Breaking News

ညိုထွန်းလူ - ပုံပြောသူ

Image- Crd
ပုံပြောသူ
ညိုထွန်းလူ
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၁

မှတ်ဉာဏ်ထဲမှာစွဲကပ်ကျန်နေသည့်အဖြစ်အပျက်ကို​ပုံပြင်တပုဒ်​ပြောသလိုမျိုးဖြင့် အဘိုးကဟိုတုန်းကပေါ့ကွယ်ဟု နိဒါန်းပျိုးလိုက်သည်။
ခေတ်ပျက်တဲ့ကာလကြီးပေါ့။ တရားဥပဒေအားနည်းသွားတဲ့အချိန်မှာ ခိုးဆိုးလုယက်တဲ့သူတွေက နေရာတိုင်းမှာခေါင်းထောင်လာကြတယ်။ ရွာတိုင်းရွာတိုင်းသူတို့ရောက်လာမှာကိုကြောက်ရွံ့နေကြတယ်။ နေ့လည်ခင်းတရက်တော့ ရွာကလေးတရွာကို လူဆိုးဓားပြတွေရုတ်တရက်ရောက်လာပြီး ရွာလယ်ကဇရပ်မှာလူစုခိုင်းတယ်ကွဲ့။ ခေါင်းဆောင်လုပ်တဲ့သူက အင်မတန်မှ ရက်စက်ကြမ်းကြုတ်တဲ့သူ။ ဘီလူးသဘက်ဝင်စားထားသလားမှတ်ရတယ်။ သူတို့ရဲ့အမိန့်အတိုင်းရွာလယ်ဇရပ်ရှေ့မှာ အထိတ်ထိတ်အလန့်လန့်နဲ့ရောက်လာကြရပေမယ့် ဘာ​ဖြစ်လို့လူစုခိုင်းမှန်းလည်းမသိကြဘူး။ ဒါပေမယ့်မကောင်းတဲ့အငွေ့အသက်တွေရနေတယ်။

ခဏအကြာမှာ ခေါင်းဆောင်လုပ်တဲ့သူရဲ့အသံက ဟိန်းထွက်လာတယ်။ ဒီရွာမှာသူတို့ကိုဆန့်ကျင်တဲ့သူတွေရှိတယ်လို့ကြားတယ်တဲ့။ ကြံကြံဖန်ဖန်ဘယ်သူကသူတို့ကိုဆန့်ကျင်ရဲမလဲကွယ်။ တခုခုလုပ်တော့မှာမို့သက်သက်မယ့်စွပ်စွဲနေတာ။ အဲဒီလိုဆန့်ကျင်တဲ့အတွက်အပြစ်ဒဏ်ပေးရမယ်တဲ့။ ဒါပေမယ့် မင်းတို့ရွာသူရွာသားတွေကို အခွင့်အရေးတခုပေးမယ်လို့ပြောရင်းနဲ့ သူ့တပည့်တယောက်ရဲ့လက်ထဲက ငှက်ကလေးတကောင်ကိုဆွဲယူဖမ်းဆုပ်ပြလိုက်ပြီး ငါ့လက်ထဲကငှက်ဟာ အသေလားအရှင်လား .. မှန်အောင်မပြောနိုင်ရင်မင်းတို့ရွာသားဆယ်ယောက်ကိုသတ်ပစ်မယ်လို့ပြောလိုက်တယ်။ အကုန်လုံးဒုက္ခ
ရောက်ကြပြီပေါ့။ သူ့လက်ထဲက ငှက်ဟာ အသက်ရှင်နေမှန်းသိလို့ငှက်ကအရှင်ပါလို့ပြောရင် သူ့လက်နဲ့ဖိညှစ်သတ်လိုက်မှာ။ အသေလို့ပြောရင်လည်း လက်ထဲကငှက်ကိုလွှတ်ပစ်လိုက်တော့မယ်။ ဘယ်လိုအဖြေတွေပဲပေးပေးဆုံးဖြတ်ချက်က သူ့အပေါ်မှာပဲမူတည်နေတာကို လူတိုင်းသိနေကြတယ်။
တကယ်လို့ ဘာမျှမပြောပြန်ရင်လည်း သူ့ကိုအာခံလို့ဆိုတဲ့အပြစ်နဲ့ အကြောင်းမရှိအကြောင်းရှာပြီး အသတ်ခံကြရဦးမှာ။ ရွာသူရွာသားတွေအားလုံးတယောက်မျှအသံမထွက်ရဲဘဲ တိတ်ဆိတ်နေကြတယ်။ အဲဒီကောင်က စိတ်မရှည်တော့ဘဲငါးမိနစ်ကြာလို့မှ အဖြေပေးတဲ့သူမရှိရင်အကုန်လုံးတယောက်မကျန်သတ်ပစ်မယ်လို့ ကြိမ်းဝါးလိုက်တယ်။ ရွာသူရွာသားတွေအားလုံး တယောက်ကိုတယောက် မျက်နှာငယ်ကလေးတွေနဲ့ကြည့်နေကြရှာတယ်။

ဒီလိုနဲ့တအောင့်လောက်အကြာမှာ လူငယ်တယောက်ကမတ်တတ်ရပ်လိုက်တယ်။ သူ့မျက်နှာကတည်ငြိမ်နေတယ်။ ဖြစ်သမျှတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တော့မယ်လို့စိတ်ပိုင်းဖြတ်ထားဟန်တူပါရဲ့။ ခင်ဗျားလက်ထဲက ငှက်ကလေးသေတာရှင်တာက ကျုပ်တို့နဲ့မဆိုင်ဘူးဗျ။ ကျုပ်တို့ရွာကို ရွာတော်ရှင်က စောင့်ရှောက်နေတာပါ။ ရွာတော်ရှင်ကဖမ်းဆီးသတ်ဖြတ်တာကိုလုံးဝမကြိုက်ဘူး။ တခါတုန်းက ကျုပ်တို့ရွာသားတယောက် ဘာမသိညာမသိနဲ့ငှက်တကောင်ကိုဖမ်းလာပြီ းသတ်စားလိုက်လို့ တရွာလုံးဒုက္ခရောက်ခဲ့ဘူးတယ်။ ရွာထိပ်ကနတ်စင်ကို ကန်တော့ပွဲထိုးပြီးတောင်းပန်မှ ခွင့်လွှတ်ပေးတယ်။ ပြီးတော့ သူစောင့်ရှောက်ထားတဲ့ကျေးငှက်တိရိစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်တာမျိုးမလုပ်ဖို့နောက်ဆုံးအကြိမ်သတိပေးလိုက်တယ်ဆိုပြီးအိပ်မက်ပေးခဲ့တယ်ဗျ။
အဲဒီလိုပြောလိုက်ပြီးတော့ လက်အုပ်ချီ မျက်စေ့စုံမှိတ်လိုက်ရင်းပါးစပ်ကလည်းတစ်ခုခုကိုရွတ်ဆိုနေတယ်။ ပတ်ဝန်းကျင်တခုလုံး ဘာအသံမှမကြားအောင်တိတ်ဆိတ်နေတယ်။ ခဏကြာတော့လူဆိုးရဲ့လက်ထဲက ငှက်ကလေးဟာ မိုးကောင်းကင်ထဲကိုပျံသွားတယ်ကွယ်။

အဘိုးပြောပြသည့်ပုံပြင်သည် ဤမှာပင်ပြီးဆုံးသွား၏။ သတ္တိရှိရှိနဲ့ပြန်ပြောလိုက်တဲ့လူငယ်က အဘိုးပဲမဟုတ်လားဟုမေးလိုက်သော်လည်း အဖြေမပေးဘဲကျွန်တော့်ကိုပြုံး၍ကြည့်နေသည်။ ပြီးမှ လူငယ်ကလေးက အဘိုးဟုတ်မဟုတ်ဆိုတာကအရေးမကြီးပါဘူးကွယ်။ ဘိုးဘိုးးက မြေးအတွက်ပုံပြောသူလို့ပဲဆိုကြပါစို့ဟု ပြောလိုက်သည်။ အဘိုးကိုကျွန်တော်ငေးကြည့်နေမိသည်။

ယခုတော့အဘိုးမရှိတော့ပြီဖြစ်သော်လည်း သူပြောခဲ့သည့်ပုံပြင်ကိုတော့သတိရနေဆဲ။ ကျွန်တော့်မှာတွေးစရာတွေရှိလာခဲ့သည်။ အဘိုးသည် ဘယ်လိုကြောင့်သည်အကြောင်းကိုပြောပြခဲ့ရတာလဲ။ ကျွန်တော့်အတွက်ပဟေဠိတခုလိုကျန်ရစ်ခဲ့သလို ဖြန့်ထွက်တွေးစရာတွေကများလှသည်။ ထိုစဥ်တုန်းက
တော့ကလေးမို့ ထွေထွေထူးထူးမစဥ်းတတ်။ သေမှာကိုမကြောက် ရဲရဲဝံ့ဝံ့ပြောသည့်လူငယ်ကလေးကိုသဘောကျသည်။ ပြီးတော့ လူဆိုးလက်ထဲကငှက်
ကလေးလွတ်သွား၍ ပျော်သွားခဲ့ရသည်။ 
အချိန်ကာလတွေတဖြည်းဖြည်းကုန်ဆုံးသွားခဲ့သည်။ ခေတ်တွေပြောင်းလဲသွားသည်။ ကြုံတွေ့ဖြတ်သန်းခဲ့ရသည့်အဖြစ်အပျက်တွေကများစွာ။ မည်သို့ပင်ကြုံတွေ့ခဲ့ရသည်ဖြစ်စေ ဖြစ်ပျက်သမျှအားလုံး၏အနှစ်သာရဖြစ်သည့်တရားကိုယ်ကို ရှာတွေ့ဖို့ပဲအရေးကြီးသည်။ မိုးကောင်းကင်မှာငှက်ကလေးတွေပျံသန်းနေကြသည်။ 

တရက်တော့ ကျွန်တော့်မြေးကလေးတွေကိုပုံပြင်တပုဒ်လောက်ပြောပြရဦးမည်။​ ရှေ့မျိုးဆက်မှနောက်မျိုးဆက်သို့ လက်ဆင့်ကမ်းပြောပြစရာပုံပြင်တွေကလည်းများလှသည်။

ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar