Breaking News

ကိုသန်းလွင် - ယုံကြည်မှုနှင့် တရုတ်နိုင်ငံ


ကိုသန်းလွင်  - ယုံကြည်မှုနှင့် တရုတ်နိုင်ငံ
(မိုးမခ) အောက်တိုဘာ ၂၅၊ ၂၀၂၁

(၁)
၁၉၇၀ ခုနှစ်များဆီက ခါင်းဆောင်ကြီးတင်ရှောက်ပင်က တရုတ်ပြည်၏ စီးပွားရေးစနစ်ဖွံ့ဖြိုး တိုးတက်‌အောင်ကြိုးစားစဉ်ကပင် အများက တရုတ်တို့ကို ရက်စက်ကြမ်းကြုတ်သော အာဏာရှင်စနစ်အောက်မှာရှိသည်ဆို စမြင်အောင် မြင်စေချင်ခဲ့ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤနည်းဖြင့်ပို၍ပွင့်လင်းသော စီးပွားရေးစံနစ်နှင့် လူနမှုစနစ်တို့ကို ဖြစ်စေချင်၍ဖြစ်ပါသည်။ သို့ပါသော်လည်း သမ္မတရှီဂျင်ပင်း (Xi Jinping) ၏ပေါ်လစီများသည် တရုတ်အနာဂါတ်ကို ပိုမိုအန္တရာယ်ဖြစ်စေပြီး နောင်ကမ္ဘာပေါ်ရှိလူသားအားလုံးကို ရန်ပြုတော့မည့်ဘက်သို့ ဆွဲဆာင်လျက်ရှိပါသည်။

ယနေ့ ရှီဂျင်ပင်း လုပ်ဆောင်နေသည်မှာ တရုတ်နှင့်နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှုကို ပျက်ပြားအောင်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ တရုတ်တို့၏ပြည်တွင်းသို့လာ၍ အလုပ်လုပ်ရန်ယုံကြည်မှုကို ကင်းမဲ့စေပါသည်။ သူ၏ ဟောင်ကောင်ကို ဝါးမြိုသိမ်းသွင်းခြင်း နောက်ထပ်တစ်ဖန်ထိုင်ဝမ်ဘက်သို့ လှမ်း၍ရန်လုပ်ခြင်း စသည်တို့မှာ အမေရိကန်နှင့် တိုက်ရိုက်ပဋိပက္ခဖြစ်ပွားအောင်ဆာင်ရွက်သည်နှင့် တူပါသည်။

ရှီ၏ ခပ်ကြမ်းကြမ်းမူဝါဒသည် အောင်မြင်ရန်အလှမ်းဝေးနေသည့်အပြင် ပစိဖိတ်ဒေသတွင်းမှာ လွတ်လပ်သောနိုင်ငံများအတွက်လည်း အန္တရာယ်ဖြစ်စေပါသည်။ ထိုနည်းတူ တရုတ်ပြည်ကြီး ကျရှုံးအောင်၊ အပိုင်းပိုင်းဖြစ်သွားအောင်လည်း မဖြစ်စေလိုပါ။ ကျွန်တော်တို့သည် ၁.၄ ဘီလီယံ လူဦးရေရှိသည့် နိုင်ငံတခုအကြောင်းကိုပြောနေခြင်း ဖြစ်ပါသည်။ ဤလူသားတရပ်လုံးကို အန္တရာယ်ဖြစ်စေသည်ဆိုရာ၌ လူတိုင်းရှုရှိက်သည့်လေနှင့်ဝယ်စီးရန် ဖိနပ်ကစ၍ ထိခိုက်တော့မည်ဖြစ်ပါသည်။ ရှီ၏ မကြာသေးမီက အပြုအမှုများမှာ တရုတ်ပြည်၏ ပြည်တွင်းရော ပြည်ပတွင်ပါ အကျိုးသက်ရောက်မှုများရှိနေမည်မှာ အမှန်ပင် ဖြစ်ပါသည်။ 

ဆိုပါစို့။ ၂၀၀၈ ခုနှစ် အက်ပဲအိုင်ဖုန်းထုတ်ဝေပြီး တစ်နှစ်အကြာတွင် စတီဂျော့တစ်ယောက် လူမြင်ကွင်းမှပျာက်သွားသည်ဆိုပါစို့။ အမေရိကန်တွေက ဘယ်သို့မှတ်ယူကြမည်နည်း။ ဂူဂဲလ်ဆာ့ချ် (Google Search) တွင် စတိဂျော့ ဘယ်မှာလဲဟူသော မေးခွန်းတွေပေါ်ထွက်လာမှာ သေချာပါသည်။ တရုတ်ပြည်တွင် စတိဂျော့ အလားတူ ဂျက်မား (Jack Ma) ဆိုသူ အလီဘာဘာဝက်ဆိုဒ် ကိုတည်ထောင်သူတစ်ဦးရှိပါသည်။ ဂျက်မားသည် ဟောင်ကောင်တွင် ခဏတာမျှ ပေါ်လာခဲ့ပါသည်။ ၂၀၂၀ ခု မတ်လတွင် တရုတ်ပြည်၏ စီးပွားရေးထိန်းချုပ်မှုများအကြောင်း ဝေဖန်ပြောဆိုပြီးကတည်းက ဂျက်မားသည် အကျယ်ချုပ်ကျနေသလိုလို၊ ခရီးလွန်နေသလိုလို ပြောကြပါသည်။ သူသည် လွန်ခဲ့သည့်နိုဝင်ဘာလတွင် ကုမ္ပဏီတခု အများပိုင်လုပ်သည့်ကိစ္စနှင့် ‌ပေါ်လာရမည်ဖြစ်ပါသည်။ သူပေါ်မလာခဲ့ပါ။ ရှီကပြောသည်။ သူ့အနေနှင့် အလီဘာဘာ၊ တက်နက်၊ Baidu နှင့် တခြားတရုတ်ပြည်စက်မှုကုမ္ပဏီကြီးများ ကွန်မြူနစ်ပါတီ၏သြဇာမှလွတ်ကင်း၍ တစ်ကမ္ဘာလုံးလွမ်းခြုံနိုင်သည့် စီးပွားရေးအင်အားရှိသူများနှင့် သူသြဇာရှိသော ဒုတိယတန်းစားကုမ္ပဏီတို့ကိုရွေးပါဆိုလျှင် ဒုတိယတန်းစားကုမ္ပဏီကိုသာ ရွေးပေလိမ့်မည်။ ရှီအနေဖြင့် အနောက်တိုင်း စက်မှုကုမ္ပဏီကြီးများသည်သူတို့၏လူနေမှုစနစ်ကို ယိုယွင်းပျက်ပြားစေကြာင်း သိရှိခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ရှုတ်ထွေးသော အရင်းရှင်ဝါဒကို တရုတ်ပြည်၌ လက်မခံလိုပါ။ ထိုအဖြစ်ကို နားလည်နိုင်ပါသည်။ သို့ပါသော်လည်း သူ၏ တိုးတက်တီထွင်သူတစ်ယောက်ကို မြင်ကွင်းမှပျောက်သွားအောင်လုပ်နိုင်ခြင်းမှာ ထူးဆန်းနေပါသည်။ တရုတ်လူမျိုးတို့အနေဖြင့် မေးကြရမည်မှာ သူတို့ယူကြရမည့်စည်းကမ်းအသစ်တွေကဘာလဲ၊ ငါ့ရဲ့အနာဂတ်ကဘယ်လိုလဲဆိုသော မေးခွန်းများပင်ဖြစ်ပါသည်။ သြစတေးလျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာစီပိန်း (Marise Payne) က ကိုရိုနာဗိုင်းရပ်အခြေခံကို ရှာဖွေသင့်ကြောင်းပြောကြားသည်နှင့် သူ၏တုန့်ပြန်ချက်မှာ သြစတေးလျမှ ဘာလီ၊ အမဲသား၊ ဝိုင်၊ မီးသွေးစသည့် အင်ပို့များကို လျော့ချခြင်းတို့ပြုလုပ်လိုက်ရာ အများက အံ့အားသင့်ကုန်ကြသည်။ ၎င်းသည် ပြင်းထန်သည့် မလိုအပ်သော (Bully) လုပ်သည့် လုပ်ရပ်များဖြစ်ပါသည်။

လွန်ခဲ့သော ရက်သတ္တနှစ်ပါတ်က တရုတ်တို့သည် ထိုင်ဝမ်၏လေပိုင်နက်အတွင်းသို့ လေယာဉ် ၁၅၀ စီးကိုစေလွှတ်ခြင်းမှာ တရုတ်တို့၏ ထိုင်ဝမ်ကိုသိမ်းပိုက်လိုသည့်သဘောလက္ခဏာတရပ်ဖြစ်သည်။ ဤဖြစ်ရပ်သည် ကြီးမားသောအတွက်အချက်အမှားဖြစ်ကြောင်း ရှီအနေဖြင့် သိသင့်ပါသည်။သည့်အတွက် အကြောင်းပြချက်များစွာရှိပါသည်။ ထိုအချက်များထဲမှ အချက်တစ်ချက်ကိုသာ ပြောချင်ပါသည်။ ဆီမီကွန်ဒတ်တာများအကြောင်းဖြစ်ပါ၏။ ထိုချစ် (Chip) များသည် ၂၁ ရာစု၏ ဒီဂျီတယ်စီးပွားရေးစနစ်ကိုတည်ထောင်သော အုတ်ချပ်များဖြစ်ပါသည်။ ဤဖြစ်ရပ်ကြီးနောက်တွင် ကွယ်လျက်ရှိပြီး ရုတ်တရက်မမြင်နိုင်ပါ။ ထိုင်ဝမ်သည် လူသူရောက်ရန်ခက်ခဲသော ကျွန်း၊ အမြဲ တိုင်ဖွန်းလ၊ မုန်းတိုင်းဒဏ်ခံနေရသည့်ကျွန်းကလေးဖြစ်ပြီး လူဦးရေ ၂၄ သန်းမျှ ရှိပါသည်။ သို့သော် တစ်ကမ္ဘာလုံးတွင်အားထားရပြီး အလွန်ခက်ခဲရှုတ်ထွေးသည့် ဆီမီကွန်ဒတ်တာများထုတ်လုပ်ရာ TSMC (Taiwan Semiconductor Manufacturing Company) ဆိုသော ကုမ္ပဏီတခုရှိပါသည်။ ၎င်းနှင့် မိုင် ၁၀၀ ခန့်ဝေးသည့် ထိုင်ဝမ်ရေလက်ကြားကိုကျာ်လိုက်လျှင် အဓိကပင်မတရုတ်ပြည်ကြီးရှိပြီး ၎င်းတရုတ်တို့သည် လူမျိုးတူ၊ ဘာသာစကားတူ၊ အစားအစာတူများကို စားသုံးကြပြီး၎င်းတို့သည် ထိုင်ဝမ်ကထုတ်သေ ာဆီမီကွန်ဒတ်တာကို အဆင့်မှီအောင် မထုတ်လုပ်နိုင်ကြပါ။ ၎င်းသည် ကမ္ဘာ့အကြီးဆုံး ဆီမီကွန်ဒတ်တာများထုတ်လုပ်ရာကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တစ်ဝက်လောက်ကို လွှမ်းမိုးထားနိုင်ပါသည်။ ထိုင်ဝမ်တို့၏လွှမ်းမိုးထားနိုင်မှုကို အပိုချဲ့ပြောရန် မဖြစ်နိုင်ပါ။

အကယ်စင်စစ် ၎င်းနှင့်ပြိုင်ဘက် ‌တောင်ကိုရီယားမှ ဆမ်ဆောင်းကုမ္ပဏီ ၂ ခုတွင်သာ ၅ နာနိုမီတာ (5-Nanometer) ချစ်များထုတ်လုပ်ရန် ဖောင်ဒရီ (Foundries) များရှိပါသည်။ တီအက်စ်အမ်စီ က ၂၀၂၂ တွင် နာက်ထပ် ၃ နာနိုမီတာ ချစ်များထုတ်ရန်ရှိပါသည်။ ချစ် ထရန်စစ္စတာများသည် သေးငယ်လေလေ ၎င်းနှင့် ဆတူအင်အားကြီးမားသော ဘရိန်းပါဝါ (Brain Power) များကို ထည့်သွင်းနိုင်လေလေ ဖြစ်ပါသည်။ တရုတ်ပြည်ရှိ အကြီးဆုံး ချစ်ထုတ်လုပ်သည့် Semiconductor International Corporation မှာ ထိုင်ဝမ်တို့နှင့် နီးစပ်အောင်ပင် မထုတ်လုပ်နိုင်ပါ။ ၎င်းသည် ၂၈ နာနိုမီတာ ချစ်များထုတ်လုပ်နေပြီး ယခုအခါ ၁၄ နာနိုမီတာမီတာချစ်များ ထုတ်လုပ်ရန်ပြင်ဆင်ဆဲရှိနေပါသည်။ တရုတ်ကုမ္ပဏီများက ထိုင်ဝမ်ကို မပြိုင်ဆိုင်နိုင်ခြင်းမှာ ရိုးရှင်းသောအကြောင်းပြချက်များရှိပါသည်။ “ယုံကြည်မှု”ပင် ဖြစ်ပါသည်။

တီအက်စ်အမ်စီသည် မာက်များစွာက ကုမ္ပဏီတို့မှပေးအပ်သောဒီဇိုင်းများကို ထုတ်လုပ်ပါသည်။ အက်ပဲ၊ Qualcomm၊ Nvidia၊ AMDနှင့် Intel တို့နှင့် နှစ်ပေါင်းများစွာကြာအောင် ပူးတွဲဆောင်ရွက်ခဲ့ပါသည်။ တီအက်စ်အမ်စီက တည်ဆောက်ထားခဲ့သောကုမ္ပဏီချင်းယုံကြည်မှုမှာ စေ့စပ်ခိုင်မာလှပါသည်။ အမေရိကန်ပြည်မှ Applied Material နှင့် နယ်သာလန်မှ ASML တို့သည် သူတို့ထုတ်လုပ်သော အကောင်းဆုံး ချစ်လုပ်သည့်ပစ္စည်းများကို တီအက်စ်အမ်စီသို့ ရောင်းချကြပါသည်။ ဤနည်းဖြင့် ကုမ္ပဏီသည် အမြဲတမ်းခေတ်မှီနေပြီး နောက်ဆုံးပေါ်ပစ္စည်းကိရိယာများကို အသုံးပြုနေကျဖြစ်ပါသည်။

၎င်းသည် အက်ပဲနှင့် တွဲဖက်လုပ်ကိုင်ပြီဆိုသည်နှင့် ၎င်း၏ထုတ်ကုန်များမှာ အမြဲဆန်းသစ်တီထွင်ပြီးသားဖြစ်နေပါတော့သည်။ အက်ပဲ၏ဒီဇိုင်းထုတ်လုပ်မှုတွင် ဘယ်သောအခါမှ မရပ်နားသော အိုင်ဖုန်းနှင့်အိုင်ပက်တို့ကြောင့် တီအက်စ်အမ်စီသည် အမြဲတမ်းအဆင်သင့်ဖြစ်နေစေရန် ကြိုးစားရပါသည်။ အလုပ်လုပ်သောဝန်ထမ်း၏စိတ်ဓါတ်မှာလည်း ပစ္စည်းသစ်ထွက်ပေါ်ရေး၊ လုပ်အားခသက်သာရေးကိုသာ ဦးတည်နေပါတော့သည်။

တီအက်စ်အမ်စီသည် အမြဲတမ်းကုမ္ပဏီ အငယ်ကလေးက အလုပ်ကိုစလုပ်ကိုင်သလိုပြုမှုပြီး ဝန်ထမ်းအားလုံး၏ အရည်အချင်းအကောင်းဆုံးကို အသုံးချကြပါသည်။ အမေရိကန်ကုမ္ပဏီ အင်တဲလ်မှာ မိမိကပစ္စည်း ထုတ်၊ မိမိကုမ္ပဏီကပင် သုံးစွဲသူဖြစ်နေသဖြင့် စားသုံးသူ၏ဖိအားမရှိသောအခါ တိုးတက်ခြင်းနှောင့်နှေးရပါသည်။ တီအက်စ်အမ်စီကုမ္ပဏီကြောင့် ထိုင်ဝမ်ကို တရုတ်ပြည်ကသိမ်းမည်ဆိုလျှင် “အရူးတို့၏လုပ်ငန်း” (Fool’s errand) ပင်ဖြစ်ပါလိမ့်မည်။ ပစ္စည်းကိရိယာများနှင့် ကယ်မီကယ်များမှာ အမေရိကန်နှင့် ဥရောပယူနီယံမှပစ္စည်းများဖြစ်ကြပါသည်။ အကောင်းဆုံး ချစ်များကို ဆီလီကွန်တောင်ကြားမှကုမ္ပဏီများ၏ ယုံကြည်မှုများနှင့်သာ တည်ဆောက်ရပါသည်။ ရှီလုပ်သလို သြစတေးလျ၊ ထိုင်ဝမ်နှင့် ဂျက်မား တို့မှာ ၎င်းတို့ကို သူနှင့်ဝေးရာသို့ တွန်းပို့နေခြင်းသာ ဖြစ်ပါသည်။ တရုတ်တို့သည် အတုလုပ်ခြင်း၊ ပုံတူကူးချခြင်းများတွင် ကျွမ်းကျင်ကြပါသည်။ သို့သော် တီအက်စ်အမ်စီလိုကုမ္ပဏီမျိုးကိုဖြစ်အောင် မလုပ်နိုင်ပါ။ ယုံကြည်မှု လိုအပ်ပါသည်။

ကိုသန်းလွင်

Ref: China’s Bullying is becoming a danger to the world and itself, By Thomas Friedman
NewYork times October 22 2021

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar