Breaking News

ဖေကြီး (လေရှီး) - သက်တော် ရာကျော် ရှည်စေသော်ဝ်

သက်တော် ရာကျော် ရှည်စေသော်ဝ်
ဖေကြီး (လေရှီး)
(မိုးမခ) ဇွန် ၁၄၊ ၂၀၂၂

မုန်တိုင်းမိုးလေးအေးအေးနဲ့ အဘစောမူးသာရဲ့ယာထဲကတဲမှာ အမဲခြောက်မီးဖုတ်ကို ထုထောင်း ဆီဆမ်းပြီး ရေနွေးကြမ်းခါးခါးလေးနဲ့ ထိုင်မြည်းနေရတာ အရသာရှိလိုက်တာများဗျာ။ 

မြို့လေးပေါ်မရောက်လို့ ဆေးပေါ့လိပ်ပြတ်နေတယ်ဖေကြီးရ ဆိုပြီး သူလိပ်ထားတဲ့ ' ပြောင်းဖူးဖက် ' ကြီးပေးလို့ သောက့်ကြည့်လိုက်တော့ ချို မွှေးနေတာပဲ။ 

အမဲခြောက်ဝါးလိုက် ရေနွေးခါးခါး မော့လိုက် ပြောင်းဖူးဖက်ဖွာလိုက်နဲ့ ဘဝအမောတွေ ခဏတော့ပြေသွားသလိုပါပဲ။
အဘစောမူးသာကို ငဲ့ကြည့်တော့ ဖုန်းကြည့်နေတယ် ခင်ဗျ။

" ဘာသတင်းတွေ ထူးသေးသတုန်း "

" အေး . . . တနေ့တခြား ထူးထူးလာပြီဟ။ တဖြည်းဖြည်းနဲ့ မအလကြီးတယောက် ပြေးပေါက်မရှိဘဲ ချောင်ထဲ ရောက်ရောက်လာပြီကွ "

" ထွက်ပေါက်တွေကို သူ့ဟာသူ ပိတ်ပစ်ခဲ့တာပဲ မူးသာရာ၊ ချောင်ပိတ်မိနေတဲ့ခွေးဟာ ကြောက်ကြောက်လန့်လန့်နဲ့ တွေ့ရာလူကို ပြန်ပြန်ကိုက်တတ်သကွ၊ သတိထား"

အဘစောမူးသာနဲ့ အဘရစ်ချတ်တို့ ပြောနေတာတွေကို ကြားနေရပါတယ်။ သူတို့သုံးသပ်ချက်တွေကိုလည်း စိတ်ဝင်စားဖွယ် ကြားသိရပါတယ် ခင်ဗျ။

" လိုင်းပေါ်မှာတော့ လူတိုင်းလူတိုင်းနီးပါးပဲ မအလကို 'သေပါစေ သေပါစေ' နဲ့ သေစေချင်နေကြတာ တွေ့ရတယ်ကွ "

" ဟုတ်တယ်မူးသာ . . . ဒီအယုတ်တမာကောင် လူစိတ်မရှိတဲ့ကောင် လူလိုမသိတဲ့ကောင် တိုင်းပြည်ဖျက်တဲ့ကောင်ကို မြန်မြန်သေပါစေလို့ ကျိန်စာတိုက်ဆုတောင်းနေကြတဲ့ပြည်သူတွေက သန်းပေါင်းများစွာကွ "

ကိုယ့်နိုင်ငံတစ်ခုထဲအတွက်သာမက အိမ်နီးချင်းနိုင်ငံတွေအတွက်သာမက ကမ္ဘာကြီးအတွက်ပါ အန္တရာယ်ရှိတဲ့ စစ်မိစ္ဆာ အာဏာရူးတွေ အသက်မရှည်ဖို့ မြန်မြန်သေဖို့ ဆုတောင်းကြတာဟာ သဘာဝကျပါတယ်လို့လည်း ပြောပါတယ် ခင်ဗျ။

" ' ဟစ်တလာ ' တုန်းကလည်း ဒီလိုပဲ ဆုတောင်းခဲ့ကြတာပဲ။ ' ပိုပေါ့ ' တုန်းကလည်း ဒီလိုပဲ။ ဆဒ္ဒန်ဟူစိန် ' တုန်းကလည်း ဒီလိုပဲ။ ' ကဒါဖီ ' တုန်းကလည်း ဒီလိုပဲ ' သေပါစေ သေပါစေ ' နဲ့ ' သေခြင်းဆိုးနဲ့သေပါစေ' ခြင်းကို ထပ်နေတာပဲပေါ့ကွ "

" ဟားဟား ဟားဟား ဟားဟား . . . . "

အဘရစ်ချတ်စကားကိုကြားတော့ အဘစောမူးသာက ' တဟားဟား ' ကို ထပြီး ရယ်ပါတယ်ခင်ဗျ။ ကွယ်ဝှက်အနက်အဓိပ္ပာယ်တခုခုပါတဲ့ ' တဟားဟား ' ပဲလို့ စောဖေက နောကျေနေပါပြီ။

" မင်းက ဘာ ထ ရယ်တာလဲ မူးသာရ "

" ဟားဟား ဟားဟား ဟားဟား . . . . .
အဲသည်လို အာဏာရူးအဓ္ဓမ မအလ လိုကောင်မျိုးကို မြန်မြန်ဆန်ဆန်သေစေချင် တဲ့လူတွေထဲမှာ ငါတော့ မပါဘူးဟ . . ."

" ဒါဆိုရင် မင်းက အဲသည်ကောင် မအလကို အသက်ရှည်စေချင်တယ်ပေါ့ "

" အေးပေါ့ကွ ရစ်ချတ် ရ . . ဟ ဟ ဟ "

" မဟုတ်သေးပါဘူး မူးသာရာ . . . "

" ဟုတ်ပါတယ် ရစ်ချတ်ရ။ ငါတကယ့်ကိုဆုတောင်းတာဟ။ ငါဘယ်လိုမျိုးများ ဆုတောင်းသလဲ သိလား "

" ဆိုစမ်းပါအုံး "

အဘစောမူးသာက ' တဟားဟား ' ရယ်နေပြန်ပြီးသကာလ သူ၏နေ့စဉ်ဆုတောင်းကို ဤသို့ ပြောပြပါလေ၏ ခင်ဗျာ။

" မအေရိုး မအလ ခွေးကျဝက်ကျ ပြုတ်ကျပြီး ထောင်ထဲမှာ သက်တော်ရာကျော်ရှည်ပါစေ . . . ' နူ ' ပြီးတော့ "

ဖေကြီး (လေရှီး)
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar