Breaking News

လှကျော်ဇော - အသက် (၁၀၀) ပြည့်သွားပြီးဖြစ်တဲ့ လေထီးဆင်းရဲဘော်ကြီး

လှကျော်ဇော - အသက် (၁၀၀) ပြည့်သွားပြီးဖြစ်တဲ့ လေထီးဆင်းရဲဘော်ကြီး
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၁

ဗမာပြည်လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲဖြစ်စဉ်အတွင်း နိုင်ငံခြားသို့ထွက်ပြီး အကူအညီရှာဖွေတဲ့ လူငယ်အုပ်စု (၂) ဖွဲ့ရှိခဲ့ပါတယ်။ အမိဗမာပြည်ကြီးလွတ်လပ်ရေးရဖို့ဆိုတဲ့ တခုတည်းသောရည်မှန်းချက်အောက်မှာ လှုပ်ရှားခဲ့ကြပြီး အရှေ့ထွက်သူများက ဂျပန်ရောက်သွားပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဝင်များဖြစ်လာခဲ့ကြပါတယ်။  အနောက်ထွက်သူများကတော့ ဦးသိန်းဖေမြင့်ဦးဆောင်တဲ့ လေးထီးဆင်းရဲဘော်များဖြစ်လာကာ ဗမာပြည်ရဲ့ ခေတ်သစ်သမိုင်းမှာ သူရဲကောင်းများအဖြစ်ထင်ရှားခဲ့ကြပါတယ်။

အခု၂၀၂၁ မှာတော့ ရဲဘော်သုံးကျိပ်ဝင်အားလုံး မရှိကြတော့ပါဘူး။ ကွယ်လွန်ကုန်ကြပါပြီ။

လေထီးဆင်းတွေထဲမှာလည်း မကျန်သလောက်ပါ။ ဒီထဲကမှ ရှားရှားပါးပါး တရုတ်ပြည်မှာရောက်ရှိနေတဲ့ လေထီးဆင်းရဲဘော် (ဦး) ကိုကိုကြီးကိုတော့ အသက် (၁၀၀) ပြည့်မွေးနေ့ပွဲကို ကူမင်းမှာ ဗမာပြည်ပေါက် တရုတ်လူမျိုးများ (ဝှာချောင်အဖွဲ့) က၂၀၂၁ အောက်တိုဘာလ ၁၄ ရက်နေ့ (တရုတ်ရိုးရာ သက်ကြီးရွယ်အိုများနေ့) က ခမ်းနားစွာ ကျင်းပပေးခဲ့ပါတယ်။

ဗမာပြည်မှာ ရဲဘော်သုံးကျိပ်အကြောင်းကတော့ တစုံတရာ လူသိများပုံရပေမယ့် လေထီးဆင်းရဲဘော်များအကြောင်းကတော့ နည်းနည်းတိမ်မြုပ်နေပါတယ်။ အားလုံးလောက်နီးနီးကလည်း ကွန်မြူနစ်တွေဖြစ်နေတာကိုး။

အဲဒီထဲကမှ ပုံဝတ္တုတွေထဲကထက် ထူးခြားဆန်းကျယ်တဲ့ တကယ့်အဖြစ်အပျက်တွေကလည်း ရှိနေပါတယ်။ ဖဆပလခေတ်မှာ သမ္မတမန်းဝင်းမောင်က သူနဲ့ လေထီးဆင်းဖက် (သေဒဏ် အမိန့်ချမှတ်ခံထားရတဲ့ ဗကပ ဗဟိုကော်မတီဝင်) ဗိုလ်မှူးချစ်ကောင်းကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ အဖြစ်အပျက်မျိုးပေါ့။ ဒါ့အပြင် လေထီးဆင်းဗိုလ်အုန်းမောင်ရဲ့ ကိုယ်တွေ့အဖြစ်အပျက် ဆောင်းပါးဆက်တွေ၊ စတဲ့ သူရဲကောင်းပုံပြင်တွေလည်း တပိုင်းတစထွက်လာတာတွေလည်း တွေ့ရပါတယ်။ အဲဒီလေထီးရဲဘော်တွေကရေးသားခဲ့တဲ့ ဂန္ထဝင်စာအုပ်များ (ဗိုလ်မှူးချစ်ကောင်းရဲ့အနှစ်နှစ်ဆယ်၊ အောင်ထွန်း (ဗိုလ်မှူးချစ်ကောင်း) ရဲ့ သိန်းဖေစခန်းမှ သန်းထွန်းစခန်းသို့၊ ဗိုလ်အုန်းမောင်ရဲ့ အနှစ် (၅၀) ကြာပြီးသောအခါ၊စတဲ့)၊ ရဲဘော်ဖေသောင်းရဲ့ (လျှောက်ခဲ့တဲ့ နိုင်ငံရေးခရီး- ပြန်ပြောင်းသတိရချက်) စာအုပ်တွေဟာလည်း ဗမာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအတွက် အဖိုးတန်စာအုပ်များအဖြစ် ဗမာပြည်သူလူထု (အထူးသဖြင့် လက်ဝဲယိမ်းသူများ) က သတ်မှတ်ခဲ့ကြပါတယ်။ ကျန်နယ်ပယ်အသီးသီးကိုရောက်ရှိသွားကြတဲ့ လေထီးဆင်းရဲဘော်အုပ်များလည်း ရှိပါသေးတယ်။သူတို့တတွေရဲ့ သမိုင်းကြောင်းများလည်း ဟိုတစ သည်တစ တွေ့ရပါတယ်။

အဲသလို ဗမာပြည်တွင်း တကွဲတပြားစီဖြစ်သွားကြတဲ့ သူများအနက်မှ ထူးထူးခြားခြား တရုတ်ပြည်ကို လေထီးဆင်းတယောက် ရောက်ရှိလာခဲ့ပါတယ်။

အဲဒီရဲဘော်က ကိုကိုကြီးတဲ့။

သူက ဂျပန်တော်လှန်ရေးအပြီး (၁၉၄၅ နောက်ပိုင်း) တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတို့ အဆက်အသွယ်ရရှိရေးအတွက် တရုတ်ပြည် ယူနန်ပြည်နယ်ကို ရောက်လာခဲ့တာပါ။ တရုတ်ပြည်မှာကလည်း အဲဒီကာလက ပြည်တွင်းစစ်အပြင်းအထန်ဖြစ်နေပြီး အခြေအနေကရှုပ်ထွေးနေပါတယ်။ ဒီမှာတင် အဆက်အသွယ်တွေပြတ်တောက်ပြီး ကူမင်းက နိုင်ငံရပ်ခြားတရုတ်လူမျိုးများအသင်း (ဝှာချောင်အသင်း) မှာသောင်တင်ပါတော့တယ်။ ဘယ်နိုင်ငံကမ ဆိုပြန်လာတဲ့တရုတ်လူမျိုးများက ဒီအသင်းမှာ-ကိုယ်ရေးရာဇဝင်အပြည့်အစုံနဲ့ မှတ်ပုံတင်ရပါတယ်။အသင်းက စာသင်ချင်တဲ့သူ စာသင်ပေး၊ အလုပ်လုပ်နိုင်သူ အလုပ်ရှာပေး၊ ဆွေမျိုးတွေကို တဆင့်ရှာချင်သူရှာပေး၊ စတဲ့ဝန်ဆောင်မှုတွေလုပ်ပေးပါတယ်။

ဒီလိုနဲ့ ယဉ်ကျေးမှုတော်လှန်ရေးကြီး ၁၉၆၆ မှာစပေါ်လာတော့ ရဲဘော်ကိုကိုကြီးတယောက် ဒုက္ခရောက်ပါတော့တယ်။ အိန္ဒိယသွားပြီး အင်္ဂလိပ်တပ်ကိုဆက်သွယ်ရတာ၊ အဲဒီမှာပဲ လေထီးသင်တန်းတက်ရတာ၊ ဗမာပြည်ကို လေထီးဆင်းပြန်လာရတာ ... စတဲ့ စတဲ့ သမိုင်းကြောင်းတွေကြောင့် အင်္ဂလိပ်သူလျှိုဖြစ်နိုင်တယ်ဆိုတဲ့ပြစ်ချက်နဲ့ ဖမ်းဆီးပြီး ထောင်ချထားပါတယ်။

ဒီသတင်းကို ဥက္ကဋ္ဌသခင်ဗသိန်းတင်ကြားတော့ မဟုတ်ပါဘူး။ ဂျပန်တော်လှန်ရေးအတွက် အင်္ဂလိပ်ဆီကလက်နက်ရဖို့သွားတာ၊ ကျွန်တော်တို့ပါတီကလွှတ်တာပါလို့ အဲဒီအချိန်က တရုတ်ဝန်ကြီးချုပ် ချိုအင်လိုင်းကိုပြောပြီး အာမခံပေးမှ လွတ်လာရုံမက၊ ကူမင်းကနိုင်ငံခြားရေးရုံးမှာပဲ အလုပ်ပြန်ရပါတယ်။ အငြိမ်းစားယူချိန်ရောက်တော့လည်း ဂျပန်တော်လှန်ရေးမှာပါခဲ့တဲ့ တပ်နီတော်ရဲဘော်ဟောင်းကြီးများကိုပေးတဲ့ အထူးပင်စင်ရရှိလိုက်ပါတော့တယ်။

သူ့အပေါ် ပါတီက ဒီလိုရပ်ခံခဲ့သလို ဦးကိုကိုကြီးကလည်း ဥက္ကဋ္ဌကိုရော၊ ဗမာပြည်ကွန်မြူနစ်ပါတီကရဲဘော်များကိုရော သံယောဇဉ်လည်းကြီးရှာပါတယ်။

၁၉၉၀ ကျွန်မတို့တတွေ ကူမင်းရောက်လာတော့ သူပင်စင်ယူထားပါပြီ။ ရောက်တယ်ကြားတာနဲ့ ကျွန်မတိုဆီရောက်လာပြီး အားပေးစကားပြော၊ သူကူညီနိုင်တာကူညီနဲ့ သိပ်အဆက်မပြတ်လှပါဘူး။ ဒါ့အပြင် ကျွန်မတို့ဆီမှာကလည်း လေထီးဆင်းတယောက်ရှိတယ်လေ။ ၈၁၅ စစ်ဒေသ (အခု အထူးဒေသ - ၄) က နိုင်ငံရေးမှူး ရဲဘော်ဖေသောင်း (ဗမာပြည်ကွန်မြူနစ်ပါတီ- ပါတီဗဟိုကော်မတီဝင်နဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်) ပါ။ သူတို့နှစ်ယောက်ဆုံမိရင် ရှေးဟောင်းနှောင်းဖြစ်တွေပြောကြနဲ့၊ စကားဝိုင်းတွေက စည်ကားလှတယ်။

ကျွန်မက သခင်တင်မြရဲ့ဘုံဘဝမှာဖြင့် ထဲက ဖတ်မိထားတာတခုရှိတယ်။ လေထီးဆင်းတွေအကြောင်းဖော်ပြထားတာမှာ မောင်သန်း (သခင်ဗိုလ်ရဲ့တူ၊ ယခုတရုတ်ပြည်ရောက်) ဆိုတာ တွေ့ထားပါတယ်။ ဒီတော့  အဲဒီမောင်သန်းဆိုတာ ဦးကိုကိုကြီးလားလို့ ဦးကိုကိုကြီးကို ကျွန်မကမေးကြည့်တော့ ဟုတ်တယ်တဲ့၊ သခင်ဗိုလ်နဲ့လည်း တူဝရီးတဲ့။ ဒါ့အပြင် သူဆက်ပြောတာရှိသေးတယ်။

သခင်ဗိုလ်လေယာဉ်ပျက်ကျတာ အင်္ဂလိပ်လက်ချက်လို့ သူတို့တတွေ အဲဒီတုန်းက သံသယရှိခဲ့တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သခင်ဗိုလ်က ဗမာပြည်ကွန်မြူနစ်ပါတီဖွဲ့စည်းစဉ် (၁၉၃၉ သြဂုတ် ၁၅) ကတည်းက ပါတီတည်ထောင်သူ အဖွဲ့ဝင်တဦးအဖြစ် ပါခဲ့သူဖြစ်လို့ ... တဲ့။

ဦးကိုကိုကြီးက ကျန်းမာရေးအတော်ကောင်းပုံရပါတယ်။ ကျွန်မတို့ဆီက ရဲဘော်ကြီးတွေ နာရေးသတင်းကြားရင် သူ့စက်တပ်စက်ဘီးလေးနဲ့ ပေါက်ချလာတတ်ပါတယ်။ သူ့ဇနီးဆုံးပြီး သူကိုယ်တိုင်လည်း (၈၀) ကျော် (၉၀) နားနီးလာချိန်မှာတော့ သူ့သား တရားသူကြီးရဲ့အိမ်ကို ပြောင်းသွားပါတော့တယ်။ ကျွန်မတို့နဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။ အဲဒီတရားရေးဌာနဝန်ထမ်းများနေရာက လျှို့ဝှက်နေရာဖြစ်ရုံမက အပြင်လူလုံး၀၀င်ခွင့် မရှိပါ။ ထောင်တွေကပြန်လွတ်လာတဲ့သူများက လက်စားချေတိုက်ခိုက်တတ်လို့။

ဒီလိုနဲ့ အရင်တပတ်ထဲမှာ ဝှါချောင်အသင်းက အသက် (၁၀၀) ပြည့်သွားတဲ့ ဦးကိုကိုကြီးကို ဂါရဝပြုမွေးနေ့ပွဲလုပ်ပေးကြောင်း သတင်းတွေ တက်လာပါတယ်။ ဦးကိုကိုကြီးကလည်း ဝမ်းသာအားရ ဆုပေးနေတဲ့ပုံတွေ၊ ဗမာပြည် ပေါက်တရုတ်လူမျိုးတချို့က ဗမာအကတွေနဲ့ ကပြနေတဲ့ပုံတွေလည်း တွေ့လိုက်ရပါတယ်။

သြော် ... ဦးကိုကိုကြီးအတွက်တော့ ဝမ်းသာမိ၊ မုဒိတာပွားမိပေမယ့် ဗမာပြည်တွင်းက လေထီးဆင်းရဲဘော်အများအပြားကတော့ ပြည်တွင်းစစ်ကြီး အတွင်း သက်တမ်းစေ့မနေရရှာဘဲ၊ ကြွေလွင့်ကုန်ကြရရှာတာတွေ သတိရနေမိပါတယ်။

လှကျော်ဇော
အောက်တိုဘာ ၂၁၊ ၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar