ထိန်လင်း - ငါတို့မှာ ငါတို့ရှိတယ် (၁၆)
(မိုးမခ) မတ် ၁၆၊ ၂၀၂၂
ပြည်သူတွေ အတိဒုက္ခ အလွန်အမင်း ကျရောက်တဲ့အချိန်မှာ လူတန်းစားမျိုးစုံက သူတို့ရဲ့လက်ရှိဘဝတွေကို စွန့်လွှတ်ပြီး နစ်နာသူများဘက်က ရပ်တည်ရင်း ကောင်းမွန်တဲ့အနာဂတ်တစ်ခုအတွက် ကြိုးပမ်းကြပါတယ်။
အာဏာရှင်ရဲ့ အင်အားကြီးမားမှုအတိုင်းအတာနဲ့ သူတို့ရဲ့ ဖိနှိပ်မှု အတိမ်အနက်က သက်ဆိုင်ရာခေတ်ကာလရဲ့ ပြည်သူလူထုခံစားရတဲ့ ဒုက္ခတွေဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ပြည်သူလူထုရဲ့ ခံစားချက်ကို ကိုယ်ချင်းစာပြီး အာဏာရှင်တွေရဲ့အဝန်းအဝိုင်းကနေ လူထုဘက်ကို ပြောင်းရွှေ့ရပ်တည်သူများ ပေါ်ပေါက်လာတတ်ပြီး သူတို့ရဲ့အင်အားက တော်လှန်ရေးအတွက် တန်ဖိုးရှိလှပါတယ်။ အဲဒီလို ပုဂ္ဂိုလ်များထဲက လေးစားစရာလူတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။
မြန်မာပြည် စစ်အာဏာရှင်ကို စတင်ရောက်ရှိချိန်ဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ "တော်လှန်ရေးကောင်စီ" ဆိုတဲ့ စစ်အုပ်စုက အာဏာသိမ်းလိုက်ချိန်ဖြစ်ပါတယ်။ တော်လှန်ရေးကောင်စီဝင် ၁၇ ဦးထဲက အာဏာသိမ်းတာကို သဘောမကျတဲ့သူတစ်ယောက်ကတော့ ကာနယ်ကြည်မောင် (ဗိုလ်မှူးကြီးကြည်မောင်) လို့သိထားကြတဲ့ ဦးကြည်မောင် (၁၉၂၀-၂၀၀၄) ဖြစ်ပါတယ်။
ဦးကြည်မောင်ရဲ့ ယုံကြည်ချက်က "တိုင်းပြည်ရဲ့ နိုင်ငံရေးဦးဆောင်မှုမှာ စစ်တပ်မပါသင့်ဘူး" ဆိုတဲ့အချက်ပါ။ သူက ဂီတ၊ ရုပ်ရှင် စတဲ့ အနုပညာဝါသနာပါသူဖြစ်ပြီး မယုံကြည်တာကို မလုပ်ချင်တဲ့သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူက အာဏာသိမ်းအစိုးရကလုပ်တဲ့ ဒူးယား နှီးနှောဖလှယ်ပွဲကိုမတက်ဘဲ ဇာတ်ပွဲသွားကြည့်ခဲ့တာကြောင့် ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ အဲဒီလို အာဏာဖီဆန်ခဲ့စဥ်က သူဟာ စစ်တိုင်းမှူးတစ်ယောက်ပါ။
ဦးကြည်မောင် စစ်သားဖြစ်တာက လွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ကာလ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဝင်ခဲ့တာပါ။ သူက ကျောင်းသားဘဝကတည်းက နိုင်ငံရေးလှုပ်ရှားမှုထဲ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ် တတိယကျောင်းသားသပိတ်မှာပါဝင်ခဲ့ပြီး အတွင်းဝန်ရုံးရှေ့ ဗိုလ်အောင်ကျော် ကျဆုံးရတဲ့ ကျောင်းသားသပိတ်မှာ သူက အချက်များစွာ အရင် အရိုက်ခံရသူဖြစ်ပါတယ်။
ဒဏ်ရာကြောင့် ဆေးရုံတက်ရပေမယ့် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကို အသက်ဆုံးပါးချိန်အထိ အနီးကပ် ပြုစုပေးခဲ့ပါတယ်။ သူဆေးရုံတက်တော့ အိုင်စီအက်စ်အရာရှိဖြစ်သူ သူ့အစ်ကိုကြီးက လာကြည့်ပါတယ်။ အစ်ကိုကြီးဖြစ်သူက သူ့ရာထူးကိုထိပါးအောင် အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါရကောင်းလားလို့ အပြစ်တင်စကားမဆိုခဲ့သလို ကိုလိုနီအစိုးရကလည်း သူ့အစ်ကိုကို အလုပ်ထုတ်တာ၊ တားမြစ်ချုပ်ချယ်တာတွေ မလုပ်ပါဘူး။ ဒီဖြစ်ရပ်ကို ကြည့်ရင်ပဲ ကိုလိုနီအစိုးရထက် အာဏာရှင်တွေက ဘယ်လောက်ထိ ဆိုးရွားတယ်ဆိုတာကို နှိုင်းယှဥ်တွက်ဆနိုင်ပါတယ်။
အဲဒီတုန်းက တစ်ချက်တည်း ချက်ကောင်းကို အရိုက်ခံရတဲ့ ဗိုလ်အောင်ကျော်က ကျဆုံးရပြီး အချက်များစွာအရိုက်ခံခဲ့ရတဲ့ ဦးကြည်မောင်က အသက်မသေခဲ့တော့ သူငယ်ချင်းတွေက"ခံရတော့ ကြည်မောင်၊ သူရဲကောင်းဖြစ်သွားတာက အောင်ကျော်" လို့ ပြောလေ့ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၅ ခုနှစ် နှစ်လယ်ပိုင်း ခြံရှေ့ လူထုတွေ့ဆုံပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးကြည်မောင်ဟာ စစ်အာဏာရှင်များရဲ့လက်အောက်မှာ ၄ ကြိမ် ဖမ်းဆီးအကျဥ်းချခြင်းခံခဲ့ပါတယ်။ ဟောင်ကောင်အခြေစိုက် Asiaweek မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ သူ့ရဲ့အင်တာဗျူးကြောင့် စစ်ထောက်လှမ်း ရေးခေါင်းဆောင် ဗိုလ်ခင်ညွန့် မခံမရပ်နိုင်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲကနေ ဒေါသတကြီးစိန်ခေါ်ခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။
၁၉၉၅-၉၆ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့က လူထုတွေ့ဆုံပွဲတွေမှာ ဦးကြည်မောင်ရဲ့ ပြောကြားချက်တွေကို နားဆင် မြင်တွေ့ဖူးသူ အများအပြား ရှိပါလိမ့်မယ်။ သူက ခပ်ပြုံးပြုံး ခပ်အေးအေး စကားပြောလေ့ရှိပြီး စစ်အာဏာရှင်တွေကို ပညာသားပါပါ သွယ်ဝိုက်ပြောဆိုတတ်ပါတယ်။ သူ အမြဲတမ်း ပြောဆို ဆောင်ရွက်တာကတော့ လူငယ်တွေ စာဖတ်ဖို့၊ အသိပညာ အတွေးအခေါ်မြင့်မားဖို့၊ ပညာတတ်ဖို့ ဖြစ်ပါတယ်။
သူဟာ ကွယ်လွန်ချိန်အထိ အာဏာရှင်တွေကို ဆန့်ကျင်ပြီး ပြည်သူဘက်က ရပ်တည်ခဲ့သူဖြစ်ပါတယ်။ အာဏာရှင်တွေကတော့ အစဥ်အလာအရ သူတို့ လေးစားဦးညွတ်ရမယ့်သူ ဖြစ်နေတာတောင် သူတို့ရဲ့ အာဏာရှင်လမ်းစဥ်ကို ဆန့်ကျင်တာကြောင့် နည်းမျိုးစုံ ဒုက္ခပေးခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကိုတော့ ပျောက်ပျက်အောင် မလုပ်နိုင်ပါဘူး။
ဒီကနေ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးမှာလည်း ပြည်သူဘက်က ရပ်တည်လာကြတဲ့ စစ်ဘက်၊ ရဲဘက်က ပုဂ္ဂိုလ်များကို ကျေးဇူးတင်ရပါတယ်။ တိုက်ပွဲမှာ စစ်ရှုံးလို့ လက်နက်ချခဲ့သူတွေမဟုတ်ဘဲ အာဏာရှင်ကိုဆန့်ကျင်ပြီး ကိုယ့်သဘောနဲ့ကိုယ် လူထုဘက် ရပ်တည်သူတွေ ပိုများလာတာနဲ့အမျှ တိုင်းပြည်ရဲ့ အနာဂတ်ရောင်နီကို ပိုပြီး စောစောမြင်တွေ့ရမှာဖြစ်ပါတယ်။ "ပြည်သူသာ အမိ၊ ပြည်သူသာ အဖ" ဆိုတာကို စကားလုံးအရမဟုတ်ဘဲ တကယ်လိုက်နာကျင့်သုံးသူတွေ များသထက် များလာဖို့လည်း ဆန္ဒပြုလိုက်ပါတယ်။
အခက်အခဲတွေ ကြုံနေရပေမယ့် အားငယ်ဖို့မလိုပါဘူး။ ငါတို့မှာ ငါတို့ရှိပါတယ်။ ။
ထိန်လင်း
၁၀၊ ၃၊ ၂၀၂၂
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar