Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၃ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၂၃ ရက်မြောက်နေ့ မြင်ကွင်း
အောက်တိုဘာ ၂၄၊ ၂၀၂၁

• မြို့ပေါ်က သေနတ်သံများ
ဒီနေ့သတင်းတွေထဲမှာတော့ ရန်ကုန်မြို့ ၂ နေရာက ယာဥ်ထိန်းရုံးမှာ ချထားတဲ့ စစ်သားနဲ့ ရဲတွေကို PDF တွေကပစ်ခတ်မှုတွေ ဖြစ်ပြီး သေဆုံး သို့မဟုတ် ဒဏ်ရာရတာတွေ ရှိတဲ့ သတင်းတွေ မန္တလေးမြို့ ချမ်းမြသာစည်မှာ စစ်ကောင်စီလုံခြုံရေးတပ်တွေ နေရာယူထားတဲ့နေရာ ဗုံးကွဲတဲ့ သတင်း၊ ခင်ဦးနဲ့ တန့်ဆည်မြို့နယ်တွေက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို ဝင်ရောက် ပစ်ခတ်တာ ပစ်သတ်တာတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ အမှုတွေလိုက်တဲ့ ရှေ့နေတွေအားလုံးကို သတင်းမီဒီယာကို အမှုအကြောင်း ပြောဆိုခွင့် တားမြစ်လိုက်တယ်ဆိုတဲ့ သတင်း၊ စစ်ကောင်စီက တနေ့က အာဆီယံ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ပြင်းထန်တဲ့ ထုတ်ပြန်ချက် ထုတ်ခဲ့ပြီး ၂ ရက်ခန့်အကြာမှာ အာဆီယံ သဘောတူညီမှု ၅ ချက်ကို လိုက်နာလုပ်ဆောင်မယ်ဆိုတဲ့ ထုတ်ပြန်ချက် ထပ်မံထုတ်ပြန်တယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့မှာတော့ ဒီနေ့ တရက်ထဲ လမ်းဆုံတွေ မှာ ရှိတဲ ယာဥ်ထိန်းကင်းတဲ ၂ ခုကို မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းမှာ ပီဒီအက်ဖ်တွေက ပစ်ခတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။ မနက်စောစောပိုင်းကတော့ ဗိုလ်တထောင်မြို့နယ်ထဲက အီဒင်လမ်းနဲ့ မဟာဗန္ဓုလလမ်းထောင့်က ယာဥ်ထိန်းရဲကင်းနေရာကို လမ်းလျှောက်လာတဲ့ လက်နက်ကိုင်ပီဒီအက်ဖ်တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဒဏ်ရာရမှု ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

နေ့ခင်းပိုင်းမှာတော့ ဗားဂရာလမ်းချောက် လမ်းဆုံမှာ ရှိတဲ့ ယာဥ်ထိန်းရဲကင်းကိုပဲ ကားပေါ်ကနေ အော်တိုမက်တစ်ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဲ၊ စစ်သား သေဆုံး၊ ဒဏ်ရာရမှု ရှိခဲ့တယ်လို့သတင်းတွေဖေါ်ပြခဲ့ပြီး အိမ်စီးကားတစီးပေါ်က နေသေနတ်နဲ့ ပစ်ခတ်နေတာကို ကားထဲကရိုက်ထားတဲ့ ဗီဒီယိုဖိုင် တဖိုင်ပါ ထွက်ပေါ်လာခဲ့ပါတယ်။ ရန်ကုန်တိုင်း သံလျင်မြို့နယ်ထဲမှာလည်း စစ်ကားကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားတာတွေ့ရတာကြောင့် တနေ့ထဲမှာတင် ရန်ကုန်မြို့ထဲ ၂ နေရာနဲ့ မြို့ပြင် ၁ နေရာ စုစုပေါင်း ပစ်ခတ်မှု ၃ ခုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ လှိုင်မြို့နယ်မှာ အငှားကားမောင်းသူတဦးကို သတင်းပေး ဒလန်လို့ စွပ်စွဲပြီး ပစ်သတ်ခဲ့တဲ့နောက် သေဆုံးသူရဲ့ သားသမီးတွေနဲ့ ရပ်ကွက်နေတချို့က သေဆုံးသူဟာ သတင်းပေးလည်းမဟုတ်သလို နွေဦးတော်လှန်ရေးကို ထောက်ခံသူ ဆန္ဒပြမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့သူ ဖြစ်လို့ RUR လို့ခေါ်တဲ့ ပီဒီအက်ဖ်က သတင်းမှားပေးခံရပြီး လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ ဆိုရှယ်မီဒီယာမှာ ရေးသားဖေါ်ပြကာ RUR အဖွဲ့ကို ပြန်လည်ဖြေရှင်း တောင်းပန်ဖို့ တောင်းဆိုခဲ့ကြတာလည်း တွေ့ရပါတယ်။ 

ရန်ကုန်လိုမြို့ကြီးမှာ ပစ်ခတ်မှုတွေ နေ့စဥ်လိုဖြစ်ပျက်လာနေတာ ကြားသိနေရပါတယ်။ ရန်ကုန်မြို့ မန္တလေးမြို့တို့က ဘီယာဆိုင်လို ဘားတွေလိုမျိုးမှာ စားသောက်နေကြတာကိုလည်း ပီဒီအက်ဖ် အဖွဲ့တဖွဲ့က မသွားကြဖို့ သတိပေးထားတဲ့ ထုတ်ပြန်ချက် တစောင်လည်း ဆိုရှယ်မီဒီယာမှာ တွေ့ရပြီး ၊ ရန်ကုန်၊ ပဲခူး၊ ဖြူး၊ သာစည်၊ မန္တလေးမြို့က ပီဒီအက်ဖ်တွေက အလုပ်ကိစ္စ လူမှုရေးကိစ္စနဲ့ သွားတဲ့ ကားတွေမှာ အလံဖြူကို ချည်နှောင်ပြီးသွားလာဖို့ သတိပေးထားတဲ့ ထုတ်ပြန်ချက်လည်း ဆိုရှယ်မီဒီယာမှာ တွေ့ရပါတယ်။ 

ဒီအဖြစ်အပျက်တွေ ထုတ်ပြန်ချက်တွေကို ကြည့်ရှုခြင်းအားဖြင့် ရန်ကုန်၊ မန္တလေးလိုမြို့တွေမှာရော အသွားအလာများတဲ့ ခရီးဝေးလမ်းမကြီးတွေ မှာလည်း သတိပြုကြရမယ့် သဘောလို့ မြင်ပါတယ်။ မြို့တွေမှာ ပျောက်ကျား ပစ်ပြေးတာ၊ ဖေါက်ခွဲတာတွေ ဖြစ်ပွားနေချိန်မှာတော့ စစ်ကိုင်းတိုင်း ခင်ဦးနဲ့ တန့်ဆည်မြို့နယ်ထဲက ကျေးရွာအချို့မှာတော့ ကျေးရွာထဲ စစ်တပ်တွေ ဝင်စီး ပစ်ခတ်တာတွေကြောင့် ရွာသားစုစုပေါင်း ၄ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ချင်းပြည်နယ် ရဲ့ မြို့တော် ဟားခါးနဲ့ ဖလမ်းအကြား ကျေးရွာတွေမှာ စစ်ကောင်စီ ယာဥ်တန်းတွေကို ချောင်းမြောင်း ပစ်ခတ်တာတွေ စစ်ကောင်စီက ကျေးရွာတွေ အိမ်ဖျက်ဆီးတာ ဖမ်းဆီးတာတွေ ဖြစ်ပွားနေတဲ့ သတင်းတွေလည်း ဖတ်တွေ့ရပါတယ်။ စက်တင်ဘာ ၇ ရက်နေ့ တော်လှန်ရေး အရှိန်မြှင့်မယ့် NUG ရဲ့ ထုတ်ပြန်ကြေညာချက် အပြီး တလကျော်အကြာမှာ အခုလို မြို့ကြီးတွေမှာ ပစ်ခတ်မှု တိုက်ခိုက်မှုတွေ ပိုမိုများပြားလာတာလည်း တွေ့ရပါတယ်။ 

ကိုဗစ်ကူးစက်မှုကြောင့် တင်းကြပ်ထားတဲ့ ကန့်သတ်ချက်တချို့ စစ်ကောင်စီက အများသိအောင် ကြေညာပြီး ရုပ်သိမ်းတာ သိပ်မရှိသေးပေမယ့် ရန်ကုန်လိုမြို့မှာတော့ စားသောက်ဆိုင် အများစု ဆိုင်မှာထိုင်စားသောက် နိုင်ပြီဖြစ်ပါတယ်။ အခုလိုကို ဗစ်တတိယလှိုင်း အလွန် အသွားအလာ အနည်းငယ် ပြန်များလာတာတွေ့ရပေမယ့်လည်း ပစ်ခတ်မှုတွေ နဲ့ ပေါက်ကွဲမှုတွေဖြစ်ပွားနေတာ ကြောင့် နကိုအခြေအနေမျိုးတော့ မရောက်သေးဘူးလို့ ဆိုနိုင်ပါတယ်။ 

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး အခြေတည်လို့မရအောင် အုပ်ချုပ်ရေးမှူးတွေကို ပစ်ခတ်သတ်ဖြတ်တာ အုပ်ချုပ်ရေးရုံးတွေကို ဗုံးခွဲတာတွေ ၊ စစ်ကားရဲကားလှည့်ကင်းတွေ၊ ရဲကင်း အထိုင်နေရာတွေကို ပျောက်ကျားနည်းနဲ့ ပစ်ပြီးပြေးတာတွေ လုပ်ဆောင်တဲ့ နည်းလမ်းနဲ့ စစ်ကောင်စီကို အာဏာမတည်ဆောက်နိုင်အောင် PDF တွေက လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ 

တခြားသတင်းတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင် စတဲ့ အန်အယ်လ်ဒီခေါင်းဆောင် တွေကို စွဲဆိုထားတဲ့အမှုတွေကို လိုက်တဲ့ ရှေ့နေတွေကို အမှုနဲ့ပတ်သက်လို့ သတင်းမီဒီယာကို ဖြေကြားပြောဆိုတာတွေ ရှေ့နေတဦးပြီးတဦး တားမြစ်ခဲ့ရာက ခုနောက်ဆုံး တားမြစ်ခံရသူကတော့ ရှေ့နေ ဦးကြည်ဝင်းဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေကို အမှုစတင်စစ်ဆေးစဥ်ကတည်းက သီးသန့် တွေ့ခွင့် အချိန်အားဖြင့် နာရီဝက်ခန့်ပေးခဲ့ရာက ရုံးချိန်းပြီးတဲ့နောက် ရှေ့နေတွေက သတင်းမီဒီယာတွေကို ဖြေကြားတာတွေ အပတ်စဥ်လုပ်ဆောင်လာခဲ့တာပါ။ ဒီလိုတွေ့ခွင့်ပြုခဲ့တာ သတင်းမီဒီယာကို ပြောဆိုခွင့်ပေးခဲ့တာဟာ တဖက်မှာ စစ်ကောင်စီက သူတိုဖမ်းဆီးထားပြီး တရားဥပဒေနဲ့ အညီ ရုံးတင်စစ်ဆေးနေကြောင်း မြန်မာနဲ့ ကမ္ဘာကိုပါ ပြသချင်တဲ့ ရည်ရွယ်ချက်လို့ မှန်းဆရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာတော့ ဦးဖြိုးမင်းသိန်းရဲ့ သက်သေထွက်ဆိုချက် ၊ ဦးဝင်းမြင့်ရဲ့ အာဏာသိမ်းတဲ့နေ့ ဖြစ်ပျက်ပုံ စတဲ့ ထွက်ဆိုချက်တွေကို သတင်းမီဒီယာတွေ ကို ထုတ်ပြောတာက စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ကို ဖွင့်ချသလို ဖြစ်လာစေနိုင်တာကြောင့် သတင်းမီဒီယာနဲ့ ပြောဆိုခွင့် ပိတ်လိုက်တာ လို့ယူဆရပါတယ်။ 

ဒီနေ့အတွက် နောက်ထပ် အကြောင်းအရာတခုကတော့ အချက် ၅ ချက်ပါ အာဆီယံ သဘောတူညီမှုကို ဆက်ပြီးအကောင်အထည်ဖေါ် သွားမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို စစ်ကောင်စီဘက်က ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က နိုင်ငံခြားရေးဌာနဘက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ အာဆီယံက စစ်ကောင်စီခေါင်းဆောင်တွေ အစည်းအဝေး တက်မလာအောင် ပိတ်ပင်လိုက်တာကို ပြင်းထန်တဲ့ ဝေဖန်တုံ့ပြန်ချက်ကို ထုတ်ပြန်ခဲ့ပြီး ၂ ရက်အကြာမှာ အခုလို အာဆီယံ မူ ၅ ချက်ကို ဆက်လက်ဖေါ်ဆောင်မယ်ဆိုပြီး အနည်းငယ် ပျော့ပျောင်းတဲ့ ထုတ်ပြန်ချက် ဆက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီက အာဆီယံမှာ လူရာဝင်ချင်နေချိန်မှာ စစ်ကောင်စီနဲ့ အသိုင်းအဝိုင်းက အာဆီယံနဲ့ အနောက်နိုင်ငံတွေဆီကို မိသားစုတွေ အရင်းအမြစ်တွေ ရွှေ့ပြောင်းနေကြတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ စစ်တပ်ခေါင်းဆောင်တွေက သူတို့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားကို တဘက်က ဖုံးကွယ် ရွှေ့ပြောင်း ကိုယ်လွတ်ရုန်းနေချိန်မှာ သူ့လက်အောက်က ရဲဘော်တွေ ရဲဘော်မိသားစုတွေ ဝန်ထမ်းတွေကို ပြည်သူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ခိုင်းထားပြီး စတေးနေ ချနင်းနေတာကို စစ်တပ် အောက်ခြေအသိုင်းအဝိုင်းက သိပြီး စစ်အာဏာရှင် လောင်းရိပ်အောက်က ရုန်းထွက်သင့်နေပြီ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar