မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁၀ လ ၂၀ ရက်မြောက်နေ့မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၂၁
ဒီနေ့သတင်းတွေထဲမှာတော့ ဖတ်ရှုနေကျ အကြောင်းအရာမျိုးတွေဖြစ်တဲ့ သတင်းပေး၊ ဒလန်လို့ သံသယဖြစ်ခံရသူတွေ၊ စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ သတ်ဖြတ်မှုတွေ နေအိမ်မီးရှို့မှုတွေ မွန်ပြည်နယ် သထုံမြို့မှာ ပေါက်ကွဲမှုတွေဖြစ်ပွားတဲ့သတင်းနဲ့ ဖားကန့်မှာ မြေစာပုံပြိုကျတာကြောင့် လူ ၁၀ ဦးဝန်းကျင် ပျောက်ဆုံးနေတဲ့သတင်းတွေနဲ့ ထိုင်းမြန်မာနယ်စပ်က လေးကေကော်တဝိုက်က တိုက်ပွဲသတင်းတွေ ဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်း မြောက်ဥက္ကလာပမှာ သေနတ်နဲ့ပစ်ခတ်ခံရသူက အငြိမ်းစားကျောင်းဆရာမတဦးလို့ဆိုပါတယ်။ နံနက် ၇ နာရီလောက်မှာ ဆိုက်ကားစီးပြီး စျေးသွားစဥ် သေနတ်နဲ့ပစ်ခတ်ခံရတာလို့ သတင်းမှာဖေါ်ပြထားပေမယ့် ဘာကြောင့်ပစ်သတ်ခံရတယ်ဆိုတာတော့ သတင်းတွေမှာ မပါရှိပါဘူး။ ရန်ကုန်လိုမြို့ကြီးမှာ နဲ့အခြားသော မြို့ငယ်တွေမှာ အခုလိုလုပ်ကြံသတ်ဖြတ်တဲ့သတင်းတွေ နေ့စဥ်လိုလို ပါရှိနေတာ ဖြစ်ပါတယ်။ ဖြစ်စဥ်တွေက နေ့စဥ်ပါနေကျ သတင်းတွေလို ဖြစ်နေတာကြောင့် ထူးခြားတဲ့ သတင်းတပုဒ်အဖြစ် ဖတ်ရှုသူတွေကလည်း မယူဆတော့ကြပါဘူး။ သေဆုံးခြင်း သတ်ဖြတ်ခံရခြင်းဟာ နေ့စဥ်သတင်းတွေ ထဲရိုးနေတဲ့ သတင်းအကြောင်းအရာ ဖြစ်လာပြီး သေဆုံးသူ အရေအတွက်များပြားခြင်း သတ်ဖြတ်တဲ့ ပုံသဏ္ဍာန်ကြောင့် ထူးခြားမှုရှိမှသာ ထူးခြားတဲ့ သတင်းအဖြစ် မှတ်ယူကြတာဖြစ်ပါတယ်။
အလားတူပဲ တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြသူတွေ ဖမ်းဆီးခံရတဲ့အဖြစ်အပျက်မျိုး၊ ဖမ်းဆီးထားသူတွေ ထောင်ဒဏ်ချမှတ်ခံရတဲ့ အဖြစ်အပျက်၊ စစ်ကောင်စီတပ်တွေကို အလစ်အငိုက်တိုက်ခိုက်တဲ့ အဖြစ်အပျက်တွေလည်း နေ့စဥ်လိုလို ဖြစ်နေတာမို့ သတင်းတွေထဲ ဖေါ်ပြကြပေမယ့်လည်း ထိပ်တန်းသတင်း ထူးခြားတဲ့ သတင်းလို့ မယူဆကြတော့တဲ့ သဘောလည်း ဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေစဥ် ဖေဖေါ်ဝါရီလလယ်ဝန်းကျင်က မမြသွဲ့သွဲ့ခိုင် ဦးခေါင်းကို သေနတ်ထိမှန်သေဆုံးတဲ့ ဖြစ်ရပ်ဖြစ်ပွားစဥ်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပထမဆုံးသေနတ်ထိမှန်သေဆုံးသူ ဖြစ်တာကြောင့် အဆိုပါသတင်းက ထိပ်တန်းသတင်း နေ့ရက်အတော်ကြာကြာ သတင်းစာမျက်နှာတွေရဲ့ ထိပ်ဆုံးမှာ ဖေါ်ပြခဲ့ကြပေမယ့် အခုအချိန်မှာ အသက်ဆုံးရှုံးမှုတွေက နေ့စဥ် ထမင်းစားရေသောက်သဖွယ် ဖြစ်လာနေတာကြောင့် တဦးတယောက် အသက်ဆုံးရှုံးရတဲ့ သတင်းတွေက ပရိသတ်ကို မတုန်လှုပ်စေတော့တဲ့ သဘောလည်း တွေ့ရပါတယ်။
ဒီလိုအခြေအနေတွေကိုရောက်ရှိခြင်းဟာ စစ်အာဏာသိမ်းမှုကနေအကြောင်းခံလာတာ ဖြစ်ပြီး အကြမ်းဖက်နှိမ်နှင်းမှုကို လက်နက်ကိုင် တုံ့ပြန်ဖို့ ပြင်ဆင်လာကြတာ၊ လက်စားချေတာ၊ မိမိတို့ဘက်ကလည်း သတ်ဖြတ်ခံရသလို ရန်သူဘက်က သူမှန်သမျှ ဘယ်သူမဆို တုံ့ပြန်သတ်ဖြတ်တာဟာ မှန်တယ် တရားတယ်လို့ အမြင်မျိုး အယူအဆမျိုးတွေ လူအများကို လွှမ်းမိုးလာတဲ့ သဘောလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ကနီနယ်၊ တန့်ဆည်၊ ဒီပဲရင်း၊ ရေဦးစတဲ့ဒေသတွေမှာ ဖြစ်ပွားနေတဲ့ PDF နဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ မြေလှန်ခြေမှုန်းရေးတွေ ကျေးရွာက လူနေအိမ်တွေကို မီးရှို့တာ ပစ္စည်းယူဆောင်တာ ဖျက်ဆီးတာ သံသယရှိသူတွေကို လက်နက်နဲ့ တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ ညှင်းဆဲသတ်ဖြတ်တာတွေ နေ့စဥ် သတင်းတွေထဲကြားသိနေရပါတယ်။ အဆိုပါဒေသတွေမှာ လက်နက်ကိုင်တော်လှန်ရေးက ဘယ်လို ချိတ်ဆက်ဖွဲ့စည်း လုပ်ဆောင်နေကြတယ်ဆိုတာမျိုးတော့ သတင်းတွေထဲ ရှင်းရှင်းလင်းလင်း ဖေါ်ပြတာမျိုး တွေ့ရလေ့မရှိပါဘူး။
စစ်ကိုင်းတိုင်းဒေသက တိုက်ပွဲတွေက ချင်းပြည်နယ်၊ ကယားပြည်နယ်တို့ထက် လူအသေအပျောက်ပိုများပြား လာနေတာလည်း တွေ့ရပါတယ်။ ဒီဒေသတွေက စိုက်ပျိုးရေးနဲ့ အသက်မွေးကြရတာ အများစုဖြစ်လို့ ခုစိုက်ပျိုးရာသီမှာ ရပ်ရွာမတည်ငြိမ် စိုက်ပျိုးဖို့ အခက်အခဲတွေ ရှိကြမှာ အသေအချာဖြဖစ်လို့ နောင်လာမယ့် ရာသီမှာ ဝင်ငွေရိက္ခာ အခက်အခဲတွေလည်း ရင်ဆိုင်ကြရဦးမှာမို့ ဒီအရေးကိစ္စတွေနဲ့ ပတ်သက်လို့လည်း ဦးဆောင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေက ထည့်သွင်းစဥ်းစား ပြင်ဆင်ထားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
အခုလို တိုက်ပွဲတွေ သတ်ဖြတ်မှုတွေ သတင်းနဲ့အတူ ဖားကန့်မှာ မကြာမကြာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မြေစာပုံပြိုကျတဲ့ အဖြစ်အပျက်လည်း ခုရက်မှာဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ဆိုပါတယ်။ လက်ရှိ အချိန်ထိ သေဆုံးသူ ၆ ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိထားပြီး ဆက်လက်ရှာဖွေ နေဆဲဖြစ်တယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
မြန်မာနိုင်ငံရဲ့ သဘာဝ အဖိုးတန် သယံဇာတထွက်ရှိတဲ့ ဖားကန့်မှာ ရေမဆေးကျောက်လို့ ခေါ်ဆိုကြတဲ့ ကုမ္ပဏီလုပ်ကွက်တွေက စွန့်ပစ်တဲ့မြေနဲ့ ကျောက်အရောထဲက ကျောက်စိမ်းတွေ ရှာဖွေစားသောက်သူတွေ မကြာ ခဏ ကြုံရလေ့ရှိတဲ့ မြေစာပုံပြိုကျတဲ့ အဖြစ်အပျက်က နှစ်စဥ်လိုလို သတင်းတွေထဲပါရှိနေလို့ ထူးဆန်းတာ မဟုတ်ပေမယ့် လူဆယ်ဂဏန်းနဲ့ သေဆုံးကြရတဲ့ ဖြစ်ရပ်မှာ ဘယ်သူတွေ တာဝန်ရှိလဲ ဆိုတာ ခုချိန်ထိ အများလက်ခံကြတဲ့ အဖြေတခုမတွေ့ရှိသေးဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
ဒီနေ့ နောက်ဆုံးသတင်းတပုဒ်ကတော့ အရင်ရက်တွေကတည်းက ဖြစ်ပွားနေတဲ့ လေးကေကော် တဝိုက်က တိုက်ပွဲသတင်းပဲ ဖြစ်ပါတယ်။ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပြီး လက်နက်ငယ် လက်နက်ကြီးနဲ့ သာမက အရှိန်မြင့်လာခဲ့ရင် စစ်ကောင်စီတပ်ဘက်က လေကြောင်း ပစ်ကူလိုမျိုး သုံးလာမှာမို့ ကေအန်ယူက လေကြောင်းမပျံသန်းရ ဇုန်အဖြစ် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို စာပေးပို့ထားကြောင်းလည်း ထုတ်ပြန်ထားတာ သိရပါတယ်။
တိုက်ပွဲက ၆ ရက်လောက် ရှိလာတဲ့အချိန်မှာ ဒုက္ခသည်တွေ ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ရောက်ရှိလာနေပြီး ထိုင်းနိုင်ငံဘက်မှာ ယာယီအမိုးနဲ့ နေထိုင်ဖို့ နေရာပေးထားပေမယ့် ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အနေအထားမျိုးတော့မဟုတ်ဘူးလို့ သတင်းတွေထဲမှာ ဖေါ်ပြထားကြပါတယ်။
ပြည်တွင်းစစ်တိုက်ကြရာမှာ လက်နက်ကိုင်အဖွဲ့တွေချည်း တိုက်ကြတာမျိုးမဟုတ်ပဲ ကျေးရွာတွေ မြို့တွေမှာနေထိုင်နေကြသူတွေလည်း လက်နက်ကြီး လက်နက်ငယ် ထိမှန်တာ မိုင်းထိတာ ပိုင်ဆိုင်မှုတွေစွန့်ပြီး တိမ်းရှောင်ကြရတာ လူနေအိမ်တွေ မီးလောင်ဆုံးရှုံးတာအပြင် အချို့သောအခြေအနေတွေမှာ စစ်ကောင်စီ လက်နက်ကိုင်တွေရဲ့ အဓမ္မပြုကျင့်ခံရတာတွေအထိ ဒုက္ခအမျိုးမျိုးကိုလည်း ခံစားကြရတာဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar