Breaking News

မိုးမခကဗျာ - ကိုအောင်မှိုင်း ‘‘ လွမ်း ‘’ ၊ ဖေတင်ညွန့် '' နှင်းနှင့်အတူ ''

Image - Crd
မိုးမခကဗျာ
အောက်တိုဘာ ၂၄၊ ၂၀၂၁

‘‘ လွမ်း ‘’
ကိုအောင်မှိုင်း

လွမ်းလို့ကျန်ရစ်အောင်
အထီးကျန်ဘဝထဲ
ထားရစ်ခဲ့တယ်ကွယ်။

နွမ်းနေတဲ့ရင်မှာ
နမ်းစရာပန်းတွေလဲ 
မလန်းနိုင်တော့ပြီပေါ့။

တမ်းတမ်းတတ 
မြည်နေတဲ့ နာရီသံဟာ
ညများစွာကို ကျော်ဖြတ်ခုတ်မောင်းမဲ့
အိပ်မက်ရထားကြီး ဖြစ်နေတော့တယ်။

မှန်းရတမ်းရလွန်းလို့
အရိပ်တွေတောင် 
ကြွေကျမြေခခဲ့ရပြီ။

မိုးကောင်းကင်မှာ
မထင်မရှား ကြွေကျသွားတဲ့
ကြယ်များစွာကို မြတ်နိုးလျှက်ပါကွယ်။

ကြမ်းတမ်းလွန်းလှစွာ
ဖြတ်သန်းခဲ့ရတဲ့ ဘဝအမောတွေက
အေးချမ်းစွာအနားယူပါတော့။


လမ်းခြင်းကြုံလို့  ပြန်ဆုံကြရင်
အရင်လိုများ   နှစ်ကိုယ်ကြား
ပြောမဲ့စကားတွေ စဉ်းစားထားရအောင်နော်။

ပန်းတွေမြင်တိုင်း
ပန်းရိုင်းတွေနဲ့အတူ
ပန်းချစ်သူကို ရင်နဲ့အမျှ 
ထာဝရပါ  ပန်းချစ်တဲ့သူရေ။

...


'' နှင်း နှင့် အတူ ''
ဖေတင်ညွန့်

နှင်းကိုမြင်မှ
မင်းကိုသတိရတာမဟုတ်ဘူး။
နှင်းအစ
နှင်းအလယ်
နှင်းအဆုံး
နှင်းခဲပျော်ချိန်
တို့ပျော်ချိန်
နှင်းပေါ်ကတိမ်
တောင်ပေါ်ကနှင်း
မင်းပျင်းများပျင်းနေပြီလား
ပွင့်လင်းရာသီရဲ့ဒုတိယအမည်က
နှင်း လို့ဆိုရင်
တတိယအမည်ကို
ဒီဇင်ဘာလို့ခေါ်ပါရစေ။
ဒီဇင်ဘာရေ
ပွင့်လင်းရာသီရေ
နှင်းရေ...
စံပယ်တွေလည်းဖွေးပြီ
တောင်ဇလပ်တွေလည်းမွှေးပြီ
ချယ်ရီတွေလည်း သွေးပြီ
(မင်းရယ် ကိုယ်ရယ်)
မဝေးတော့ဘူး
မဝေးတော့ဘူး
   ဝေး 
         တော့
                  ဘူး
                         ပေါ့
                               ကွယ်..။       
ယုံလိုက်တော့။ ။ ။

                         
  14th october 2021

*နှင်းခဲပျော်ချိန် - ဆရာကျော်ဝင်းဘာသာပြန် ရုရှားစာရေးဆရာကြီး အီလျာအာရင်ဘတ်ရဲ့ဝတ္ထုအမည်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar