Breaking News

မိုက်ခဲစိန် - ဒစ္စတိုပီးယားထဲမှာ ရှင်းအောင်နေ



မိုက်ခဲစိန် - ဒစ္စတိုပီးယားထဲမှာ ရှင်းအောင်နေ

(မိုးမခ) မတ် ၂၀၊ ၂၀၂၂

နွေဦးတော်လှန်ရေးမှာ လက်၃ချောင်း ထောင်လိုက်တာကနေ ခေတ်ဟာ တက်ကပ်မဟုတ်တော့ဘဲ ဆုတ်ကပ် ဖြစ်သွားတော့တာပဲ။ ခေတ်ပြောင်းတော်လှန်ရေးသင်္ကေတ လက်၃ချောင်းဇာတ်လမ်းက ဘာတဲ့လဲ။ အနာဂတ်ခေတ်လွန် ရုပ်ရှင် Hunger Games ထဲက ပြကွက်။ Respect, Thank you, and Good Bye လို့ ဆိုပါတယ်။ လူတန်းစားကွာခြားမှုကြီးတဲ့ခေတ် - အရင်းရှင်တွေနဲ့ အာဏာရှင်တွေက ဇိမ်ခံပြီး ပစ္စည်းမဲ့ အခြေခံလူတန်းစားတွေအချင်းချင်း သတ်ဖြတ်နေကြတဲ့ ကစားပွဲကို ထိုင်ကြည့် ပွဲတော်တည်နေကြတဲ့ခေတ်။ Utopiea မဟုတ် Dystopia - လောကနိဗ္ဗာန်မဟုတ် လူ့ငရဲ ခေတ်ပျက်ကြီးထဲ။ အခြေခံလူတန်းစားထဲက လူငယ်မျိူးဆက်သစ်ဟာ လူကြီးတွေအတွက် အသေခံတိုက်ပွဲဝင်နေကြရင်းက အာခံတဲ့ သင်္ကေတ၊ အချင်းချင်း အလေးပြုတဲ့ အမှတ်အသား။ မင်းတို့ ငါတို့ အနစ်နာခံကြရတာအတွက် လေးစားတယ်၊ ကျေးဇူးတင်တယ်၊ ပြီးတော့ နှုတ်ဆက်လိုက်ပါတယ် … တဲ့။

မျက်မှောက်ခေတ်ဟာ ဆုတ်ကပ်၊ ဒစ္စတိုးပီးယားဆိုတာ သေချာသည်ထက် သေချာသွားပါတယ်။ ၂၁ ရာစုအဝင်မှာ လေးနဲ့ မြားကို ထားခဲ့ပြီးနောက် အသေခံဗုံးပဒေသာကို ကိုယ်ကျပ်အင်္ကျီ ချုပ်ဝတ်လိုက်ရတော့တာပဲ။ အော်တိုမက်တစ်သေနတ်တွေ လူသတ်လက်နက်တွေကို ကိုင်စွဲကြရတော့တာပါပဲ။ အမေရိကားမှာ နယူးယောက်က ကုန်သွယ်ရေးဗဟို မိုးမြင့်တိုက်ညီနောင်ကို ဘာသာရေးအကြမ်းဖက်ဆိုသူတွေက ခရီးသည်လေယျာဉ်ပြန်ပေးဆွဲပြီး တိုက်ခိုက် ဖြိုခွင်းလိုက်ကတည်း ကမ္ဘာဟာ ဒစ္စတိုးပီးယား ဖြစ်သွားပြီဆိုတာ ရိပ်မိဖို့ ကောင်းပါတယ်။ ကျနော်တို့က အိုဘားမားတို့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒလိုင်းလားမားတို့လို လူထုကြားထဲ ပေါ်ပြူလာဖြစ်တဲ့ ခေါင်းဆောင်တွေ ကို လည်ပင်း ညောင်ရေအိုးဖြစ်မတတ် မော့နေကြရင်းကနေ တဖက် အာဏာရှင်တွေ အရင်းရှင်ကြီးတွေဘက်က ရှီကျင့်ဖင်၊ ပူတင်၊ ဒေါ်နယ်ထရန့် ၊ ကင်ချုံအွန် နဲ့ မင်းအောင်လှိုင်တို့ စင်ပေါ် တက်လာကြတော့တာပဲ။

သဘာ၀တရားကြီးကလဲ ဆုတ်ကပ်ထဲကို သွားနေပါပြီ။ ကမ္ဘာကြီးပူနွေးလာပြီ၊ သဘာ၀ဘေးဒဏ်တွေ ပိုဆိုးဝါးလာတယ်။ ရောဂါကပ်ဆိုးတွေလည်း မပျောက်တော့ဘူး။ ၂၀၂၀ မှာ ကိုဗစ်ကပ်ဆိုက်ပြီးနောက် ၂၀၂၁ မှာ ရောဂါပိုးတွေ တမျိုးပြီးတမျိုး ပြောင်းလာတယ်။ ၂၀၂၂ မှာလည်း ကိုဗစ်က အိမ်ဦးခန်းတွေကနေ မဆင်းတော့ဘူးလို့ နမိတ်ပြနေပါပြီ။ အရင်တုန်းကလို ဘ၀မျိုးတွေ ပြန်မရတော့ဘူးဆိုတာ သေချာသွားကြပါတယ်။ လူတွေအတွက် ငြိမ်းချမ်းသာယာတဲ့ကာလဆိုတာ ရေပွက်ပမာ ခဏသာတည်းဆိုတာ သိသာပါတယ်။ အတိတ်ဆိုတာ ပြန်သွားလို့ မရတော့ဘူး။ အခု မျက်မှောက်သည် အမှန်တရားဖြစ်တယ်။ အဲသည် နယူးနော်မယ်နဲ့ နေကြရတော့မယ်လို့ ဆိုချင်ပါတယ်။

အင်ပါယာကြီးတွေ နေဝင်ချိန်လိုမျိုး အခုချိန်က ခေတ်ပျက်ချိန် ဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ခေတ်ပျက်တယ်ဆိုတာ ဘာနဲ့ တိုင်းတာတာလဲ။ ဆင်းရဲ ချမ်းသာ အရမ်းကွာဟလာတဲ့အချိန်၊ ပစ္စည်းမဲ့တွေနဲ့ ပစ္စည်းရှိသူတွေအကြား ပဋိပက္ခ ပြင်းထန်လာတဲ့အချိန်၊ ဘယ်ဘယ်ကမှ အလျော့ပေးဖို့ မစဉ်းစားကြဘဲ အစွန်းရောက်လာကြချိန်တွေမှာ အင်ပါယာကြီးတွေ နေဝင်တာပဲ။ အာဏာရှင်တွေ အကြမ်းဖက်သမားတွေ အမှောင်ဂိုဏ်းသားတွေခေတ် ဆန်းတော့တာပဲ။

အမေရိကားမှာ ပြည်တွင်းရေး ပဋိပက္ခ ပြင်းထန်လှတယ်။ ပါတီ ၂ ပါတီ၏ အစွန်းရောက်နေမှုက ညှိလို့ မရနိုင်ဘူး။ အမေရိကန်က လူချမ်းသာတွေက အမေရိကန်လူဆင်းရဲတွေကို ကိုယ်ချင်းစာပြီး ဥစ္စာဓန ခွဲဝေပေးဖို့ မစဉ်းစားကြဘူး။ ကိုဗစ်မတိုင်ခင်ကလည်း အမေရိကန်ပညာရေးဟာ အဆင်းဘက်မှာရောက်နေတယ်။ ငွေမရှိရင် ပညာမသင်နိုင်ကြတော့ဘူးလေ။ ပြည်တွင်း စက်မှု လက်မှု ထွန်းကားမှု တီထွင်ဖန်တီးနိုင်မှုဟာ အရင်းရှင်ကြီးတွေ၏ လက်ဝါးကြီးအုပ်မှုအောက်မှ ရွက်နုဝေဆာဖို့ အားနည်းနေပါတယ်။ အားလုံးက ပြည်ပအားကိုး ဖြစ်နေကြတာကိုး။ သည်တော့ အမေရိကန်အင်ပါယာကြီးဟာ အချိန်မီ မပြုပြင်နိုင်ရင် ကျဆုံးဖို့သာ ရှိပါတော့တယ်။ အမေရိကားမှာ အလုပ်မလုပ်ဘဲ ချမ်းသာကြွယ်၀ချင်သူတွေ တိုးလာနေတာဟာ အကျကို ညွှန်ပါတယ်။

ဥပမာအားဖြင့် - မြေရှင်ခေတ်၊ ကျွန်ခေတ်၊ နယ်ချဲ့ကိုလိုနီခေတ် စတဲ့ ရှေးက အင်ပါယာကြီးတွေ မြေခခဲ့ကြစဉ်က လူတန်းစားပဋိပက္ခ ကြီးမားလာခြင်း၊ ဆင်းရဲ ချမ်းသာ ကွာဟလွန်းခြင်း၊ ပညာရေး နဲ့ စီးပွားရေးလုပ်ငန်းများ ကျဆင်းခြင်း၊ ကာယဉာဏလုပ်အားထုတ်ကုန် နည်းလာခြင်းတွေကနေ အင်ပါယာကြီးတွေ ကျဆုံးရတာပဲ ဖြစ်ပါတယ်။ အဲသည်နောက်ကနေ လက်နက်နိုင်ငံတွေ အသစ်ပေါ်ထွန်းတယ်၊ အင်ပါယာအသစ်တွေ ပေါ်ပေါက်လာတယ်။ သွေးထွက်သံယိုနဲ့ စနစ်တွေ နိုင်ငံတွေ ကျဆုံးကြရတာလဲ ရှိပါတယ်။

ဒစ္စတိုးပီးယားဖြစ်နေတော့ မျိုးဆက်သစ်တွေ လမ်းပျောက်ကြတယ်၊ လမ်းပေါ်ရောက်ကြတယ်၊ တော်လှန် တိုက်ခိုက်ကြတယ်၊ ဆန့်ကျင် ပုန်ကန်ကြတယ်။ အခု ဆုတ်ကပ်မှာ လူငယ်မျိုးဆက်သစ်တွေဟာ လူကြီးတွေ မျက်စိရှေ့က လူသတ်ကစားကွင်းတွေထဲမှာ လုံးထွေးသတ်ပုတ် ရန်ဖြစ်နေကြတယ်။ သူတို့တွေထဲက အောင်နိုင်သူကို လူကြီးတွေက သူတို့ ဂိုဏ်းတွေထဲမှာ သွတ်သွင်းပြီး မွေးစားကြဖို့ အသုံးတော်ခံဖို့ စောင့်နေကြတယ်။ နိုင်ငံရေးခေါင်းဆောင်သစ်တွေ ဘယ်လိုပဲ တက်လာ တက်လာ မျိူးဆက်ဟောင်းတွေက သူတို့၏ အာဏာ ဥစ္စာ ဩဇာ လက်နက်တွေနဲ့ ဇာတ်သွင်းလိုက်ရင် ပြီးသွားကြတာပဲ မဟုတ်လား။ သည်တော့ Hunger Games ရုပ်ရှင်ထဲကလို တော်လှန်သူတွေက လက်သုံးချောင်းထောင်ပြီး တိုက်ပွဲဝင်ကြတယ်။ သေကြတယ်။ မသေရင်တော့ အရင်းရှင် အာဏာရှင်တွေက ချီးမြှောက်ပြီး ဇာတ်သွင်းကြ အချိုသတ်ကြမှာပဲ။

ယူကရိန်းဖြစ်စဉ်ဟာ ဟန်းဂါးဂိမ်း ဖြစ်ပါတယ်။ သမတကြီး ဇီလန်စကီးဟာ အရင်းရှင်တွေရဲ့ လူသတ်ကွင်းပြင်ထဲမှာ ရုရှားကျုးကျော်စစ်ကို ပြည်သူတွေချည်းနဲ့ အထီးကျန် ရင်ဆိုင်နေရင်းကနေ လက်သုံးချောင်းထောင် ပြနေရရှာတာ ဖြစ်တယ်။ လူပြိန်းပရိသတ်က တခဲနက် အားပေးကြတယ်။ ရဲရင့်သူတွေကတော့ ရရာလက်နက်စွဲကိုင်ပြီးတော့ ဇီလန်းစကီးဘက်က ကူတိုက်ကြတယ်။ အသေခံကြတယ်။ အမေရိကန်နဲ့ အီးယူတို့ဟာ သူတို့အကျိုးစီးပွားကို လုံး၀ အထိမခံနိုင်ကြပါဘူး။ အမေရိကန်နဲ့ အီးယူ ပြည်သူတွေကလည်း ယူကရိန်းပြည်သူတွေအတွက် မျက်ရည်ပဲ အကျခံကြတယ်။ သွေးမြေတော့ အကျမခံနိုင်ကြပါ။ တီဗီကနေ ယူကရိန်းလူသတ်ကွင်းကို ဘီယာနဲ့ မြည်းနေကြပုံ ပေါ်ပါတယ်။ ဒီဟာက ကမ္ဘာကြီးဟာ ဆုတ်ကပ်ထဲမှာ၊ ဒစ္စတိုးပီးယားထဲမှာ သေချာတယ်လို့ ပြပါတယ်။ ဘယ်အရာက အကောင်းမြင်တဲ့ မျော်လင့်ချက် ရှိနေလို့လဲ။

မြန်မာပြည်က နွေဦးတော်လှန်ရေးကလဲ ဒစ္စတိုးပီးယားဖြစ်ပါတယ်။ အရင်ကလို အကောင်းအတိုင်း ပြန်မရတော့ဘူး။ စစ်အာဏာရှင် အုပ်ချုပ်ခွင့်မရအောင် တွန်းလှန် ခုခံနေရင်းကနေ ၂ဘက်စလုံး အထိနာ ပျက်ဆီး ဆုတ်ယုတ်နေကြရတာဖြစ်ပါတယ်။ မျိုးဆက်သစ်တွေက လက်သုံးချောင်းထောင်ပြနေတဲ့ကြားက ကမ္ဘာကြီးက မျက်စိမှိတ်ထားခဲ့တာ ၁နှစ်ကျော်ခဲ့ပါပြီ။ မြန်မာပြည်သူတွေက ပြည်တွင်းပြည်ပ အကြီးအကျယ် တောင့်ခံတာ အာခံထားကြတာ ဖြစ်ပါတယ်။ ပီဒီအက်ဖ်တွေကိုယ်တိုင်လည်း တဖြေးဖြေးနဲ့ ငါတို့မှာ ငါတို့ ရှိတယ်ဆိုတဲ့ အခြေခံအုတ်မြစ် တဖြေးဖြေးခိုင်မာလာတာ တွေ့ကြရပါပြီ။ သူတို့တွေ အရင်အတိုင်းပြန်သွားကြမယ့်အစား သူတို့တွေလည်း နယူးနော်မယ်ကို တည်ဆောက်နေကြပြီ လို့ ထင်မြင်မိပါတယ်။ သာမန်ပြည်သူတွေကတော့ ယခင်တုန်းက ပြည်ထောင်စုကြီး၊ မိမိတို့ မိသားစုတွေ အသိုင်းအဝိုင်းတွေ သိုင်းသိုင်းဝိုင်းဝိုင်း အရင်အတိုင်း စိတ်ကူးယဉ်အိပ်မက် မက်နေကြဦးမှာပါ။ ဒါပေမယ့် ဒါတွေ ပြန်မရနိုင်တော့ဘူးဆိုတာ တဖြေးဖြေး ရိပ်မိလာကြမယ် ထင်ပါတယ်။

မြန်မာပြည်ရဲ့ အခြေအနေကလည်း အင်ပါယာကြီးများ ကျဆုံးနေသလို ဆင်းရဲချမ်းသာ အကြီးအကျယ် ကွာဟခြင်း၊ ပညာရေး စီးပွားရေး အခြေအ နေ ကျဆင်းနေခြင်း၊ အချင်းချင်း ပဋိပက္ခများ ပြင်းထန်နေခြင်း၊ အစွန်းရောက်မှုများ တည်ရှိနေခြင်းတို့ကနေ ဒစ္စတိုးပီးယားဆီကို ဦးတည်နေတယ်လို့ ဆိုချင်ပါတယ်။ အဲသည်အတွက် ပစ္စည်းမဲ့ လက်နက်မဲ့ အာဏာမဲ့တွေရဲ့ တွန်းလှန်မှု အာခံမှု ခုခံမှု တော်လှန်မှုတွေနဲ့ နွေဦးတော်လှန်ရေးဖြစ်စဉ်ကို ဖြတ်သန်းနေကြတာ ဖြစ်ပါတယ်။ အနောက်အုပ်စုတွေ အမေရိကန်တို့ အီးယူတို့တတွေက ယူကရိန်းဖြစ်စဉ်ရဲ့ ရှေ့ပြေးနမိတ် မြန်မာပြည်ဖြစ်စဉ်ကို ဘယ်လိုမျိုး ရပ်တည် ချွေးသိပ်ထားခဲ့သလဲဆိုတာ အခုချိန်မှာ မြန်မာပြည်သူတွေ ရိပ်စားသဘောပေါက်လောက်ကြမယ် ထင်ပါတယ်။ သည်နွေဦးအလွန်မှာ ဘယ်စနစ် ဘယ်ခေတ်က စနစ်ဟောင်း ခေတ်ဟောင်းကို အစားထိုးပစ်မလဲ အလဲထိုးလိုက်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ခေတ်တိုင်း စနစ်တိုင်းမှာ အာဏာရှင်တွေ အရင်းရှင်တွေချည်းက ရုပ်ပြောင်းရုပ်လွှဲ အမျိူးမျိူးနဲ့ ရှင်သန်ကျန်ရစ်ကြတာကိုလည်း မေ့ထားလို့ မရပါဘူး။

ဆောင်းပါးခေါင်းစဉ်က ဒစ္စတိုးပီးယားထဲမှာ ရှင်းအောင်နေလို့ ဆိုထားတယ်။ ဆုတ်ကပ်ကြီးပါ ဆိုမှတော့ ဘယ်လိုလုပ် ရှင်းအောင်နေကြရမှာလဲ။ စိတ်ကူးယဉ်မနေကြနဲ့လို့ ဆိုချင်တာပါ။ လစ်ဘရယ်ဒီမိုကရေစီ ပြန်လည် ရှင်သန်အားကောင်းလာမယ် … တို့။ ရွေးကောက်ပွဲစနစ် ပြန်လည်ခေတ်စားလာမယ် … တို့။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းစေ့စပ်ရေးနဲ့ အဖြေရှာမယ် … တို့ ဆိုတာတွေနဲ့ အိပ်မက်မက်ဖို့ အချိန် လွန်သွားပြီ ဖြစ်ပုံရပါတယ်။ အမှောင်ဂိုဏ်းသားတွေ သီလမစောင့် သိက္ခာမထိန်း အလုံးစုံပျက်သုဉ်းရေးနဲ့ အကြမ်းဖက် ကျုးလွန်နေချိန်ထဲမှာ အလင်းဘက်တောင်သားတွေက လက်တွေ့ကျကျ ခေတ်ကို ချည်းကပ်ကြဖို့သာ လိုအပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

လေးစားပါတယ်။ ကျေးဇူးပါ။ ပြီးတော့ နှုတ်ဆက်လိုက်ပါတယ် တဲ့။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar