ရဲရင့်သက်ဇွဲ - အလင်းမဲ့ ကောင်းကင်ရဲ့ ည
(မိုးမခ) မတ် ၁၆၊ ၂၀၂၂
အသက်
သွေး
ချွေး
မျက်ရည်စက်များ
အလင်းပျောက် ကောင်းကင်အောက်မှာ၊
အစိမ်းရောင်ဝတ်ရုံများနဲ့
လိုင်စင်ရ သားသတ်သမားများလက်ထဲ
ယုံကြည်မှုတခုအတွက်
အသက်ပေးသွားကြတဲ့
သူရဲကောင်းများ
ဒဏ္ဍာရီမဟုတ်ခဲ့ဘူး။
အမေ
ငိုနေမလား
ချစ်သူမျက်ရည်စက်များနဲ့
ကြေကွဲမှုမီးအိမ်ကို
ထွန်းညှိနေသလား
ဂုဏ်ယူလိုက်စမ်းပါ
ကြယ်တွေ ကြွေတဲ့လမ်းမှာ။
ငြင်းဖို့တောင် အချိန်မရလိုက်တဲ့
အခြေအနေဆိုးကြီးကို
အလိုမတူပဲ လက်ခံလိုက်ရတဲ့ည
စောင်းတီးမပျက်တဲ့
နီရိုးဘုရင်လို လူစားများကလွဲလို့
လူမသေဘူးတဲ့အိမ်က မုန်ညင်းစေ့ရှာသလိုမျိုး
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
နာကျည်းခဲ့ရတဲ့ ညပါ။
၃၃ နှစ်လုံးလုံး
ဘရုတပ်စ် လိုလူတွေကြားမှာ
အဲဒီည
နောက်တကြိမ် မကြုံရအောင်
ဘဝများစွာ ပေးဆပ်နေရင်းနဲ့
ဆာဝီလျံရဲ့ နောက်ဆုံးနှုတ်ထွက်စကား
လွတ်လပ်ရေးဆိုတဲ့အသံသာ
အကြိမ်ကြိမ် ကြားနေမိတော့တယ်
ညကတော့ ကုန်နိုင်တယ်လို့ရယ် မရှိတော့ဘူး။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar