Breaking News

ကျော်မင်းထွန်း (NEW YORK) - လေရူး

ကျော်မင်းထွန်း (NEW YORK) - လေရူး
(မိုးမခ) မတ် ၂၀၊ ၂၀၂၂

၂၀၂၁ ရဲ့
ဆောင်းအကုန် နွေမကူးခင်မှာ
လေရူးဝင်သွားတယ်...။

အဲဒီလေရူးဟာ ဧရာဝတီမြစ်ဆုံကို သာကောဆီဆက်သခဲ့တယ်
အဲဒီလေရူးဟာ ကျောက်ဖြူဆိပ်ကမ်းကို သာကောဆီဆက်သခဲ့တယ်
အဲဒီလေရူးဟာ ကြေးနီတောင်ကြီးကို သာကောဆီဆက်သခဲ့တယ်
ပြီးတော့ -
အဲဒီလေရူးဟာ အာဏာဒမြတိုက်ပြီး မြန်မာတပြည်လုံးကို အပိုင်သိမ်းတယ်။

အဲဒီလေရူးနဲ့ ပြည်တွင်းစစ်အတုကို ဖန်တီးကြတယ်
အဲဒီလေရူးနဲ့ လက်နက်ကုန်သည်တွေ အလုပ်ဖြစ်ကြတယ်
အဲဒီလေရူးနဲ့ လေးခွကိုင်ရဲတပ်ဖွဲ့က ပါဝါပြတယ်
ပြီးတော့ 
အဲဒီလေရူးနဲ့ ပြည်သူတွေရဲ့ဦးခေါင်းကို ပစ်တမ်းခတ်တမ်းလက်တည့်စမ်းတယ်။

အဲဒီလေရူးကြောင့် ဒေဝဒတ်နဲ့အဇာသတတ် တန်ခိုးပြတယ်
အဲဒီလေရူးကြောင့် ခြေဥစာအုပ်ဟာ အိမ်သာသုံးစက္ကူဖြစ်ရတယ်
အဲဒီလေရူးကြောင့် နိုင်ငံကိုကာကွယ်မယ်ဆိုသူတွေရဲ့ရန်ကို ပြန်ကာကွယ်နေရတယ်
ပြီးတော့ 
အဲဒီလေရူးကြောင့် "ပီဒီအက်ဖ်"ဆိုတာ မွေးဖွားလာရတယ်။

နွေဦးပေါက်မှာ လေရူးနှောက်လို့…
ဒီမိုကရေစီရမှ အမျှဝေပါဆိုတဲ့
ရှစ်ဆယ့်ရှစ် အရေးတော်ပုံက
မဝင်းမော်ဦး ပြန်နိုးလာပြီ
ကိုဖုန်းမော် ပြန်နိုးလာပြီ
ကိုပါကြီး ပြန်နိုးလာပြီ။

နွေဦးပေါက်မှာ လေရူးနှောက်လို့…
လက်ပံတောင်းဒေါ်ခင်ဝင်းလည်း ပြန်နိုးလာပြီ
ဆဲဗင်းဂျူလိုင်ဦးသန့်လည်း ပြန်နိုးလာပြီ
သခင်ကိုယ်တော်မှိုင်းလည်း ပြန်နိုးလာပြီ။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တေဇရဲ့ဝိဉာဉ်ကတော့
နှစ်မကူးခင် လေရူးကိုသက်ပျောက်ဆွမ်းကပ်ဖို့
ဝစီပိတ်ပေးတတ်တဲ့ “ဝစီပိတ်” သံဃာတစ်ပါးအား
ဖိတ်စာကမ်းထားပါသတဲ့။

မြန်မာတပြည်လုံး သံပုံးတီးပါ
ဆောင်းအကုန် နွေမကူးခင်မှာ
ဝင်ခဲ့တဲ့လေရူး ပြန်ထွက်သွားအောင်..။    ။

ကျော်မင်းထွန်း (NEW YORK)

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar