Breaking News

အောင်ဒင် - မဝေးလှတဲ့ ကောင်းသောနေ့များ၊ ကောင်းသောညများ

အောင်ဒင် - မဝေးလှတဲ့ ကောင်းသောနေ့များ၊ ကောင်းသောညများ
(မိုးမခ) ဇွန် ၁၄၊ ၂၀၂၂

အိမ်ရှေ့တံခါးကို ဖွင့်ပြီး၊ အိမ်အပြင်ကို လှမ်းထွက်လိုက်တဲ့အခါ
မနေ့ညက ရွာချခဲ့တဲ့ မိုးရေစက်တွေက၊ မြက်ခင်းပြင်ပေါ်မှာ အေးမြ စိုဆွတ်နေဆဲ
ချယ်ရီပင်ကြီးအောက်မှာ အစာရှာစားနေကြတဲ့ ငှက်ကလေးတွေ
ကျနော့်ကို မြင်တော့ ဝုန်းကနဲ ထပျံသွားကြတယ်၊
ဘယ်ဘက်ကို ထွက်ပြေးရမှန်း ဆုံးဖြတ်ဖို့ နောက်ကျသွားတဲ့ ရှဉ့်ကလေးတစ်ကောင်ကတော့
သစ်ပင်ကြီးပေါ် ကမန်းကတန်းပြေးတက်ပြီး
သစ်ကိုင်းပေါ်ကနေ ကျနော့်ကို ချောင်းကြည့်တယ်၊
အဝေးမှာ ဖြတ်မောင်းသွားတဲ့ ရထားတစ်စင်းရဲ့ အသက်ရှူသံကို ကြားရတယ်၊
မနက် ၇ နာရီ၊ ဒီနေ့တစ်နေ့ဟာ အသေအချာ စတင်ခဲ့ပါပြီ…။

ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာတော့ ညတစ်ည စပြီပေါ့လေ၊
အရင်လိုပဲ လျှပ်စစ်မီး မလာတဲ့ည၊ အလင်းရောင်မရှိတဲ့ည၊
ဖက်ဆစ်တပ်သားတွေ၊ ပြူစောထီးတွေရဲ့ စစ်ဖိနပ်သံတွေကို ကြောက်ရွံ့နေရတဲ့ည၊
မီးလောင်ပြင်ထဲက ကျန်ရစ်ခဲ့သမျှ ပစ္စည်းလေးတွေကို မမြင်မစမ်း ရှာဖွေနေရတဲ့ည၊
ဗုံးခိုကျင်းထဲ အစာမစားရသေးတဲ့ ကလေး မငိုအောင် ချော့သိပ်နေရတဲ့ည၊
ဒဏ်ရာရသူတချို့ကို ဖယောင်းတိုင်မီးနဲ့ ဆေးကုနေရတဲ့ည၊
ချန်ထားခဲ့ရသူတွေ၊ စွန့်လွှတ်ခဲ့ရသူတွေကို လွမ်းဆွတ်တမ်းတ၊ တိတ်တဆိတ်ငိုငြီးရတဲ့ည၊
အဖေနဲ့အမေကို လွမ်းတဲ့ည၊ ချစ်သူများကို လွမ်းတဲ့ည၊ ချိတ်ပိတ်ခံလိုက်ရတဲ့ အိမ်ကလေးကို လွမ်းတဲ့ည၊
ငါ့သူငယ်ချင်း ဂျင်မီနဲ့ ဇေယျာသော်တို့ရဲ့ ကြိုးတိုက်ထဲက သူရဲကောင်းည…။

အဲဒီလိုပါပဲ
နေပြည်တော်က အစောင့်အရှောက်များစွာနဲ့ ကာကွယ်ထားတဲ့ စံအိမ်တော်ကြီးထဲမှာ
အချိန်နဲ့အမျှ ကျည်ကာအင်္ကျီ၀တ်ပြီး အိပ်မက်ဆိုးတွေမက်နေရတဲ့ည၊
ရှေ့တန်းလဲ မထွက်ရဲ၊ တပ်စခန်းထဲမှာလဲ မလုံခြုံ၊
အာရုဏ်ကို ရင်မဆိုင်ရဲသမို့ ရနိုင်သမျှ မူးယစ်ဆေးဝါးတွေကို မျိုချပြီး ကြောက်လန့်တုန်လှုပ်နေကြတဲ့ည၊
မတရားမှုကို အထောက်အပံ့ပြုရင်း၊ အကုသိုလ်တွင်းနက်နက်ထဲ
ပြိုလဲပျော်ဝင်၊ ကိုယ့်ဘဝကိုယ် မကြည်လင်နိုင်ကြတော့သူတွေရဲ့ည၊
အရှက်မဲ့ကြသူတွေရဲ့ည၊ သမိုင်းပျက်ကြသူတွေရဲ့ည၊
လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး ပါရာဇိက ကျနေသူတွေရဲ့ည...။

လှပတဲ့ ညတွေ ရှိခဲ့ဖူးပါရဲ့၊ ဝင်းပတဲ့ ကောင်းကင် ကြည်လင်ခဲ့ဖူးရဲ့
ရုပ်ရှင်ကြည့်သလို၊ ဝတ္ထုဖတ်သလို ဇာတ်ပေါင်းခန်းကို ကျော်ကြည့်လို့ မရ၊
လှပသောညတွေ ရှိလာဦးမှာပါ၊ ယုံကြည်ပါ…။ 

ဖက်ဆစ်တပ်သားတွေ လက်နက်ချ၊ ပြေးလွှားရှောင်တိမ်းကြတဲ့ည၊
ကြိုးတိုက်ထဲမှာ စကစဗိုလ်ချုပ်တွေနဲ့ သူ့တို့ရဲ့အပေါင်းအပါ၊ အခါတော်ပေးတွေ ဦးညွတ်ဝန်ချနေတဲ့ည၊
တိုင်းရင်းသားဒေသတွေမှာ လျှပ်စစ်မီး ထိန်ထိန်လင်းပြီး မိုင်းတွေရှင်းလင်းပြီးတဲ့ည၊
မီးလောင်ပြင်ဟောင်းမှာ အဆောက်အအုံအသစ်တွေ ပြန်လည်တည်ဆောက်ပြီးတဲ့ည၊
ဂုဏ်ပြုထိုက်တဲ့ နွေဦးသူရဲကောင်းတွေရဲ့ အမည်တွေကို အော်ဟစ်ကြွေးကြော်နိုင်တဲ့ည၊
လူသားအားလုံး တန်းတူညီမျှ၊ ဖက်ဒရယ်နိုင်ငံသစ်ကို အတူတကွ ဖန်တီးတည်ဆောက်နိုင်မယ့် ည၊
အဲဒီလို ညတွေ၊ အဲဒီညတွေနဲ့ တဆက်ထဲ နောက်တစ်နေ့ မနက်တွေ၊ နောက်တစ်နေ့ညတွေ
ကောင်းသောနေ့တွေ၊ ကောင်းသောညတွေ၊ ငါတို့ရှေ့မှာ ရှိနေတယ်။ အသေအချာ…။

(ဇွန် ၁၃၊ ၂၀၂၂)


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar