်း၏" ဟူသောအတွေးဖြင့် အသက်ကိုပဓာနမထား တော်လှန်ကြလေ၏။

တော်လှန်ရေးဆိုသည်မှာ မတရားမှုကိုဆန့်ကျင်သော လူကောင်းတို့၏အလုပ်၊ အဓမ္မကိုဆန့်ကျင်သော ဓမ္မအလုပ်ဟု ကျွန်တော်ထင်သည်။

ထိုကြောင့် ". . .တနိုင်ငံလုံး၏ လူတော်လူကောင်းများအားလုံးလိုလိုပင် ကျွန်ုပ်တို့အား တော်လှန် ပုန်ကန်နေကြခြင်းဖြစ်တန်ရာသည်။" ဟု ဗြိတိသျှလူမျိုးတစ်ဦးဖြစ်သူ မစ္စတာဖီးဒင်းဟောလ်(Fielding Hall)က သူ၏ လူမျိုးတမျိုး၏ဝိညာဉ်(The Soul of a People) စာအုပ်တွင် မြန်မာ့တော်လှန်မှုကိုမှတ်တမ်းတင်ထားခြင်းဖြစ်‌ပေလိမ့်မည်။

ထို့ပြင် ဆာချား(စ်)ကရော့(စ)ဝိတ်(Sir Charles Crosthwaite) ၏ ဗမာနိုင်ငံတော်ကိုနှိမ်နင်းရခြင်းအကြောင်း(The Pacification of Burma)စာအုပ်တွင်

"စင်စစ် အေးချမ်းပြီ ဟုဆိုခဲ့ကြခြင်းမှာ ဆူပူသံများကို မကြားရခြင်းမျှသာဖြစ်သည်။ ကျွန်ုပ်တို့သည်ကား တိုင်းတပါးမှလာရောက်ကြသောသူများဖြစ်သည့်အလျောက် သူတို့၏အတွင်းစိတ်ကို သိနိုင်ရန်ခဲယဉ်းလှပေသည်။" ဟုရေးသားထား၏။ ပြည်သူတို့၏တော်လှန်‌ရေးစိတ်ဓာတ်သည် ရန်သူကို တစ္ဆေပမာ ချောက်လှန့်လျက်ရှိနေပေမည်။

* * *

တော်လှန်ရေးဟူသည် "လူ့အဖွဲ့အစည်းသစ်သန္ဓေ"ကိုလွယ်ထားရသော လူ့အဖွဲ့အစည်းဟောင်း၏ဝမ်းဆွဲသည်ပင်။ တော်လှန်ရေးအခြေအနေမရင့်မှည့်မီ တော်လှန်ရေးပြုလုပ်မိပါက တော်လှန်ရေးသားလျောတတ်သည်ဟုဆို၏။

၁၉၃၀ ပြည့်နှစ်၊ ဆရာစံသည် နယ်ချဲ့ဗြိတိသျှအစိုးရကို တော်လှန်ခဲ့သည်။ ‌တောင်သူလယ်သမားလူတန်းစား၏ တော်လှန်‌ရေးဖြစ်သည်။ ဆရာစံတော်လှန်ရေးသည်အောင်မြင်မှုမရခဲ့သော်လည်း လက်နက်အင်အားချို့တဲ့ခြင်း၊ ခေတ်မမီခြင်း၊ အလုပ်သမားလူတန်းစားအပါအဝင် အခြားလူတန်းစားများနှင့်မဟာမိတ်မဖွဲ့နိုင်ခြင်း စသည့်တော်လှန်ရေး သင်ခန်းစာများကိုကား ရယူပေးခဲ့လေသည်။ ထိုသင်ခန်းစာများသည် နောင် နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးတို့အတွက် အကျိုးများစွာရှိခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ခေတ်မီ‌အောင်ဖွဲ့နိုင်ခဲ့ကြသည်။ လူတန်းစားအားလုံးပါဝင်သည့် ဖဆပလ အဖွဲ့ချုပ်ကိုလည်းဖွဲ့နိုင်ခဲ့ကြသည်။ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲဝင်ခဲ့ကြသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးသည် တော်လှန်ရေး၏အသီးအပွင့်။

* * *

လူမှုပဋိညာဉ်(Social Contract)အောက်တွင် လူတိုင်းသည် နိုင်ငံသားအကျိုးစီးပွားများကိုဆန့်ကျင်သော အုပ်စိုးသူအား တော်လှန်ပုန်ကန်ရန်လှုံ့ဆော်နိုင်ပြီး နိုင်ငံသားများ၏ အကျိုးစီးပွားကိုအလုပ်အကျွေးပြုသည့် အစိုးရဖြင့်အစားထိုးနိုင်သည်ဟု အင်္ဂလိပ်အဘိဓမ္မာဆရာ ဂျွန်လော့ခ် John Locke(1632-1704) ကကြေညာခဲ့ဖူး‌ကြောင်းကိုအမှတ်ရမိသည်။

ဗညားသီဟ(ဆရာဒဂုန်တာရာ)ကလည်း ခေတ်ပြိုင်ဝတ္ထုနှင့်ရည်ရွယ်ချက်တွင် ဤသို့ဆိုခဲ့၏။

"ကမ္ဘာကြီးသည် အကောင်းအဆိုးဒွန်တွဲလျက်ရှိပေသည်။ ပြောင်းလဲခြင်းဓမ္မတာဟူရာ၌ ပြုပြင်ပြောင်းလဲရေးနှင့်တော်လှန်ပြောင်းလဲရေး။ပြုပြင်ရေးကစနစ်ကိုဖာထေးခြင်း။တော်လှန်ရေးကတော့စနစ်ဟောင်းထက်ကောင်းသောစနစ်သစ်ကိုအစားထိုးခြင်း။"

တော်လှန်ရေးဆိုသောစကားလုံးကို အကြောင်းကိစ္စပေါ်မူတည်၍ စကားလုံးအမျိုးမျိုးနှင့်တွဲသုံးကြသည်။ စက်မှုတော်လှန်ရေး၊ လက်နက်ကိုင်တော်လှန်ရေး၊ ယဉ်ကျေးမှုတော်လှန်ရေး၊ ကတ္တီပါတော်လှန်ရေး . . .။

၂၀၂၁ ခုနှစ် နွေဦးတွင်ပေါ်‌ပေါက်လာသောတော်လှန်ရေး၊ နွေဦးတော်လှန်ရေး။

ဒီနာမည်သည် ကျွန်တော်တို့နှလုံးသားတွင် အသက်များနှင့်စတေး၍ သံမှိုစွဲခဲ့လေပြီ။ နွေဦးတော်လှန်ရေးသည် မြန်မာ့အရုဏ်ဦး . . .။


သီဟလတ်
၁၉-၃-၂၀၂၁
ကိုးကား
မောင်သုတ-ဗမာ့တော်လှန်ရေးသမိုင်း။
အောင်ဇံ-မာ့က်စ်ဝါဒအဘိဓာန်။
ဗညားသီဟ-စာပေစစ်တမ်း။
မြနန္ဒာစာပေ-နိုင်ငံတော်အစိုးရနှင့်တော်လှန်ရေး။
မြန်မာစာအဖွဲ့-မြန်မာအဘိဓာန်။
ဝီကီပီးဒီးယား

#MoeMaKaMedia 
#WhatsHappeningInMyanmar