Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၅ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ် ၁လ ၁၅ ရက်မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၁၆၊ ၂၀၂၂

မတ်လ ၁၅ ရက် - ကလေးထောင် ဖောက်ဖို့ ကြိုးစားမှု ပစ်ခတ်နှိမ်နှင်း ၊ ဗုံးကွဲမှုတွေ နဲ့ သတ်ဖြတ်မှုတွေ

မတ်လ ၁၅ ရက်နေ့ ညနေပိုင်းမှာ ကလေးထောင်မှာ ထောင်ဖောက်ဖို့ ကြိုးစားမှု ဖြစ်ပွားခဲ့ပြီး အကျဥ်းထောင်မှ ပစ်ခတ်ဖြိုခွဲမှုကြောင့် အကျဥ်းသား ၁ ဦးနဲ့ အချုပ်သား ၆ ဦးသေဆုံး သေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံက အကျဥ်းထောင်တွေမှာ အခုလို အကျဥ်းထောင်ဝန်ထမ်းကို ဓါးစားခံအဖြစ် ဖမ်းဆီးပြီး ထောင်ဖောက်မှုတွေ ဖြစ်ပွားလေ့သိပ်မရှိပါဘူး။ အကျဥ်းထောင်ကနေ အပြင်အလုပ်နဲ့ ထွက်ခွင့်ရချိန်လိုမျိုးမှာ ထွက်ပြေးတာ၊ လွန်ခဲ့တဲ့ နှစ်ပိုင်းတွေက ဖားအံထောင်မှာ အပြင် အလုပ်ထွက်လုပ်တဲ့ ကားကို တက်မောင်းပြီး ထောင်တံခါးကို ကားနဲ့တိုက်ဖွင့်ကာ ထွက်ပြေးခဲ့တဲ့ ဖြစ်ရပ်တခုသာ ရှိခဲ့တာဖြစ်ပါတယ်။

အခုကလေးထောင် အဖြစ်အပျက်မှာတော့ ထောင်ဝန်ထမ်း လက်ထောက်ညွှန်ကြားရေးမှူးနဲ့ အခြားဝန်ထမ်း ၂ဦး တို့ကို ဓါးစားခံအဖြစ် ဖမ်းဆီးကာ ထောင်တံခါးပွင့်အောင် ကြိုးစားကြတာ ဖြစ်ပြီး အချို့သော နိုင်ငံတွေက ထောင်ဖောက်မှုတွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ သို့ပေမယ့် အကျဥ်းထောင် ဝန်ထမ်းတွေက သေနတ်ကို မိုးပေါ်ထောင်ဖောက်ပြီး သတိပေးမှုနောက်မှာ ထောင်ဖောက်ဖို့ ကြိုးစားသူတွေဆီ ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် စစ်ကောင်စီက ထုတ်ပြန်ချက်အရ ၇ ဦးသေဆုံးခဲ့တယ်လို့ ဆိုပြီး အမှန်တကယ် ထိခိုက်သေဆုံးမှု အချက်အလက်က ကွဲလွဲကောင်း ကွဲလွဲနိုင်ပါသေးတယ်။

ဘာကြောင့် အခုလို အကျဥ်းထောင်ဖောက်ဖို့ စေ့ဆော်စေသလဲဆိုရင် အခုလက်ရှိ အခြေအနေဟာ ပုံမှန် ဥပဒေစိုးမိုးမှု ရှိတဲ့အခြေအနေမျိုးမဟုတ်ပဲ အကယ်၍သာ ကလေး အကျဥ်းထောင်ကနေ ဖောက်ထွက်နိုင်ရင် စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့လို ဧရိယာတွေဆီ ချက်ခြင်းရောက်ရှိနိုင်တာကြောင့် အခုလိုထောင်ဖောက်ဖို့ ကြိုးစားကြတာလို့ ကောက်ချက်ချနိုင်ပါတယ်။ နိုင်ငံရေးအခြေအနေ မတည်မငြိမ်ဖြစ်တာ စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေက မြို့အနီးအနားဝန်းကျင်တွေမှာပါ ဖြစ်ပွားနေတာဟာ အကျဥ်းထောင်ထဲက အချုပ်သား ၊ ပြစ်ဒဏ်ကျ အကျဥ်းသားတွေကို လွတ်မြောက်ဖို့ အခွင့်အလမ်းကြိုးစားဖို့ အားပေးသလို ဖြစ်စေတာလည်း ဖြစ်ပါတယ်။

ဒီနေ့ သတင်းတွေထဲ အခြားသတင်းတပုဒ်ကတော့ ဇန်နဝါရီလ ၁၀ ရက်နေ့က တအာင်းပါတီရဲ့ မြို့နယ် ဥက္ကဌဖြစ်သူနဲ့ မိသားစုဝင် ၂ ဦးတို့ ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့ အနီးက ကျေးရွာတရွာက အပြန် လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးမှုခံခဲ့ကြရပြီး ၂ လပြည့်ဖို့ ရက်အနည်းငယ် အလိုမှာ သတ်ဖြတ်ခံထားရတဲ့ အလောင်းကို တွေ့ရှိရပြီး ဒီနေ့မှာ သဂြိုဟ်ခဲ့တဲ့ သတင်းဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ စိုးမိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေအနက် RCSS ၊ SSPPနဲ့ TNLA တို့ရှိရာမှာ အဆိုပါဖမ်းခံရတဲ့ ကာလက အဲဒီကျေးရွာတဝိုက်မှာ RCSS က စိုးမိုးထားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရပြီးနောက် သတင်းမီဒီယာတွေက ပါတီဥက္ကဌနဲ့ မိသားစု ဖမ်းဆီးခံရတဲ့ သတင်းကို မကြာခဏ ဖေါ်ပြခဲ့ကြပေမယ့်လည်း ဘယ်လက်နက်ကိုင် အဖွဲ့ကမှ သူတို့ဖမ်းထားတယ်လို့ ဝန်မခံခဲ့ကြပဲ လနဲ့ချီ ပျောက်ဆုံးပြီး ခုရက်ပိုင်းမှာ အလောင်းကို တွေ့ရှိရတာဖြစ်ပါတယ်။

ဒီလို အရပ်သားလည်းဖြစ်ကြပြီး လက်နက်ကိုင် လှုပ်ရှားမှုနဲ့ ဆက်စပ်ခြင်းမရှိတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်နဲ့ သူ့ရဲ့ အမျိုးသမီး၊ မိသားစုဝင် လသား ကလေးငယ်တွေ အားလုံးကို သတ်ဖြတ်ခြင်းဟာ ကျူးလွန်တဲ့ အဖွဲ့အစည်းအဖို့ သမိုင်းမှာ နာမည်ဆိုးတွင်ကျန်ရစ်မှာ သေချာပါတယ်။ ဒီလိုအဖြစ်အပျက်တွေက စစ်ကောင်စီတပ်တွေ PDF နှိမ်နှင်းတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေကို ဝင်ရောက် တိုက်ခိုက်တဲ့အခါမှာ ကျူးလွန်လေ့ရှိပြီး ၄င်းတို့ကို ဆန််ကျင်တိုက်ခိုက်နေတဲ့ ဒေသလူမျိုးစု လွတ်မြောက်ရေးအတွက် ရည်မှန်းချက်ထားရှိပြီး လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတခု အနေနဲ့ ကျူးလွန်တာမျိုးက ရုပ်ဆိုးအကျည်းတန်လှတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အခုလို သတ်ဖြတ်မှုကို တအာင်း အရပ်ဖက် အဖွဲ့အစည်း ၃၄ ခုက ကန့်ကွက်ရှုတ်ချကြောင်း စာထုတ်ပြန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကာလအတွင်း အခုလို ဖြစ်ရပ်မျိုးတွေ တကြိမ်မက ကြုံခဲ့ကြရပြီး လက်ရှိလည်း ကြုံနေရဆဲ ဖြစ်ပါတယ်။ လူမျိုးရေး ပေါ် အခြေခံပြီး တိုက်ခိုက်သတ်ဖြတ်တာ၊ လက်နက်ကိုင် နယ်မြေစိုးမိုးရေးအတွက် လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်းတင်မကပဲ တဖက်ကို ထောက်ခံသူလို့ ယူဆပြီး အရပ်သားတွေကိုပါ တိုက်ခိုက် သတ်ဖြတ်တာတွေဟာ ပြည်တွင်းစစ်ကာလတွေ အတွင်းတခုမက ဖြစ်ပျက်ခဲ့ပြီး လက်ရှိကာလ မှာလည်း ဖြစ်နေဆဲ ပိုမိုများပြားလာနိုင်ခြေလည်း ရှိပါတယ်။ ဒီလို ဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ပွားအောင် ဘယ်သူ့တွေမှာ တာဝန်ရှိသလဲလို့ မေးရင် နိုင်ငံရေးရည်ရွယ်ချက်အရ လက်နက်ကိုင်အဖွဲ့အစည်းတွေအဖို့ နိုင်ငံရေးရည်ရွယ်ချက် စစ်ရေးရည်ရွယ်ချက်ကို ရောက်ဖို့ လုပ်ဆောင်ကြရာမှာ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေ မလုပ်ကြဖို့ဆိုတဲ့ အချက်ကို အဲဒီအဖွဲ့တွေကို ထောက်ခံသူတွေရော ကျန်တဲ့ သူတွေကပါ တိုက်တွန်းကြဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။

အထက်က သတင်းတွေ နဲ့ပတ်သက်လို့ တင်ပြအပြီး ပြီးခဲ့တဲ့ တနှစ်တိတိက မှတ်မှတ်ရရ အဖြစ်အပျက်တချို့ကို ဖေါ်ပြရရင် ယခင်နှစ် မတ်လ ၁၄ရက်နဲ့ ၁၅ ရက်တွေမှာ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ တရက်ထဲ လူ ၁၀၀ ဝန်းကျင်နီးပါး စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ နေ့တွေဖြစ်ပါတယ်။ ကားလမ်းမတွေ လမ်းသွယ်တွေထဲ ပိတ်ဆို့ ဆန္ဒပြမှုကို ကျည်အစစ်တွေနဲ့ တရစပ်ပစ်ခတ်တာကြောင့် မတ်လ ၁၄ ရက်နဲ့ ၁၅ ရက်နေ့မှာ ပစ်ခတ်မှုတွေကြောင့် စားရေးသောက်ရေး အတွက်နေအိမ်အပြင် မထွက်ရလောက်အောင် ဖြစ်ခဲ့ရတဲ့ လှိုင်သာယာ မြို့နယ်က အလုပ်သမားနဲ့ မိသားစုတွေ မတ်လ ၁၆ ရက်နေ့မှာ သိန်းနဲ့ချီပြီး နယ်မြို့တွေ ကျေးရွာတွေဆီ ပြန်ကြတဲ့ အဖြစ်အပျက်တွေ ဖြစ်ပျက်ခဲ့ပါတယ်။

လှိုင်သာယာမြို့နယ်ဟာ လူဦးရေ ၇ သိန်းလောက်ရှိတာမို့လို့ လူဦးရေထူထပ်ပြီး အလုပ်သမားတွေနဲ့ လက်လုပ်လက်စားမိသားစုတွေ လူဦးရေထူထပ်စွာနေထိုင်ကြတဲ့ မြို့ဖြစ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို နောက်ပိုင်း လူအင်အားအများအပြားနဲ့ လုပ်ဆောင်လာကြတာကို အာဏာသိမ်းစစ်တပ်ဘက်က အင်အားအများအပြားသုံး ပစ်ခတ်ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်တွေ ဖြစ်ပျက်ပြီးနောက် တနှစ်ပြည့်တဲ့အခါ အခင်းအကျင်းတွေ လှုပ်ရှားမှု ပုံစံတွေ ဆန့်ကျင်မှု နည်းလမ်းတွေ ပြောင်းလဲသွားခဲ့ပြီး လူငယ်ရာထောင်ချီကာ တိုင်းရင်းသားလက်နက်ကိုင် ဧရိယာတွေဆီ ရောက်ရှိပြီး လက်နက်ကိုင် တိုက်ခိုက်ဖို့ လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

မြို့ပေါ်မှာ လျှပ်တပြက်ဆန္ဒပြမှုတွေ ရှိနေကြပေမယ့် လူထုအနေနဲ့ ပူးပေါင်းပါဝင်နိုင်တဲ့ အနေအထားမဟုတ်တော့ပါဘူး။ ပီဒီအက်ဖ်လို့ ခေါ်တဲ့ ဒေသအလိုက်ထွက်ပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေမှာ ပါဝင်တာ အားပေးတာတွေ လုပ်ဆောင်ကြပြီး ပီဒီအက်ဖ်တွေလို့ သံသယရှိသူ ၊ လက်နက်ကိုင် ခုခံသူ တိုက်ခိုက်သူတွေကိုလည်း စစ်ကောင်စီက အညှာအတာကင်းမဲ့စွာ ဥပဒေမဲ့စွာ တွေ့ရာနေရာမှာ ညှင်းဆဲ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတဲ့အခြေအနေမျိုး ကို ပြောင်းလဲခဲ့ပြီဖြစ်ပါတယ်။

(Photo - ၇ လအရွယ် သမီးအပါအဝင် မိုင်းနုမ်ဟန်နဲ့ မိသားစုဝင်များ သတ်ဖြတ်ခံရပြီးနောက် လူထုဈာပနမြင်ကွင်း၊ SHAN News)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar