နေသွင်နိုင်း - ကိုယ်ပိုင်နံပါတ်
နေသွင်နိုင်း
(မိုးမခ) ဇွန် ၁၄၊ ၂၀၂၂
တယောက်က
နေ့စဥ်သတင်းတွေဖတ်ပြီး
ရှင်သန်မှုဆိုတာ ဘာမှ မဟုတ်ပါလားလို့ တရားပေါက်သူ
သူ့အမွေတွေကို သူ့မြေးဆီ လွှဲပြောင်း
ရေခဲတောင်ဆီ အပျော်ခရီးထွက်ချိန်
တယောက်က
လုလုအောင်အကြောင်းတွေး ဘီကီနီမလေးကိုငေး
တစ်ခုခုစွန့်စားလိုက်ရင် တခုခု ဖြစ်သွားမှာကြောက်လို့
စိတ်တိုင်းကျလက်ဖက်ဆိုင်ထဲ စိတ်တိုင်းမကျဘဲ
ဆယ်လ်ဖီဆွဲပြီး ထိုင်လို့
တယောက်က
ရှားလော့ဟုမ်းလိုတွေးပြီး ဘိုးဘိုးအောင်ကို ပူဇော်လို့
စားဝတ်နေရေးထဲက သေရေးကိုနုတ်
အိပ်မက်တိတ္တုံကျမ်းများအလိုအရ
ထမင်းစားဂဏန်းကို ထုတ်မြဲ
တယောက်က
အနိုင်လိုချင်ယူသွားပါ
အမှန်တရားကို စားပွဲပေါ်ချန်ထားခဲ့ပါလို့
ကြယ်ငါးပွင့်ဟိုတယ်မှာ ဝိုင်ဖောက်ပြီး ညစာစား
ဂဏန်းပေါင်းစက်နဲ့ ငြိမ်းချမ်းတံတားဆောက်တော့
တယောက်က
သေနတ်က ချစ်ခြင်းမေတ္တာ
ကျည်ဆန်က ကိုယ်ချင်းစာတရား
ဘေးထွက်ထိုင်နေရတဲ့ ယားယံမှုကိုရှက်ရွံလို့
ဓမ္မကိုထုပ်ပိုးပြီး နွေဦးဆီ ခရီးခဲ့ထွက်တယ်။
ဘယ်နံပါတ်မှာ ကိုယ့်အမည် ချိတ်ဆွဲထားပါသလဲ
အရေးမကြီးတာတွေ အရေးတကြီးမလုပ်မိဖို့
အရေးကြီးတဲ့ ကိုယ်ပိုင်အမှတ်လိပ်စာ
ချစ်ခြင်းမေတ္တာမှ တစ်ပါး
အခြားပျော်ရွှင်ရာ မရှိသော ဤကမ္ဘာ ။ ။
၁၂၆၂၀၂၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar