မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၉ ရက်မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၉ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၂၀၊ ၂၀၂၂မတ်လ ၁၉ ရက် - တနှစ်တာအတွင်း တိုးတက်မှုနဲ့ ဆုတ်ယုတ်မှု
ပြီးခဲ့တဲ့ တနှစ်တာအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု၊ လက်နက်ကိုင်တော်လှန်မှုတွေ ဘယ်လောက် ခရီးပေါက်ခဲ့သလဲ၊ ဘာတွေ ဆုံးရှုံးခဲ့ကြရသလဲ၊ ဘယ်အရာတွေက သင်ခန်းစာ ယူစရာတွေပါလဲ၊ ရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးက ဘယ်လောက်ကြာနိုင်သလဲ စတဲ့ မေးခွန်းတွေကို မေးကြည့်ဖို့ ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။
ပြီးခဲ့တဲ့ တနှစ် ယခုလို မတ်လမှာ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ပတ်သက်လို့ အဲဒီရက်ပိုင်းတွေက ရေးခဲ့တဲ့ ဖေါ်ပြခဲ့တဲ့ မြင်ကွင်းတွေကို ပြန်ဖတ်ကြည့်တဲ့အခါ ရက်စက်တဲ့ ဖြိုခွင်းမှု၊ မြို့တွေ လမ်းတွေကိုဝင်ဖို့ စိုးမိုးဖို့အတွက် မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ပစ်ခတ်တာ၊ အတားအဆီးတွေကို ဘူဒိုဇာတွေနဲ့ ထိုးဖယ်ရှားတာတွေ လုပ်ဆောင်ခဲ့သလို ဆန္ဒပြလူထုကလည်း လမ်းဆုံတွေ လမ်းခွတွေ လမ်းသွယ်တွေကို ပိတ်ဆို့ဖို့ကြိုးစားကြတာ မီးလောင်စေတဲ့ ဓါတ်ဆီပုလင်းတွေနဲ့ ၊ ဂက်စ်သေနတ်တွေနဲ့ ပြန်လည် ခုခံခဲ့ကြတာ မြို့ကြီးအတော်များများမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းကတော့ ကျေးရွာတွေအနေနဲ့ တိုက်ပွဲတွေ တိမ်းရှောင်ရတာတွေ မရှိသေးပဲ မြို့တွေပေါ်မှာသာ ပစ်ခတ်မှု ဖြိုခွဲမှုနဲ့ အသက်ဆုံးရှုံးနေကြရတာ ဖြစ်ပါတယ်။ တချို့သော ဆန္ဒပြသူလူငယ်တွေကတော့ မတ်လကာလလောက်ကတည်းက တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေကို ထွက်ခွာသွားကြပြီး လက်နက်ငယ် ပစ်ခတ်မှု၊ ဖောက်ခွဲမှု သင်တန်းတွေတက်ရောက်ကြတာ ဖြစ်ပါတယ်။
အဲဒီကာလမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ အနေနဲ့ အာဏာသိမ်းစစ်တပ်ကို ဖြုတ်ချနိုင်မယ့် အောင်ပွဲက လက်တကမ်းမှာလို့ မျှော်လင့်မှန်းဆခဲ့ကြပြီး စီဒီအမ် လှုပ်ရှားမှု၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းတွေ စစ်ကောင်စီအနေနဲ့ လည်ပတ်အောင် မလုပ်နိုင်တဲ့ အခြေအနေကို ထောက်ချင့်ပြီး စစ်ကောင်စီရဲ့ ကျဆုံးချိန်ဟာ မဝေးဘူးလို့ ယူဆခဲ့ကြတာ ဖြစ်ပါတယ်။
သို့ပေမယ့် စစ်ကောင်စီရဲ့ ရက်စက်တဲ့ ဖြိုခွဲမှု၊ စစ်တပ်နဲ့ ရဲပါဝင်တဲ့ လက်နက်ကိုင်တပ်ကို ချုပ်ကိုင်စေခိုင်းထားနိုင်သရွေ့ နိုင်ငံရေးအာဏာကို ထိန်းချုပ်ထားနိုင်မယ်ဆိုတဲ့ ယူဆချက်နဲ့ လက်နက်ကိုင် တပ်တွေရဲ့ ရက်စက်တဲ့ ဖြိုခွဲမှုတွေကို သုံးပြီးနိုင်ငံရေးအာဏာကို ဆက်လက် ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံရေးအားပြိုင်မှုဟာ လူထုဆန္ဒပြပွဲကနေ လက်နက်ကိုင် တိုက်ပွဲအဖြစ် အသွင်ပြောင်းခဲ့ပြီး မြို့ပေါ်က လူငယ်တွေနဲ့ ကျေးလက်က လူငယ်လူလတ်ပိုင်းတွေ အများအပြား လက်နက်ကိုင်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ကြကာ NUG က ကြေညာခဲ့တဲ့ PDF တပ်ဖွဲ့အမည်အောက်မှာ ဖြစ်စေ၊ ၄င်းတို့ဘာသာ ၄င်းတို့ဒေသမှာဖွဲ့တဲ့ ကာကွယ်ရေး တပ်ဖွဲ့ဖြစ်စေ ဖွဲ့စည်းပြီး လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ဒီဖြစ်ရပ်တွေက အားလုံး သိရှိပြီးဖြစ်ပါတယ်၊ ပြန်လည် အကျဥ်းချုံးဖေါ်ပြရခြင်းက ပြောင်းလဲသွားတဲ့ နိုင်ငံရေး နည်းလမ်း၊ စစ်ရေးနည်းလမ်းနဲ့ အခုရောက်ရှိနေတဲ့နေရာ နောက်ရှေ့အနာဂတ်ကို ဘယ်လိုလျှောက်လှမ်းကြမလဲဆိုတာ မျှော်ကြည့်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနှစ်က အချိန်နဲ့ အခု အချိန်ကာလ လူထုရဲ့ စိတ်ဓါတ်တက်ကြွမှု၊ လူထုရဲ့ကြံ့ကြံ့ခံနိုင်စွမ်းအား၊ တော်လှန်ရေးက လပိုင်းအတွင်း အောင်ပွဲကို မရောက်နိုင်ဘူးဆိုခဲ့ရင် နှစ်နဲ့ချီကြာမြင့်လာမယ်ဆို လိုအပ်တဲ့ အရင်းအမြစ်တွေ ဘယ်လိုစုဆောင်းကြမလဲ၊ လက်နက်ကိုင်တပ်ဖွဲ့အဖို့ လက်နက်၊ ရိက္ခာ လူအင်အားစုဆောင်းမှု စတာတွေ၊ ဘယ်လို နည်းလမ်းနဲ့ ဆက်လျှောက်ကြမလဲ၊ နိုင်ငံတကာ သံတမန်ရေးဖိအား၊ ပိတ်ဆို့မှုတွေက အဓိကကျတာလား သို့မဟုတ် ပြည်တွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုက အဓိကလား ၊ ၂ ခုလုံးကို ပေါင်းစပ်ပြီး လုပ်ဆောင်ရမှာလား၊ စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုက လိုအပ်သလား၊ ဆွေးနွေးဖို့ရည်ရွယ်ချက်က ဘာလဲ၊ လက်နက်ကိုင် တိုက်ပွဲသည်သာလျင် တခုထည်းသောနည်းလမ်း အဖြစ်သုံးပြီး စစ်ကောင်စီတပ်ရဲ့ အင်အားစုတွေ လုံးဝဥသုံ ဖြုတ်ချဖယ်ရှားရေး ပဲလား စတဲ့ မေးခွန်းနဲ့ အဖြေတွေရှင်းရှင်းလင်းလင်း ရှိဖို့လိုအပ်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနှစ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေဘက်က လူပေါင်း သောင်းနဲ့ချီ အဖမ်းခံခဲ့ကြရပြီး ထောင်ဂဏန်းနဲ့ချီ အကျဥ်းထောင်တွေထဲ ရှိနေကြဆဲ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို ပစ်ခတ်ဖမ်းဆီးလို့ ပစ်ခတ်သတ်ဖြတ်လို့ သေဆုံးရတဲ့ ဆန္ဒပြသူတွေ၊ မြို့တွေပေါ်မှာ ဖမ်းဆီးစစ်ဆေးစဥ်သေဆုံးရတဲ့ အရပ်သား၊ လမ်းမှာ သွားလာသူတွေကို ရပ်တန့်မပေးလို့ဆိုပြီး ပစ်သတ်ခံရတဲ့ အရပ်သားတွေ၊ စစ်ကြောရေးတွေမှာ သေဆုံးရတဲ့ အရပ်သားတွေ၊ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ဝင်စီးပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်လို့ စွပ်စွဲသတ်ဖြတ်ခံရတဲ့ အရပ်သားတွေ စုစုပေါင်းလိုက်ရင် ၁၆၀၀ ကျော် ၁၇၀၀ နီးပါးရှိလာနေပြီ ဖြစ်ပါတယ်။ အလားတူပဲ ဒလန်ရှင်းလင်းရေး ဆိုတဲ့ခေါင်းစဥ်အောက်မှာ အမှန်တကယ် ဒလန်လုပ်သူတွေရော သံသယသို့မဟုတ် စွပ်စွဲခံရသူ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးစတဲ့ အရပ်သားတွေသေဆုံးမှုတွေလည်း တနှစ်တာအတွင်း ရာဂဏန်းနဲ့ ရှိနိုင်ပါတယ်။
လူတယောက် အသတ်ခံရတဲ့ သတင်း၊ လူ၁ ဦးထက်မက အသတ်ခံရတဲ့ သတင်းတွေက အရင်က သတင်းစာမျက်နှာတွေမှာ ထူးခြားတဲ့ သတင်းအဖြစ်ဖေါ်ပြခဲ့ကြပေမယ့် အခုနေအခါမှာ လူ ၁ ဦးမက အသက်ဆုံးရှုံးရတဲ့ သတင်း သေဆုံးတဲ့ သတင်းတွေက ထူးခြားတဲ့ သတင်းတွေမဟုတ်တော့ပါဘူး။ နေ့စဥ် သတင်းတွေမှာ အရေအတွက်မျှသာ သတင်းတိုအဖြစ်နဲ့ ဖေါ်ပြကြတော့တာ ဖြစ်ပြီး ဘာကြောင့် ဘယ်လို ဖြစ်ရတာလဲ အကြောင်းရင်းတွေကို စေ့ငုမနေကြတော့တာလည်း ဖြစ်ပါတယ်။ လူအများစုအနေနဲ့လည်း သေဆုံးခြင်း အသက်ဆုံးရှုံးခြင်း အသတ်ခံရခြင်း သတ်ဖြတ်ခြင်းတွေကို ယဥ်ပါးလာတဲ့ သဘောမျိုး ဖြစ်လာပါတယ်။
လူအများက စိတ်ထိခိုက်စရာ၊ စိတ်မကောင်းစရာ အဖြစ်အပျက်တွေကို ခံစားရဖန်များလာလို့ ယဥ်ပါးလာသလို အခြား တဖက်မှာလည်း တော်လှန်ရေးကို လူထုရဲ့ ထောက်ပံ့နိုင်စွမ်းက ဘယ်လောက်ရှိမလဲ၊ ငွေကြေးအရ၊ စိတ်ဓါတ်ရေးအရ ဘယ်လောက်ထိ မှီခိုနိုင်မလဲစတဲ့ မေးခွန်းတွေလည်း ထွက်ပေါလာလိမ့်မယ်လို့ ယူဆပါတယ်။ ရုပ်ဝတ္တုပိုင်းဆိုင်ရာ အထောက်အပံ့တွေ အရင်းအမြစ်တွေလည်း အရေးကြီးသလို နိုင်ငံရေးအရ မဟာမိတ်ဖွဲ့နိုင်ခြင်း တနည်းအားဖြင့် နိုင်ငံရေးရပ်တည်ချက်ဆိုင်ရာ အယူဝါဒပိုင်းအရ စစ်အာဏာရှင်ဆန့်ကျင်ရေး မှာ မဟာမိတ်ဖွဲ့ဖို့ လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းသဘောတူညီမှုကလည်း အရေးကြီးတယ်လို့ မြင်ပါတယ်။
ပြန်ချုံ့ရရင်တော့ တနှစ်တာမှာ အဖြစ်အပျက်တွေကို စိတ်ခံစားမှုထက် လက်တွေ့ကျတဲ့ အချက်အလက်၊ ဖြစ်နိုင်ခြေရှိတဲ့ အလားအလာနဲ့ ဖြစ်လာနိုင်ခြေရှိတဲ့အရာတွေ အတွက်ကြိုတင်ပြင်ဆင်ပြီး မှန်ကန်တဲ့ လမ်းစဥ် နည်းလမ်းတွေ ချမှတ်နိုင်ဖို့က အရေးကြီးတယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။