Breaking News

မိုးမခ သရော်စာ - ဆာသော်ဒိုး " အော်သံ ကြားလား ''

Art-Than Htay Maung

မိုးမခ သရော်စာ
အောက်တိုဘာ ၂၅၊ ၂၀၂၁
" အော်သံ ကြားလား ''
ဆာသော်ဒိုး

ငယ်စဉ်အခါက သီရိခေတ္တရာဆိုတဲ့ ပြည်မြို့မှာ ကြီးပြင်းအရွယ်ရောက်ရတာခင်ဗျ။ မူလတန်းကနေ အလယ် တန်း အထက်တန်းပြီးတော့ ဒေသကောလိပ်အထိကို ပြည်မှာတက်ခဲ့ရတာ။

လူမှန်းသိစကတည်းကနေ လူတွေကိုသိစပြုတဲ့ ကောလိပ်ရောက်တဲ့အထိဆိုတဲ့အချိန်ကာလဟာ အရှည်ကြီးပေါ့။ သည်ကာလရှည်ကြီးအတွင်းမှာ မြို့မှာ သတိပြုမိတာတခုက မြို့ပေါ်မှာ ပုံမှန်သွားလာနေတဲ့ စိတ်မနှံ့သူတွေကိုပါခင်ဗျ။ အရပ်ထဲ အလွယ်သုံးနေကျအသုံးနဲ့ဆိုရင်တော့ " အရူးတွေ " လို့ ပြောရမှာပါ။

ပြည်မှာလည်း အခြားမြို့တွေနည်းတူ "အရူးတွေ" ရှိတော်မူပါတယ်ခင်ဗျ။ လေးငါးခြောက်ယောက်လောက်ကို ရှိပါတယ်။ လူငယ်အရူးတွေ လူလတ်
အရူးတွေ လူကြီးအရူးတွေသာမက အမျိုးသမီးအရူးတွေ မယ်သီလရှင်အရူးတွေအပြင် ဘုန်းကြီးအရူးတွေပါ စုံစုံလင်လင် ရှိခဲ့ပါတယ်ခင်ဗျ။

အချိ ု့က ယဉ်ယဉ်လေး။ အချိ ု့က နည်းနည်းကြမ်းတယ်။ အချို့က အမြဲတမ်းရယ်နေတာ။ အချို့က တစ်ယောက်ထဲ စကားပြောနေတတ်တယ်။ အချို့က ညစ်တီးညစ်ပတ်တွေ နှုတ်က တရစပ်ထွက်နေတာ။
အချို့ကတော့ လမ်းပေါ်တွေ့သမျှ အမှိုက်တွေကိုလိုက်လိုက်ကောက်သိမ်းပြီး ပြောင်ရှင်းသွားပြီဆိုမှတနေရာမှာသွားကြဲချပြီး ဖွပစ်တတ်တာ။

" အရူးအမျိုးမျိုး စိတ်အခြေအနေ အထွေထွေ " လို့ပြောရမယ်။ အဲသည်အရူးတွေရဲ့တူညီတဲ့ထူးခြားချက်ကတော့ ဖျားခြင်းနာခြင်းအတော်ကင်းဝေးတာပဲ ခင်ဗျ။ နွေ မိုး ဆောင်း ဥတုသုံးပါးလုံးမှာ မဖျားမနာပဲ ကျန်းမာလန်းဖြာနေကြသူတွေပေါ့ဗျာ။

သူတို့တွေဟာ ထမင်းမငတ်ကြပါဘူး။ ရပ်ကွက်ထဲကအိမ်တိုင်း အိမ်တိုင်းမှာ ထမင်းကျန်ဟင်းကျန်တွေ အမြဲ တမ်း ရှိတတ်ကြတယ်။ အိမ်ရှေ့မှာထိုင်နေတာမြင်ရင် ထမင်းနဲ့ဟင်းကိုထုပ်ပြီး ပေးတတ်ကြတယ်။ ဆာသော်ဒိုးဖခင် ကိုသစ္စာကတော့ နေ့တိုင်း ထမင်းနဲ့ဟင်းထုပ်ထားပြီး လာနေကျလူငယ်ကို ပေးပါတယ်။ ကျွေးပါတယ်။ အဲသည် အမျိုးသားလူငယ်ဟာ ဘာစကားမှမပြောဘူး။ အမြဲတမ်းကိုရီနေတာ။ ထူးခြားချက်ကတော့ သူဟာ ပုဆိုးမဝတ်ဘဲ ထမီစုတ်တွေချည်းဝတ်တာပါပဲ။

ပြည်မြို့ကြီးပေါ်က လက်ဖက်ရည်ဆိုင်တွေ စားသောက်ဆိုင်တွေရှေ့ကိုလာရင်လည်း ကြုံတဲ့သူကကျွေးလိုက်တာပါပဲ။ လက်ဖက်ရည်သောက်ရတယ်။
ထမင်းသုပ်စားရတယ်။ ကော်ရည်စားရတယ်။ ဆီချက် စားရတယ်။ ပြည်ပလာတာ စားရတယ်။ ဆန်လှော်မုန့် ဟင်းငါး စားရတယ်။ အချို့ဆို အရက်ဆိုင်နားသွားရင် အရက်ပါ သောက်ကြရပါတယ်။

အဲသည်မှာပြောကြတာကတော့ အဲသည်အရူးတွေထဲက အချို့ဟာ တကယ်ရူးနေသူတွေမဟုတ်ဘဲ " ထောက်လှမ်းရေးတွေ " တဲ့။ အရူးယောင်ဆောင်ပြီး ထောက်လှမ်းစရာရှိတာကို ထောက်လှမ်းနေကြတာဆိုပဲ ခင်ဗျ။

အဲသည်အရူးတွေထဲက အရူးတစ်ယောက်ကို အခုခေတ်ကာလဆိုးကြီးမှာ သွားသတိရမိနေတယ်ခင်ဗျ။ ဘာမဆိုင်ညာမဆိုင်ကြီး သွားသတိရမိနေတာ။
အခုလတ်တလော လူမှုကွန်ယက်မီဒီယာတွေပေါ်က အဆဲခံပုဂ္ဂို လ်ရှော်ကြီးတစ်ဦးရဲ့ စိတ်ဓာတ်တွေဟိုးအောက်အဝီစိအထိ ထိုးကျနေတဲ့ရုပ်ကြီးကိုမြင်ရဖန်များတော့ ကျနော်တို့မြို့က အဲသည်အရူးကိုသတိရမိသွားတာဖြစ်လိမ့်မယ်ဗျ။

အဆဲခံကမ္ဘာရှော်ပုဂ္ဂိုလ်ကြီးရဲ့မအီမလယ်မျက်ခွက်ကြီးဆီနေက ဟိုအရူး အော်အော်နေတဲ့အသံမျိုးကြီးထွက်ထွက်နေတယ်လို့ ခံစားရတယ်။

ကျနော်တို့မြို့က အဲသည်အရူးက ညဘက်ညဘက်ဆို ထထအော်တတ်တယ်ခင်ဗျ။ သူ့အသံကို အခုအထိကြားယောင်နေတုန်း။ သူက ညဘက်ညဘက် လူခြေတိတ်ရင် ဝမ်းခေါင်းသံကြီးနဲ့ မချိတင်ကဲ လွမ်းလွမ်းဆွေးဆွေး ဆို့ဆို့နင့်နင့် ကြေကြေကွဲကွဲ စွဲစွဲငင်ငင်ကြီး သံရှည်စွဲပြီ။

" စိ တ် ဓာ တ် ကျ တ ယ် ဗျား . . . "
" စိ တ် ဓာ တ် ကျ တ ယ် ဗျား . . . "
" စိ တ် ဓာ တ် ကျ တ ယ် ဗျား . . . "

ဆာသော်ဒိုး
18-10-21(Mon) 10:04 Pm


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar