Breaking News

မိုးမခကဗျာ - ဇာနည် "မြင်းရည်တတ်ခြောက်ကျိပ်" ၊ သားဦး '' တောပြဇာတ် ''

မိုးမခကဗျာ
အောက်တိုဘာ ၂၅၊ ၂၀၂၁

"မြင်းရည်တတ်ခြောက်ကျိပ်"
ဇာနည်

ကြက်လောင်းတယ်
ဂျင်လှည့်တယ်
ဖဲရိုက်တယ်
ထန်းရေမူးတယ်
ဒါတွေကအရေးမကြီးပါဘူး..
ဆံပင်ရှည်ထားတယ်
တက်တူးထိုးတယ်
နိုက်ကလပ်တက်တယ်
ဆေးခြောက်ရူတယ်
ဒါတွေကအရေးမကြီးပါဘူး..
ရည်းစားများတယ်
ရန်ဖြစ်တယ်
ကျောင်းပြေးတယ်
အတန်းကျတယ်
ဒါတွေကအရေးမကြီးပါဘူး..
ကမ္ဘာကြီးကိုရှင်သန်စေချင်တယ်
လောကကြီးကိုလှပစေချင်တယ်
စစ်အာဏာရှင်စနစ်ကိုမုန်းတယ်
ပြည်သူတွေကိုကောင်းစားစေချင်တယ်
တိုင်းပြည်ကိုချစ်တယ်
နောက်ဆုံးတော့
သူတို့တွေဘဲ
လမ်းမတွေပေါ်မှာ
အသက်စွန့်သွားကြတယ်..။ ။

(မုတ်ဆိုးဘိုရွာမှမြင်းရည်တတ်ခြောက်ကျိပ်မှသည်..ဂျန်ဇီများသို့..)

၂၃-၁၀-၂၀၂၁

...

'' တောပြဇာတ် ''
သားဦး

မနက်ခင်းတိုင်း
ကြက်ဖက သူ့ကြက်မကိုသတိပေးတယ်
ဥကြီးကြီးဥတဲ့
ဒါကို လူတွေက နိဗ္ဗာန်ဆော်
ထကြတော့ဟေ့လို့ အော်တာလို့ကြားတယ်တဲ့

ခြင်ဆေးခွေပေါ်ပေါက်လာဖို့အတွက်
ခြင်ကိုပဲ ကျေးဇူးတင်ရတော့မလိုလို
မြစ်ကူးတံတားတွေ ပေါ်ထွန်းလာဖို့အတွက်
မြစ်ကိုပဲ ကျေးဇူးတင်ရတော့မလိုလို

တစ်ခါက အရပ်ပြဇာတ်ကခဲ့ကြသလိုပေါ့
သားအဖနှစ်ယောက်
စင်ပေါ်ကို တစ်ယောက်တစ်ပေါက်ဆီက
တက်လာပြီး အရွှန်းဖောက်ကြတယ်
မင်းငါမြင်ဘူးသလိုပဲဆိုတော့
ကျန်တစ်ယောက်က
ခင်ဗျားလည်း ကျုပ်မြင်ဖူးသလိုပဲတဲ့
မင်း ဘယ်ရွာကလဲဆိုတော့
ဒီရွာကပဲ မြောက်ပိုင်းမှာနေတယ်ပေါ့
ဟ ဒါဆိုမမကြူသိလားဆိုတော့
သိတာပေါ့ သူ့ယောက်ျားက လူပုဂွတို ဆိုတော့
အကြောင်းသိ ပရိသတ်တွေကရယ်ပြီလေ
ဇာတ်ထဲမှာသာ သူစိမ်းတွေ
အပြင်မှာက သားအဖအရင်းတွေကိုး

ဒီမှာ တစ်ယောက်ကထပ်ပြောတယ်
ငါက မမကြူအိမ်မှာနေတာလေတဲ့
တစ်ယောက်ကလည်း အားကျမခံပြန်ပြောတယ်
ကျုပ်လည်းမမကြူအိမ်မှာနေတာပဲတဲ့
ဟာ ဒါဆိုမင်းက ငါ့သားမဲလုံး
သြော် ခင်ဗျားက ကျုပ်အဖေဂွတိုကိုးတဲ့
ပြောရင်းနှစ်ယောက်သား 
လည်ပင်းဖက် ဆင်းသွားကြတယ်

တောပြဇာတ်ဆိုတော့လည်း
လူပြက်မငှားနိုင်
ရှိတာနဲ့ မြိုင်အောင်ကကြရတာကိုး

ကြက်ဖက ဥကြီးကြီးဥအော်သလို
လူတွေက ထကြတော့ဟေ့ ကြားသလို ။ ။
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar