Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၆ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၆ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၁၈၊ ၂၀၂၁

စစ်ကောင်စီကို အာခံနေဆဲ ရန်ကုန်နဲ့ အခြားမြို့များ


တနေ့တနေ့ မိုးလင်းတဲ့ဆီကနေ မိုးချုပ် မျက်စေ့နှစ်လုံးမပိတ်ခင်အထိ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ၊ ကိုယ့်မြို့မှာ ဘာတွေဖြစ်နေလဲ မြန်မာနိုင်ငံရဲ့ တခြားမြို့တွေမှာ ဘာတွေဖြစ်နေလဲ ဆိုတာကို သိဖို့ အင်တာနက်၊ သတင်းစာ (ခုတော့ အပေါစား အစိုးရ ဝါဒဖြန့်သတင်းစာသာလျင် ကျန်ရစ်) ၊ ရေဒီယို နဲ့ ဂြိုဟ်တုစလောင်းကနေ သတင်းတွေ အင်ဖော်မေးရှင်းတွေ ရယူနေကြရတယ်။ ပြန်လည်းဖြန့်ဝေနေကြရပါတယ်။

အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ မိနစ်အတွင်း စက္ကန့်ပိုင်းအတွင်း နာရီပိုင်းအတွင်း အပြောင်းအလဲ ဖြစ်နိုင်တယ်ဆိုတာလည်း နှလုံးသွင်းထားကြတယ်။ မကြောက်တဲ့သူတွေက နံနက်မိုးလင်းတာနဲ့ ခမောက်ဆောင်း၊ ကျောပိုးအိတ်လွယ်၊ စတစ်ကာ ၊ ဆန္ဒပြဘုတ်တွေ ယူဆောင်ပြီး သက်ဆိုင်ရာ နေရာစုရပ်ကို သွားကြတယ်။ မိဘတွေ ဆွေမျိုးသားချင်းတွေက အသက်အန္တရာယ် ၊ ဖမ်းဆီးခံရတဲ့ အန္တရာယ်က လွတ်ဖို့ ဆုတောင်းရင်း သတင်းကို နားစွင့်နေကြတယ်။

မနေ့ကနဲ့ ဒီနေ့ ရန်ကုန်ကတော့ ကားအသွားအလာ သိသိသာသာ လျော့နည်းနေပြီး တနေရာ၊ တမြို့နယ်ကနေ တမြို့နယ်ကို ဆန္ဒပြဖို့ သွားကြတာတွေ သိပ်မတွေ့ရတော့ လမ်းမကြီးတွေမှာလည်း ကားတွေရှင်းနေ၊ ကိုဗစ်ကူးစက်နှုန်းမြင့်တဲ့ စက်တင်ဘာလ ကားအသွားအလာ တားမြစ်ထားစဥ်က ရန်ကုန်နဲ့ အလားသဏန်တူနေတယ်။ ခု အနေအထားက ကျန်းမာရေးကြောင့် စိုးရိမ်တာမဟုတ်ပဲ လက်နက်ကိုင် အကြမ်းဖက်ဖြိုခွဲသူ စစ်/လုံထိန်းတွေကို စောင့်ကြည့်ရင်း စိုးရိမ်မှုနဲ့ သွားလာနေကြတာမျိုးဖြစ်ပါတယ်။

ဒီနေ့ ရန်ကုန်ရဲ့ ဟော့ဖြစ်တဲ့ မြို့နယ်လို့ဆိုရင် တာမွေ ၊ ကျောက်မြောင်း၊ လှိုင် ဘူတာရုံလမ်း နဲ့ စမ်းချောင်းတို့ ဖြစ်ပါတယ်။ တာမွေမှာ ရပ်ကွက်တွေက ကွန်ကရစ်တုံးနဲ့ လမ်းတွေ ပိတ်ထားဆဲ၊ နေ့ခင်း ဝင်ရှင်းရင်း ပစ်တာတွေ ဖမ်းတာတွေရှိခဲ့ပါတယ်။ ဗဟန်းမြို့နယ်ထဲက ဗိုလ်စိန်မှန်ရပ်ကွက်မှာဆို ဗီနိုင်းနဲ့ စီအာပီအိတ်ချ် ရပ်ကွက်ဆိုတဲ့ ဆိုင်းဘုတ်ကို လမ်းအဝင်တွေမှာ ဝါးကပ်နဲ့ ကာပြီးချိတ်ဆွဲထားပါတယ်။ နေ့လည်ခင်းအထိတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်သူတွေလာဖယ်ရှားတာ မတွေ့ရသေးပါဘူး။ တာမွေအဝိုင်းထိပ်မှာလည်း ဗလီဘက်ကို ဆင်းတဲ့လမ်းကို ကွန်ကရစ်တုံးတွေနဲ့ ပိတ်ထားတာတွေ့ရပါတယ်။

လှိုင်ဘူတာရုံလမ်းလည်းပဲ အကာအရံ အတားအဆီးတွေကို ရှင်းလင်းဖို့လာတဲ့ စစ်/လုံထိန်းနဲ့ ဆန္ဒပြသူတွေ တပြန်တလှန် ဖြစ်ကြတာ သိရပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၅ မြို့နယ်မှာတော့ ကြီးကြီးမားမား ထိပ်တိုက်တိုးတာ၊ ဖြိုခွဲတာမကြားမိပါဘူး။

ရန်ကုန်မြို့လယ်၊ မင်္ဂလာတောင်ညွန့်တို့မှာတော့ လမ်းသွယ် တချို့ အဝင်တွေ အကာအရံနဲ့ ပိတ်ဆို့ထားတာတွေ တွေ့နေရသေးပေမယ့် အရင် ၃ ရက်လောက်ကလို လမ်းမကြီးတွေ ပိတ်ထားတာ မတွေ့ရတော့ပါဘူး။

ပိတ်ဆို့ထားတဲ့ လမ်းတွေကို ဘူဒိုဇာနဲ့ ရှင်းရာမှာ အနီးအနားမှာ ရှိတဲ့ ကားတွေအိမ်တွေကိုပါ ဖျက်ဆီးတာမျိုး၊ နေ့လည်နေ့ခင်းဆို လူတွေကို ပေါ်တာဆွဲပြီး ရှင်းခိုင်းတာ၊ ကားတွေရပ်ထားရင် ဖျက်ဆီးပစ်တာမျိုးတွေလုပ်ပြီး ရပ်ကွက်က မနာစေချင်ရင် လမ်းပိတ်တာကို လက်မခံဖို့ ခြိမ်းခြောက်တဲ့သဘောလို့ ကောက်ချက်ချကြပါတယ်။

တယောက်က မှတ်ချက်ပြုတာက ဒါမြေလှန်စနစ် ကျင့်သုံးတာပဲ၊ အင်္ဂလိပ်ဘာသာ နဲ့ scorched-earth policy လို့ခေါ်တဲ့ ရန်သူနေရာ၊ မြို့၊ ရွာကို မီးတင်ရှို့ခဲ့ပြီး ပြန်အခြေမစိုက်နိုင်အောင် လုပ်တာမျိုးပါ။ တပ်က ပြည်တွင်းစစ်ကာလတလျှောက်လုံး စစ်ဖြစ်ပွားတဲ့ ဒေသမှာရှိတဲ့ ရွာတွေကိုဝင်၊ သူပုန်လက်ခံတယ်လို့ ယူဆရင် ရွာကိုဖျက်ပစ် မီးရှို့၊ တန်ဖိုးရှိတာတွေကို စစ်သားတွေ ယူခွင့်ပေးခဲ့ကြတာ သတင်းတွေထဲ ကိုယ်တွေ့အတွေ့အကြုံကို ပြန်ပြောပြတာတွေထဲ အများကြီးဖတ်ခဲ့ရပါတယ်။ မကြာသေးတဲ့ လ၊ နှစ်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲက ဘုရားပေါင်းကျေးရွာကိ မီးရှို့ခဲ့သလိုမျိုးဖြစ်ပါတယ်။

အဲလို မြေလှန်စနစ်ကို ရခိုင်ပြည်နယ်မှာ တင် ကျင့်သုံးတာမဟုတ်ပါ၊ သည့်မတိုင်ခင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးခဲ့တာပါ။

ကိုယ်တိုင်တောင် မျက်စေ့နဲ့ မြင်တွေ့ခဲ့ရပါတယ်။ ရှမ်းမြောက်က ပလောင်ရွာတရွာမှာ အစိုးရစစ်တပ်က ဝင်ပြီး အိမ်တအိမ်ချင်းမွှေနှောက် တန်ဖိုးရှိပစ္စည်း နားကပ်လေး ၊ နားဒေါင်းလေး တွေ့ရင် ယူသွားပြီး နောက်တရွာရောက်တဲ့အခါ ရောင်းချတာမျိုး အဖြစ်တွေ ရွာသားတွေ ပြောပြလို့ ကြားခဲ့ဖူးတာ ခု ရန်ကုန်မြို့ထဲမှာ ဖြစ်သလိုပါ။ စစ်တိုက်တဲ့ သဘော ရန်သူလို့ သဘောထားပြီး ရန်သူပစ္စည်း ဘယ်အရာမဆို ယူခွင့်ရှိတယ်လို့ မှတ်ယူထားကြတဲ့ စစ်တပ်လည်းဖြစ်ပါတယ်။

အဲလို တောရွာတွေမှာ ဖြစ်ပျက်ခဲ့တာ အနယ်နယ် အရပ်ရပ်က အရပ်သား ကျေးရွာသားတွေ ကြုံခဲ့ကြတဲ့ အဖြစ်မျိုး ခုတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေး မြို့တော် ရန်ကုန်မြို့မှာ ကြုံတွေ့နေကြရပြီ ဖြစ်ပါတယ်။ ဟိုးအရင် ကာလက မစာနာခဲ့ကြရင်လည်း ခုတော့ စာနာမှုနဲ့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ အတွေ့အကြုံကြောင့် တိုင်းရင်းသားတွေ ၊ နိုင်ငံမဲ့သူတွေလို ခေါ်ဆိုကြတဲ့ ရိုဟင်ဂျာတွေ အပေါ် မြန်မာနိုင်ငံအစိုးရ တပ်အနေနဲ့ ပြုကျင့်မှုတွေအတွက် ဝမ်းနည်း တောင်းပန်သင့်တဲ့ အချိန်လို့ ယူဆပါတယ်။

ဒါမှလည်း အတိတ်အကြွေးကင်းကင်းနဲ့ လာမယ့် အနာဂတ်ကို တည်ဆောက်နိုင်မယ်လို့ ယူဆမိပါတယ်။

သည်တော့ လာမယ့်မြန်မာပြည်ထောင်စု၏ အနာဂတ်ကို တိုင်းရင်းသားတွေ လူမျိုးစုတွေ အားလုံး၏ အင်နဲ့အားနဲ့ တည်ဆောက်ကြဖို့ ဖြစ်တယ်။ အခု ကြီးစိုးနေတဲ့ စစ်အုပ်စုအကြမ်းဖက်တွေနဲ့ မျိုးဆက်တွေအားလုံးကို အမြစ်ကိုနေ ဖြုတ်ထုတ်ပစ်လိုက်မှ အေးမယ်ဆိုတာမျိုး လက်ခံလာကြပါပြီ။ သပိတ်ခေါင်းဆောင် ယာယီဝန်ကြီး ဒေါက်တာဇော်ဝေစိုးကလည်း ဖယ်ဒရယ်ပြည်ထောင်စုနဲ့အတူ ဖယ်ဒရယ်တပ်မတော်ကြီးနဲ့ အာဏာရှင်စနစ်ကို အပြတ်ရှင်းရမယ်၊ မြန်မာတိုင်းရင်းသားတွေအားလုံး အတူတကွ ရပ်တည်ကြလို့ သူက ထုတ်ပြန်ပါတယ်။ CRPH အနေနဲ့ ကချင်အမျိုးသားများ ကိုယ်စား နိင်ငံရေး ဆိုင်ရာလုပ်ငန်း များကို ဆောင်ရွက် ရန် အဖွဲ့ Kachin Political Interim Coordination Team ( KPITC ) နှင့် အတူတကွ လက်တွဲ ကြိုးပမ်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။ ဒါက တိုင်းရင်းသားကွန်ယက်တခုနဲ့ CRPH တို့ ပထမဦးဆုံး ချိတ်ဆက်တဲ့ သင်္ကေတဖြစ်တယ်လို့ ဆိုရမယ် ဖြစ်ပါတယ်။

KNU နယ်မြေတွေမှာ သပိတ်သမားတွေ၊ CDM ဝန်ထမ်းတွေ၊ ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ စစ်ဘေးရှောင်ပြည်သူတွေ အများအပြား ပြောင်းရွှေ့ခိုလှုံနေကြောင်းကိုလည်း KNU နိုင်ငံခြားရေးတာဝန်ခံ ဖဒိုစောတော်နီက ပြောတယ်လို့ Reuter သတင်းဌာနကို ပြောပါတယ်။ ကရင်လက်နက်ကိုင်ဒေသတွေမှာ ခိုလှုံနေသူ ထောင်ချီပြီး ရှိတယ်လို့ ဆိုပါတယ်။ အချို့ကတော့ ကရင်ထိန်းချုပ်ဒေသမြောက်ပိုင်းမှာလည်း ရောက်ရှိနေတယ်လို့ ပြောပါတယ်။ ကရင်နယ်မြေအပြင် ကရင်နီ၊ ကယားနယ်မြေတွေကိုလည်း တိမ်းရှောင်လာသူတွေ ရှိတယ်လို့ သတင်းများက ဆိုပါတယ်။ KNU ကော KIA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက သူတို့ထိန်းချုပ်နယ်မြေတွေထဲမှာ မြန်မာစစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကြေညာထားပါတယ်။ မြန်မာအကြမ်းဖက်စစ်တပ်ကလည်း နယ်မြေရှင်းလင်းဖို့ အကြောင်းပြပြီး တိုင်းရင်းသားတပ်တွေနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ထိုင်းအစိုးရကတော့ နယ်စပ်က မဲဆောက်ဒေသအခြေခံပြီး မြန်မာဒုက္ခသည် ၄၃၀၀ ကျော်ကို လက်ခံထားနိုင်အောင် စီစဉ်နေတယ်လို့ ပြောပါတယ်။ ကရင်ပြည်နယ်က KNU အဖွဲ့အစည်းနဲ့ CRPH သဘောတူညီချက် ထုတ်ပြန်ချက် တစုံတရာတော့ မထွက်ရှိသေးပါဘူး။ ထွက်ပေါ်လာခဲ့မယ်ဆိုရင်တော့ မြန်မာတိုင်းရင်းသားတွေအနေနဲ့ ပြည်ထောင်စုကြိး ပြန်လည်ထူထောင်ရေးအတွက် တိုင်းရင်းသားတွေ၏အခြေခံဒေသတွေအဖြစ် သတ်သတ်မှတ်မှတ်နဲ့ ပိုမိုပြီး ကူညီထောက်ပံ့ဖို့ အားစိုက်ဆောင်ရွက်နိုင်ကြမှာ ဖြစ်ပါတယ်။

(Photo - Dawei Watch, ထားဝယ်မြို့)

#MoeMaKaMedia 
#WhatsHappeningInMyanmar