Breaking News

ကိုအောင်မှိုင်း - ကျနော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - အပိုင်း (၈)



ကိုအောင်မှိုင်း - ကျနော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - အပိုင်း (၈)

သြဂုတ်လ ၃၀၊ ၂၀၂၁

ဖက်ဆစ်အာဏာရှင်များနဲ့စေ့စပ်ရေး အတွေ့အကြုံဆိုင်ရာ သမိုင်းဖြစ်စဉ်များ။
၁။ ဒုတိယကမ္ဘာစစ်မတိုင်မီ ဖက်ဆစ်အာဏာရှင်ဟစ်တလာနဲ့ စေ့စပ်ဆွေးနွေးမှုများ။
၂။ မြန်မာနိုင်ငံပြည်တွင်းငြိမ်းချမ်းရေးကာလ စစ်အာဏာရှင်များနဲ့ စေ့စပ်ဆွေးနွေးမှုများ။
၃။ နွေဦးတော်လှန်ရေးကာလ အလိမ်ခံခဲ့ရသော စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများ။
၄။ ဖက်ဆစ်အာဏာရှင်စနစ်ရဲ့အဓိကထောက်တိုင် ဗမာဖက်ဆစ်စစ်တပ်ကို  အပြီးအပိုင်ဖျက်သိမ်းပြီး ဖက်ဒရယ်တပ်မတော်တရပ်ထူထောင်နိုင်ဘို့ဆိုတာ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်နေခြင်း။
၅။ နိဂုံးဆိုပြီး အပိုင်း ၅ ပိုင်း ရေးသားတင်ပြလိုပါတယ်။

၁။ ဒုတိယကမ္ဘာစစ်မတိုင်မီ ဖက်ဆစ်အာဏာရှင်ဟစ်တလာနဲ့ စေ့စပ်ဆွေးနွေးမှုများ။
ဖက်ဆစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရတယ်ဆိုတာ ကမ္ဘာ့သမိုင်းမှာမရှိခဲ့ပါဘူး။
အာဏာရှင်တွေဟာ များသောအားဖြင့်ရလေလိုလေအိုတစ္ဆေတွေပါ။ အာဏာရှင်တွေအနေနဲ့ အာဏာတွေ ဘယ်လောက်ရရ ငွေကြေးတွေဘယ်လောက်ချမ်းသာချမ်းသာ တင်းတိမ်ရောင့်ရဲတဲ့ အာဏာရှင်ဆိုတာ မရှိသလောက်ပါဘဲ။ အခြေအနေတွေအရသာ မဖြစ်လို့အာဏာလက်လွတ်ရတာမျိုး တော်လှန်ပုန်ကန်ခံရတာမျိုးဆိုတဲ့အခြေအနေရောက်မှသာ အာဏာလက်လွတ်လေ့ရှိတာတွေ့ရလေ့ရှိပါတယ်။ ဆရာမကြိး လူထုဒေါ်အမာပြောသလိုဘဲ အာဏာရှင်တွေဟာ သေမှထွက်လေ့ရှိတာ သေချာပါတယ်။ ကျနော်တို့ အာဏာရှင်တွေသမိုင်းကိုပြန်တူးဆွကြည့်တဲ့အခါ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်နိုင်ငံရဲ့အဓိပတိဆိုသူ ဟစ်တလာဟာ ထင်ရှားတဲ့ ဖက်ဆစ်အာဏာရှင်တယောက်ဆိုတာတော့ သေချာပါတယ်။

ဆိုလိုချင်တာက ဟစ်တလာရဲ့လောဘဇောကြောင့်  ဒုတိယကမ္ဘာစစ်ဟာ ကမ္ဘာ့သမိုင်းမှာ အသေအပျောက် အများဆုံးစစ်ရေးပဋိပက္ခဖြစ်ခဲ့ပါတယ်။ ခန့်မှန်းခြေအားဖြင့် လူဦးရေသန်း ၇၀ မှ ၈၅ သန်း (သို့မဟုတ်) ၁၉၄၀ ကမ္ဘာ့လူဦးရေရဲ့ ၃% (ခန့်မှန်း ၂.၃ ဘီလီယံ) စစ်ပွဲနှင့်တိုက်ရိုက်သေဆုံးမှုများ (စစ်တပ်နှင့်အရပ်သားသေဆုံးမှုများအပါအဝင်) ခန့်မှန်းခြေအားဖြင့် ၅၀ မှ ၅၆ သန်းအထိရှိပြီး စစ်နှင့်ဆက်နွှယ် သောရောဂါ၊ အငတ်ဘေးတို့ကြောင့် နောက်ထပ် ၁၉-၂၈ သန်းခန့်သေဆုံးခဲ့ပါတယ်။ အရပ်သားသေဆုံးမှု စုစုပေါင်း ၅၀ မှ ၅၅ သန်း။ စစ်သုံ့ပန်း ၅ သန်းခန့် အကျဉ်းကျသေဆုံးခြင်းအပါအဝင် အကြောင်းရင်းအားလုံးမှ  စစ်တပ်သေဆုံးမှု စုစုပေါင်း ၂၁-၂၅ သန်းရှိခဲ့တယ်လို့  WIKIPEDIA က မှတ်တမ်းတင်ထားခဲ့ပါတယ်။

တစ်အချက်က ပထမကမ္ဘာစစ်ရှုံးပြီးတဲ့နောက် ဂျာမန်စစ်တပ်ဟာ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေကို အသေအချာ သုတေသနလုပ်ခဲ့ကြောင်းသိရပါတယ်။  ဟစ်တလာဟာ တပ်ကြပ်ဘဝနဲ့ စစ်တပ်က တာဝန်ပေးချက်အရ အလုပ်သမားပါတီငယ်တခုကိုသုတေသနလုပ်ခဲ့ရာက အဲဒီအလုပ်သမားပါတီမှာ ပါတီဝင်လေျှာက်ပြီး အလုပ်အမှုဆောင်ဖြစ်လာခဲ့ပါတယ်။ ၁၉၂၀ ခုနှစ်ဖေဖေါ်ဝါရိလ ၂၄ ရက်နေ့မှာ လက်ရှိ အလုပ်သမားပါတီကို နာဇီပါတီ (အမျိုးသားဆိုရှယ်လစ်ဂျာမန်အလုပ်သမားပါတီ) ဆိုပြီး ကင်းပွန်းတပ်ခဲ့ပါတယ်။ ဒီနောက်စစ်တပ်ကထွက်ပြီး နိုင်ငံရေးထဲဝင်ခဲ့ပါတယ်။ စစ်သားများ စစ်ပြန်များထောက်ခံမှုနဲ့ နာဇီပါတီဟာ အင်အားကြီးလာခဲ့ပါတယ်။ အဓိကပြဿနာမှာ ပထမကမ္ဘာစစ်ရှုံးရတာ နိုင်ငံရေးသမားတွေကြောင့်ဆိုပြီး လက်ညှိုးထိုးစည်းရုံးတာကို လူထုက လက်ခံခဲ့ကြတာဖြစ်ပါတယ်။ နောက်တချက်ကတော့ ဂျူးလူမျိုးမုန်းတီးရေးဆိုတဲ့ လူမျိးးရေး မှန်းတီးမှုကိုအခြေခံပြီး လှုံဆော်စည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။ (မှတ်ချက်  - အဲဒီကာလမှာ ဂျာမန်နိုင်ငံမှာ ဂျူးလူမျိုးတွေဟာ အလွန်တရာချမ်းသာကြပါတယ်။)

နှစ်အချက်ကတော့  “လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ်လိမ်ပါ” ဆိုတဲ့ ဖက်ဆစ်အာဏာရှင် ဟစ်တလာရဲ့  လိမ်လည်ကောက်ကျစ်မှုတွေကို နိုင်ငံတကာမှာရှိတဲ့ ဖက်ဆစ်အာဏာရှင်တွေအနေနဲ့ အတုယူလုပ်ဆောင်လေ့ရှိတာလဲ တွေ့ရလေ့ရှိပါတယ်။ ကနေ့ထိတိုင် ဖက်ဆစ်အချို့ဟာ နှိပ်စက်သတ်ဖြတ်ခြင်း ခြိမ်းခြောက်အကြပ်ကိုင်ခြင်းတွေကို ပက်ပက်စက်စက် ယုတ်ယုတ်မာမာ လုပ်နေကြချိန်မှာဘဲ အခြားတဖက်မှာ လိမ်ညာဝါဒဖြန့်ပြီး အမှားတွေကို အမှန်ဖြစ်အောင်၊ အမှန်တွေကို အမှားဖြစ်အောင်လုပ်ကြလေ့ရှိတာကလည်း ဖက်ဆစ်အာဏာရှင်တိုင်းကျင်းသုံးလေ့ရှိတဲ့  မဟာဗျူဟာ အခင်းအကျင်းတွေပါဘဲ။

(ဤအချက်မှာ သူ့အဓိပ္ပါယ်နှင့်သူ လုံးဝမှန်နေပေသည်။ အဘယ်ကြောင့်ဆိုသော် ကြီးမားသောမုသားပြောဆိုမှုများတွင် ယုံကြည်လောက်သော အင်အားများပါရှိစမြဲဖြစ်၏။ တနည်းဆိုသော် လူမျိုးတမျိုး၏ ကျယ်ပြန့်သောလူထုကြိးများသည် သူတို့၏စိတ်လှုပ်ရှားမှု သဘာဝအရ သိသိသာသာပင်ဖြစ်စေ၊ မသိမသာပင်ဖြစ်စေ၊ ပို၍ကြီးကျယ်လေးနက်သော အကြောင်းအရာများအပေါ်တွင် အမြဲတစေလွယ်လွယ်ကူကူနှင့် ယုံးစားတတ်ကြ၏။ ဤသို့ဖြင့် သူတို့၏စိတ်ဓါတ်မှ မူလဗီဇရိုးသားမှုတို့ကြောင့် သူတို့သည် အသေးအဖွဲ့လိမ်ညာမှုများထက် အကြိးအကျယ် လိမ်ညာမှုများကို ပို၍လက်ခံယုံကြည်ရန်အသင့်ရှိနေပေသည်။

(ကျွန်ုပ်၏ ကြိုးပမ်းမှု Main Kent  စာမျက်နှာ ၁၉၈)

ဖက်ဆစ်အာဏာရှင်တွေဟာ လူတဦး လူတစုကစပြီး တနိုင်ငံလုံးကိုအထိ လိမ်လည်လှည့်ဖြားရန် အသင့်ရှိနေကြကြောင်း သိသာထင်ရှားလှပါတယ်။

နာဇီပါတီရဲ့အဓိကမောင်းနှင်အားမှာ အဖနိုင်ငံတော်ဆိုတဲ့သြဝါဒအောက်က လူမျိုးရေးလှုံဆော်မှုဆိုတာဘဲ ဖြစ်ပါတယ်။  ၁၉၂၃ ခုနှစ်အတွင်း ဟစ်တလာဟာ အမျိုးသားရေးအခြေခံရှိတဲ့ အခြားပါတီ ၄ ခုလောက်နဲ့ ညီညွတ်ရေးယူပြီး “မျိုးချစ်အဖွဲ့ချုပ်” ဆိုတဲ့ အမည်နဲ့ ပူးတွဲကော်မတီတရပ် ထူထောင်နိုင်ခဲ့တာ တွေ့ရပါတယ်။

ဒီပူးတွဲကော်မတီဟာ နာဇီပါတီအတွက် ခိုင်မာတဲ့အင်အားတွေဖြစ်ခဲ့သလို ဟစ်တလာရဲ့ နိုင်ငံရေးအခန်းကိုလည်း တိုးချဲ့စေနိုင်ခဲ့ပါတယ်။ နာဇီပါတီပြီး အင်အားအများဆုံးပါတီကတော့ ဂျာမန်ကွန်မြူနစ်ပါတီဖြစ်ပါတယ်။ နာဇီပါတီရဲ့အဓိကရန်သူကတော့ ဂျာမန်ကွန်မြူနစ်များဖြစ်ကြပြီး အပြန်အလှန်ပစ်ခတ်သတ်ဖြတ်မှုများအထိ ဖြစ်ခဲ့ကြပါတယ်။

၁၉၃၀ခုနှစ်တဝိုက် ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်ခဲ့ရာ ဂျာမဏီနိုင်ငံမှာလဲ အလုပ်လက်မဲ့များစွာတိုးပွားခဲ့ပါတယ်။ ၁၉၃၃ ခုနှစ်မှာတော့ အလုပ်လက်မဲ့ဥိးရေ ၆ သန်းထိတိုးပွါးခဲ့ပါတယ်။ အလုပ်လက်မဲ့အများစုကို နာဇီပါတီက လူမျိုးရေးအမုန်းတရားများ၊ လိမ်လည်လှည့်ဖျားသော ဂတိကဝတ်များနဲ့  ရှပ်ညိုတပ်ဖွဲ့များအ ဖြစ် အသွင် ပြောင်းလဲနိုင်ခဲ့ပါတယ်။၁၉၃၀ခုနှစ် စက်တင်ဘာ အထွေထွေရွေးကောက်ပွဲမှာ နာဇီပါတီအနိုင် ရခဲ့ပါတယ်။ ဒုတိယနေရာကို ဂျာမန်ကွန်မြူနစ်ပါတီကရရှိခဲ့ပါတယ်။နာဇီပါတီရဲ့အောင်မြင်မှုကို ဗြိတိန်ပြည် လန်ဒန်တိုင်း သတင်းစာကြီးက ရှည်လျားသောဘုန်းတော်ဘွဲ့ဖြင့် ခေါင်းကြီးပိုင်းရေးသားဂုဏ်ပြုချီးကျူးခဲ့ သလို  ဒေလီမေးလ် သတင်းစာက လော့ဒ်ရောသာမီယာဆိုသူကလည်း “ဟစ်တလာ၏ အောင်ပွဲသည် ဘော်လ်ရှီဗစ်ကွန် မြူနစ်များအား တိုက်ခိုက်ရေးအတွက် တတပ်တအားဖြစ်ကြောင်း” ထုတ်ဖေါ်ရေးသား ခဲ့ပါတယ်။ ထို့အတူ ဥရောပနိုင်ငံများဟာလဲ ဟစ်တလာကြီးကြိးကျယ်ကျယ်လိမ်ညာခဲ့တာကို ယုံကြည်ခဲ့ ပါတယ်။ ဥရောပတိုက်ရှိ အရင်းရှင်ကြီးများဟာ ဟစ်တလာကို ငွေအား လက်နက်အား နည်းပညာအားများပံ့ပိုးခဲ့ကြပါတယ်။ ကိုယ့်ကို သတ်မဲ့လူကို ကိုယ်ကိုယ်တိုင်မွေးမြူလေ့ကျင့်ကူညီခဲ့ကြတာလို့ ပြောရတော့မယ်ထင်ပါတယ်။

ပထမကမ္ဘာစစ်အတွင်း စစ်ရှုံးတဲ့အတွက် ချုပ်ဆိုခဲ့တဲ့ ဗာဆိုင်းစာချူပ် (၁၉၁၉ ခုနှစ် ဂျွန်လ ၂၈ ရက်) မှာ
၁။ ဂျာမဏီပြည်နယ်အချို့ကို ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ ပိုလန်၊ လစ်သူနီးယား၊ ဒိန်းမတ်တို့ကို ခွဲဝေပေးရန်။
၂။ ရိုင်းလင်းပြည်နယ်ကို စစ်နိုင်သောနိုင်ငံများက ၁၅ နှစ် အုပ်ချူပ်ထားရန်။
၃။ ဆားနယ်ကို နိုင်ငံတကာအုပ်ချုပ်မှုအောက်မှာ ထားရန်။
၄။ လက်နက်ကိုင်စစ်သားဦးရေ တသိန်းထက်ပိုမထားရန်။
၅။ စစ်သဘော ၆စင်းသာထားရန်။ လေယဉ်တင်သင်္ဘော၊ ရေငုတ်သင်္ဘော၊ စစ်လေယဉ်များမတည်ဆောက်ရန်တို့ကို စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ ဟစ်တလာအာဏာရတာနဲ့ ရုရှားဘော်ရှိဗစ်တွေကို ချေမှုန်းရန်ဆိုတဲ့ လိမ်ညာမှုနဲ့ဘဲ ဗာဆိုင်းစာချုပ်ကို ဆွဲဆုတ်ပစ်နိုင်ခဲ့ပါတယ်။ စစ်သည်အင်အား ၅ သိန်း ၅ သောင်းပါ တပ်မကြီး ၃၆ ခုကို ဖွဲ့ စည်းဘို့ရည်ရွယ်ကြောင်း ဟစ်တလာဗြောင်ထုတ်ဖေါ်ပြောလိုက်မှ ဥရောပနိုင်ငံအားလုံးလိုလို မျက်ကလဲဆန်ပြာဖြစ်ကုန်တော့တာပါဘဲ။

နာဇီပါတီနဲ့ဂျာမန်ကွန်မြူနစ်တို့ အပြန်အလှန်သတ်ဖြတ် တိုက်ခိုက်မှုတွေခပ်စိတ်စိတ်ဖြစ်လာကြပြီး နာဇီတွေက ကွန်မြူနစ်များကို အကြမ်းဖက်တိုက်ခိုက်မှုများလာလေ ဂျာမန်အရင်းရှင်ကြိးတွေက  နာဇီပါတီကို  ပိုမိုထောက်ပံ့လေဖြစ်ခဲ့ပါတယ်။ ဖရစ်ဘိုင်ဆင်ရေးတဲ့ ဟစ်တလာအား ကျွန်ုပ်ငွေပေးခဲ့စဉ်က စာအုပ်မှာ “စင်စစ် အရင်ရှင်ကြီးတွေနဲ့ နာဇီဖက်ဆစ်တွေဟာ စနစ်တခုရဲ့ ခေါင်းနဲ့ပန်းတွေလို  ခွဲလို့မရပါ  ခွါလို့လဲမဖြစ်နိုင်တာ ဓမ္မတာပဲမဟုတ်ပါလား။ အားလုံးပေါင်းလိုက်မယ်ဆိုရင် စက်မှုလုပ်ငန်းရှင်ကြိးတွေက နာဇီပါတီကို ထောက်ပံ့ခဲ့တဲ့ငွေဟာ ခန့်မှန်းခြေအားဖြင့် တနှစ်တနှစ်ကို ၂ သန်းလောက်ရှိပါတယ်“ လို့ ဖွင့်ဟဝန်ခံထားတာတွေ့ရပါတယ်။

နာဇီပါတီအနိုင်ရပြီး ဟစ်တလာဝန်ကြီးချူပ်ဖြစ်လာတာနဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီး “နိုင်ငံတော်နှင့်ပြည်သူလူထုတို့အား ဆင်းရဲဒုက္ခဘေးမှ လွတ်မြောက်ရေးအခြေခံဥပဒေကြိး” ကို လွှတ်တော်မှာ အဆိုတင်ပြဌန်းခဲ့ပြီး လွှတ်တော်အားလုံးကိုဖျက်သိမ်းလိုက်ပါတော့တယ်။ ၁၉၃၃ ခုနှစ် ဇူလိုင်လ ၁၄ ရက် နေ့စွဲနဲ့ထုတ်ဝေလိုက်တဲ့နိုင်ငံတော်ပြန်တမ်းမှာ

အပိုဒ် ၁။ ။အမျိူးသားဆိုရှယ်လစ်ဂျာမန်အလုပ်သမားပါတီသည် ဂျာမဏီပြည်တွင် တခုတည်းသော တရားဝင်နိုင်ငံရေးပါတီဖြစ်စေရမည်။
အပိုဒ် ၂။ ။အခြားနိုင်ငံရေးပါတီအသင်းအဖွဲ့များကို ဆက်လက်ဖွဲ့စည်းလုပ်ဆောင်နေသူ သို့မဟုတ် နိုင်ငံရေးပါတီသစ်တခုဖွဲ့စည်းရန်လုပ်ဆောင်သူမှန်သမျှမည်သူမဆို အခြားပိုမိုကြီးလေးသော ရာဇဝတ်ပြစ်မှုများဖြင့် ငြိစွန်းခြင်းမရှိပါက ထောင်ဒဏ်သုံးနှစ်သော်၎င်း သို့မဟုတ် ထောင်ဒဏ်သုံးနှစ် အထက်သော်၎င်း အရေးယူအပြစ်ပေးခြင်းခံရမည်။

နိုင်ငံတော်ဝန်ကြီးချုပ်
ဟစ်တလာ

နိုင်ငံတော် ပြည်ထဲရေးဝန်ကြီး
ဖရစ်

နိုင်ငံတော် တရားရေးဝန်ကြီး
ဒေါက်တာ ဂတ္တနာ

ဤကြေငြာချက်အမိန့်ပြန်တမ်းဟာ ဂျာမဏီပြည်မှာ အရင်းရှင်ပါလီမန်ဒီမိုကရေစီစနစ်အတွက် နာရေးကြော် ငြာတခုအဖြစ် သုံးသပ်ခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်အာဏာရှင်ဟစ်တလာ ဒီလောက်ရမ်းကားလာနိုင်ခြင်းကိုက ဗြိတိန်လို ပြင်သစ်လိုနိုင်ငံတွေရဲ့ ရွှေပြည်အေးပေါ်လစီဖြစ်တဲ့ စစ်မဖြစ်ရရင်ပြီးရော အညံ့ခံရေးပေါ်လစီကြောင့်ဆို တာ ထင်ရှားတဲ့ သက်သေသာဓကပါဘဲ။
၁။ ဟစ်တလာဟာ နာဇီတပ်ကြီးဖွဲ့စည်းပြီးတာနဲ့ ခြိမ်းချောက်ဟိန်းဟောက်ပြီး သြစတီးယားတိုင်းပြည်ကို ကျူးကျော်သိမ်းပိုက်တယ်။
၂။ စစ်ဦးကာလမှာ ဗြိတိန်ဝန်ကြီးချုပ်ချိန်ဘာလိန်က ဟစ်တလာနဲ့စေ့စပ်ဆွေးနွေးရေးတွေ အကြိမ်ကြိမ်လုပ်ခဲ့တယ်။ “အလျှော့ပေးကြေအေးရေးပေါ်လစီ” လို့ခေါ်တဲ့ ရွှေပြည်အေးပေါ်လစီကို အကောင်အထည်ဖော်တယ်။ သူ့သဘောက စစ်မတိုက်ချင်ဘူး။ စစ်ကိုရှောင်ဖို့ စေ့စပ်ဆွေးနွေးရေး၊ သံတမန်ရေးတွေသုံးဖို့ စဉ်းစားတယ်။ ဟစ်တလာက မြေလိုချင် မြေပေးမယ်ဆိုပြီး ချက်ကိုစလိုဗက်ကီးယားရဲ့ ဆူဒေးတန်ဆိုတဲ့ နယ်ခြားဒေသကို ထိုးကျွေးလိုက်တယ်။ အင်္ဂလိပ်နဲ့ ပြင်သစ်ပေါင်းပြီး အီတလီကကြားပွဲစားလုပ်ခဲ့တယ်။ ဟစ်တလာတောင်းနေတဲ့ ချက်ကိုစလိုဗက်ကီးယားနယ်ခြားဒေသကို ပေးတယ်ဆိုပြီး မဆိုင်သူတွေက လက်မှတ်ထိုးစာချုပ်ချုပ်လိုက်တယ် (မြူးနစ်စာချုပ်)။ ကာယကံရှင်ဖြစ်တဲ့ ချက်နိုင်ငံကအစည်းအဝေးမှာတောင်မပါခဲ့ရပါဘူး။ ဒါကြောင့် မြူးနစ်သစ္စာဖောက်မှုလို့ သမိုင်းမှာနာမည်ကြီးခဲ့ပါတယ်။ ဟစ်တလာက သူတောင်းတဲ့ ဒီနယ်မြေရရင် ကျေနပ်ပြီလို့ထင်ခဲ့ကြပါတယ်။

၃။ ဗြိတိသျှဝန်ကြီးချုပ်အဖြစ် စစ်ကြီးတလျှာက်လုံးခေါင်းဆောင်မှုပေးသွားခဲ့သည် ဝင်စတန်ချာချီက မြူနစ်စာချုပ်နဲ့ပတ်သက်ပြီး ၁၉၃၈ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့မှာ ဒီလိုပြောခဲ့ဘူးပါတယ်။

“ပထမတော့ ခြောက်လုံးပြူးနဲ့တေ့ပြီး ငွေ ၁ ကျပ်တောင်းခံခဲ့ရတယ်။ အဲဒါကိုပေးလိုက်တော့ နောက်တခါ တေ့ပြီး ငွေ ၂ ကျပ် တောင်းပြန်တာပါဘဲ။ နောက်ဆုံးတော့ ၁ ကျပ် ၇၅ ပြားပဲပေးထားပါရစေဦး။ ကျန်တာကို နောက်မှဖြေးဖြေးပေးသွားပါရစေဆိုလို့ အာဏာရှင်ကြီးက ကျေနပ်သွားတယ်” ဆိုပြီး အာဏာရှင်တွေရဲ့ လောဘ အတော်မသတ်နိုင်တာကို အထက်ကဥပမာလေးပေးပြီး ကမ္ဘာကိုရှင်းပြခဲ့ပါတယ်။

၄။ နာဇီဖက်ဆစ်တွေနဲ့စေ့စပ်ဆွေးနွေးပွဲတွေထိုင်ရင်း နာဇီဖက်ဆစ်တွေက အင်အားကြီးထွားလာတယ်။ စေ့စပ်ရေးလုပ်ပြီး ဖက်ဆစ်ကိုဆက်ရှင်သန်ခွင့်ပေးခဲ့တာဟာ ဖွတ်က မိကျောင်းဖြစ်၊ မိကျောင်းကနေ ဂေါ်ဇီလာ ဖြစ်ဆိုသလိုဖြစ်လာခဲ့တော့တာပါဘဲ။

၅။ ဒုတိယကမ္ဘာစစ်အတွင်းမှာ လက်ဝဲလက်ယာ (ချာချီ-အက်တလီ) ညွ့န်ပေါင်းအစိုးရဖွဲ့ပြီး နာဇီဖက်ဆစ်တွေကိုအပြုတ်တိုက်ခဲ့ရတာဖြစ်ပါတယ်။ နာဇီဖက်ဆစ်မပြုတ်ရင် ဗြိတိသျှနန်းဆက်လဲပြုတ်မယ်၊ ဗြိတိသျှအင်ပါယာပြိုလဲမှဖြစ်ပါတယ်။ နိုင်ငံတကာမှာလဲ ဖက်ဆစ်တိုက်ဖျက်ရေးပါတီပေါင်းစုံ ညွန့်ပေါင်းအဖွဲ့တွေ ဖွဲ့ပြီး  နာဇီဖက်ဆစ်တွေကို တော်လှန်အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အခိုင်အမာနိဂုံးချုပ်ချက်ကတော့ အာဏာအတွက် ဘာမဆိုလုပ်ရဲတယ်ဆိုတဲ့ ဗိုလ်မင်းအောင်လှိုင် စိတ်ဓါတ်မျိုးကို ဖက်ဆစ်အာဏာရှင်စိတ်ဓါတ်လို့ ခေါ်ရင်မှားမယ်မထင်ပါ။

ကိုအောင်မှိုင်း
သြဂုတ်လ ၂၉ ရက် ၂၀၂၁ ခုနှစ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar