Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၈ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၆လ ၂၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၈၊ ၂၀၂၁

ရေရှည်တိုက်ပွဲ ရေတိုတိုက်ပွဲ


ဒီနေ့ ဖြစ်ပေါ်နေတဲ့ နွေဦးတော်လှန်ရေး ကို ဘယ်လို ဘုံခေါ်ဆိုကြမလဲလို့ တွေးကြည့်ရင် စစ်အာဏာရှင် ဖြုတ်ချရေးနဲ့ ဖက်ဒရယ် နိုင်ငံထူထောင်ရေး တိုက်ပွဲလို့ သတ်မှတ်ပြောဆိုကြတာ သဘာဝကျတယ် လက်တွေ့အခြေအနေနဲ့လည်း လိုက်ဖက်တယ်လို့မြင်ပါတယ်။

ဒီတိုက်ပွဲမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူ ဖယ်ရှားလိုသူ အဲဒါအပြင် ဖက်ဒရယ်ပြည်ထောင်စုကို စုစည်းတည်ထောင်လိုသူအားလုံးဟာ မဟာမိတ်ဖြစ်နိုင် ဒိထက်တဆင့်မြင့်ရင် အတူတကွပူးတွဲဆောင်ရွက် နိုင်ကြရင် စစ်အာဏာရှင်အင်အားစုတွေကို တနေ့မှာ ဖယ်ရှားနိုင်မှာဖြစ်တယ်ဆိုတာ ယုံကြည်ချက်ရှိကြသလို လက်တွေ့မှာလည်း နိယာမတရားတခုဖြစ်ပါတယ်။

သို့သော် လိုအပ်ချက်တွေဖြစ်တဲ့ သဘောထား ချင်းညှိနှိုင်းနိုင်မှု၊ အင်အားတွေစုစည်းနိုင်မှု၊ အဖွဲ့အစည်းအချင်းချင်း စာရွက်ပေါ်မှာသာ ပူးပေါင်းဆောင်ရွက်တာမဟုတ်ပဲ လက်တွေ့ ပြင်ပမှာပါ ပူးပေါင်းဆောင်ရွက်နိုင်မှုတွေလည်း လိုအပ်တယ်လို့မြင်ပါတယ်။

တော်လှန်ရေး ဆိုတဲ့စကားလုံးကို တချို့ကတော့ လွယ်လွယ်ကူကူ မသုံးနှုန်းပဲ သတိကြီးစွာနဲ့ သုံးနှုန်းကြပါတယ်။ တော်လှန်ရေးဆိုတာ ဝါဒဖြန့်ဖို့ဆိုရင်တော့ လွယ်လွယ်သုံးစွဲတတ်ကြတာမှန်ပေမယ့် တကယ့် တော်လှန်ရေး ဆိုတဲ့စကားလုံးရဲ့ အနှစ်သာရနဲ့ ကိုက်ညီတဲ့အခြေအနေဆို ခေတ်ဟောင်း စနစ်ဟောင်း ၊ အယူအဆဟောင်း၊ လုပ်နည်းလုပ်ဟန်အဟောင်းတွေ အားလုံးကို ဖြိုဖျက်ပစ်ပြီး အသစ်ပြန်လည်တည်ဆောက်တာမျိုး ကို ဆိုလိုတာဖြစ်ပါတယ်။ သမိုင်းမှာ ပြင်သစ်တော်လှန်ရေး လိုမျိုး ခေတ်ဟောင်းစနစ်ဟောင်းကို တော်လှန်ကြပြီး စနစ်သစ်တည်ဆောက်ဖို့ စနစ်ရော အတွေးအခေါ်ပါ ပြောင်းလဲပစ်ကြတာမျိုးကို တော်လှန်ရေးလို့ အဓိပ္ပါယ်ပြည့်ဝစွာ ခေါ်ဆိုကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်တုန်းက စစ်အာဏာသိမ်းပြီး တက်လာတဲ့ စစ်ဗိုလ်ချုပ်တွေချည်းပါဝင်တဲ့ အစိုးရအဖွဲ့ကို သူတို့ဘာသာသူတို့ “တော်လှန်ရေးအစိုးရ”လို့လည်း ခေါ်ဝေါ်ခဲ့ဖူးပါတယ်။ အမှန်တကယ်တော့ အဲဒီအချိန်က ခေတ်စားတဲ့ ဆိုရှယ်လစ်စနစ်၊ လက်ဝဲဝါဒရဲ့ အခေါ်အဝေါ်အချို့ ကို အကာအကွယ်ယူပြီး စစ်အာဏာရှင်စနစ်ကို ဆိုရှယ်လစ်အမည်နဲ့ ထူထောင်ဖို့ကြိုးစားမှုတခုသာ ဖြစ်တယ်ဆိုတာ မကြာမီသဘောပေါက်လာကြပါတယ်။

အခု ၂၀၂၁ ခု စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ လှုပ်ရှားမှု၊ ဆန့်ကျင်တွန်းလှန်မှုဟာ တော်လှန်ရေး ဖြစ်တယ် မဖြစ်ဘူးဆိုတာကိုတော့ လက်ရှိအချိန်မှာ အငြင်းပွားနေမှာမဟုတ်ပဲ သမိုင်းက မှတ်တမ်းတင်ဖို့ အတွက်ပဲ ထားလိုက်ချင်ပါတယ်။

ကျနော်တို့ဒီနေရာမှာ ပြောချင်တာကတော့ တိုက်ပွဲက ဘယ်လောက်ကြာနိုင်လဲဆိုတာကို ခန့်မှန်းတွက်ချက်နိုင်မှ တိုက်ပွဲအတွက် ချမှတ်မယ့် မဟာဗျူဟာတွေ နည်းဗျူဟာတွေက လက်တွေ့ကျပြီး အမှားနည်းမယ်လို့ ထင်ပါတယ်။

တိုက်ပွဲမှာပါဝင်ကြမယ့်သူတွေကိုလည်း ကိုယ့်တိုက်ပွဲရဲ့ ဗျူဟာတွေကို ယေဘုယျအားဖြင့် နားလည်စေပြီး ပိုင်းဖြတ်မှု ခိုင်မာတဲ့ ပါဝင်မှုတွေရနိုင်မယ်လို့မြင်ပါတယ်။ တပွဲတိုး ပါဝင်မှုမျိုး ခဏအရှိန်တက်ပြီး ရေရှည်မှာ တောင့်မခံနိုင်တဲ့ ပါဝင်မှုမျိုး မဖြစ်ဖို့အရေးကြီးတယ်လို့ ထင်ပါတယ်။

ဘာလို့ ဒီအကြောင်းတွေ ပြောဆိုနေရသလဲဆိုရင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စလို့ ၇ လတာ ကာလကို ပြန်လှည့်ကြည့်တဲ့အခါ တချို့သော အခြေအနေတွေမှာ မိမိတို့ဘက်ကပင်လျင် အခြေအနေကို လျော့တွက်ခဲ့ကြတဲ့ သင်ခန်းစာယူစရာ အဖြစ်အပျက်၊ အခြေအနေတွေ ပြန်တွေ့မိလို့ဖြစ်ပါတယ်။

ခိုင်မြဲတဲ့ အင်အား၊ ခိုင်မာတဲ့အင်အား ယုံကြည်မှုအပြည့်အဝ ပိုင်းဖြတ်မှု အပြည့်ရှိတဲ့အင်အားစုမျိုးဖြစ်ဖို့ဆိုရင် အခြေအနေကို လျော့တွက်လွန်းတဲ့အမှားမျိုး စည်းရုံးမှုမျိုးကို ရှောင်ရှားဖို့လိုအပ်မယ်လို့ မြင်မိတာကြောင့် ခုအကြောင်းကို ပြောဆိုဆွေးနွေးရတာလည်း ဖြစ်ပါတယ်။

ဒီနေ့မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ သတင်းတွေကတော့ သတင်းပေးလို့ ယူဆသူတွေကို လုပ်ကြံသတ်ဖြတ်တဲ့ သတင်းတွေ၊ ပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ၊ ရှမ်းမြောက် မုန်းကိုးမြို့နယ်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားတဲ့ သတင်းတွေ၊ တရုတ်နိုင်ငံက ကိုဗစ်ကာကွယ်ဆေး သန်းဂဏန်းနဲ့ချီပြီး ရောက်ရှိတယ်ဆိုတဲ့ သတင်းတွေ၊ အကျဥ်းထောင်ထဲက အန်အယ်လ်ဒီဒုဥက္ကဌ ဒေါက်တာဇော်မြင့်မောင် ရဲ့ ကျန်းမာရေးအခြေအနေ စတဲ့ သတင်းတွေ ဖတ်ရှုရပါတယ်။

သတင်းပေးလို့ ယူဆသူတွေ၊ သံသယရှိသူတွေကို ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပီဒီအက်ဖ်တွေက လုပ်ကြံသတ်ဖြတ်မှုတွေက နေ့စဥ် သတင်းတွေထဲ အမြဲလိုပါနေပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းက ကျေးရွာတွေ၊ မြို့တွေ၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း စသဖြင့် နေရာအနှံ့မှာ တနေရာမဟုတ် တနေရာ နေ့စဥ်လိုလို ဖြစ်ပွားနေတာပါ။ စစ်ကောင်စီဖက်ကလည်း ပီဒီအက်ဖ်တွေကို အကြမ်းဖက်သမားလို့ ခေါ်ဆိုပြီး အကြမ်းဖက်သမားတွေနဲ့ပတ်သက်တဲ့ သတင်းတွေပေးပို့ဖို့ ပေးပို့သူတွေကို ဆုကြေးငွေချီးမြှင့်ဖို့ဆိုတဲ့ အသိပေးထုတ်ပြန်ချက်တွေ ခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။

ပေါက်ကွဲမှုတွေကတော့ ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ ဒီနေ့ဖြစ်ပွားခဲ့ပြီး သေဆုံးမှုတော့မရှိပါဘူး။ ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက် စစ်ဆေးမှုတွေ မသင်္ကာသူတွေဖမ်းဆီးစစ်ဆေးမှုတွေတော့ ရှိတယ်လို့ သိရပါတယ်။

အခြားသတင်းတပုဒ်ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုးမြို့နယ်ထဲမှာ ကေအိုင်အေနဲ့ ကိုးကန့်လက်နက်ကိုင် အဖွဲ့နဲ့ ပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပြီး စစ်ကောင်စီဘက်က အထိနာပြီး အရာရှိနဲ့ တပ်သားအများအပြား သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနက် ကေအိုင်အေ၊ ကေအန်ယူ၊ ကေအန်ပီပီ၊ တီအန်အယ်လ်အေ၊ MNDAA (ကိုးကန့်လက်နက်ကိုင်) တပ်တွေနဲ့ ဖြစ်ပျက်နေတာ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်း၊​အရှေ့ပိုင်း နဲ့တောင်ပိုင်းတွေအထိ တိုက်ပွဲတွေ ပျံ့နှံ့နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

စစ်အာဏာရှင်ဖြုတ်ချနိုင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးတိုက်ပွဲဟာ မြန်မာပြည်လွတ်လပ်ရေးစတင်ကတည်းက ရေရှည်တိုက်ပွဲပဲ ဖြစ်တယ်လို့ ရှုမြင်သုံးသပ်ခဲ့သူတွေ ရှိနိုင်ပါတယ်။ ၁၉၆၂ စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာကတည်းကလည်း တော်လှန်ရေးအင်အားစုတွေထဲက အချို့အင်အားတွေ ပုဂ္ဂိုလ်တွေက ရှေရှည်လို့ သုံးသပ်ပြီး စုဖွဲ့ နေရာယူခဲ့ကြပါတယ်။ သည်လိုနဲ့ ၁၉၈၈၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၅၊ ၂၀၂၀ အပြောင်းအလဲကာလ တိုက်ပွဲပြင်းထန်တဲ့ကာလတွေမှာလည်း မျိုးဆက်အဆင့်ဆင့်ထဲက အင်အားစုတွေ ပုဂ္ဂိုလ်တွေထဲက ရေရည်တိုက်ပွဲအဖြစ် သဘောထားရပ်တည် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတာတွေလည်း ရှိခဲ့မှာပါပဲ။ စစ်အာဏာရှင်စနစ်ဖြုတ်ချရေး၊ ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဟာ ရေရှည်တိုက်ပွဲလား၊ မိမိတို့အစုအဖွဲ့ ရေရှည်တည်တံ့ ရှင်သန်ရေးသက်သက် တိုက်ပွဲလားဆိုတာကို ဘယ်လိုပိုင်းဖြတ်ခဲ့ကြသလဲ ရပ်တည်ရွေးချယ်ခဲ့ကြသလဲ ဆိုတာကတော့ ကာယကံရှင်တွေ နိုင်ငံရေးပါတီတွေ လက်နက်ကိုင်အစုအဖွဲ့တွေ ကိုယ်တိုင်ကပဲ မိမိဘာသာမိမိ သိရှိထားပြီးသား ဖြစ်ကြလိမ့်မယ် ထင်ပါတယ်။ ဘေးက မြင်တာနဲ့ မိမိအတွင်းသဘောထားကိုတော့ ယေဘူယျအားဖြင့် မှန်းကြည့်ဖို့ သိပ်မလွယ်ပါဘူး။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar