Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၁ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၁ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၂ 


မြေမြှုပ်မိုင်းအန္တရာယ် ၊ မြို့ရောကျေးလက်ပါ ဥပဒေမစိုးမိုးတော့တဲ့ အခြေအနေ

ခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ တောထဲ မျှစ်ချိုးဖို့သွားတဲ့ ကျောင်းသားအရွယ် လူငယ်တယောက် မြေမြှုပ်မိုင်းထိပြီး သေဆုံးခဲ့တဲ့ သတင်းဖြစ်ပါတယ်။ လတ်တလော တိုက်ပွဲတွေ မဖြစ်ပွားပေမယ့် ပြီးခဲ့တဲ့ နှစ်တွေတုန်းက အေအေနဲ့ စစ်တပ်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ လက်ရှိအချိန်မှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေတွေအောက်မှာ အခုလို အရပ်သားတွေ နေ့စဥ် သွားလာလုပ်ကိုင်မှု ဝင်ငွေရရှိဖို့ စိုက်ပျိုးရေး မျှစ်ချိုး ငါးရှာတာလို လုပ်ကိုင်သွားလာကြစဥ်မှာ မြေမြှုပ်မိုင်းအန္တရာယ် ရှိနေကြတာဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ထက် မြေမြှုပ်မိုင်းအန္တရာယ် ပိုများတဲ့ ပြည်နယ်လို့ဆိုရင် ရှမ်းပြည်နယ် ဖြစ်ပါတယ်။ Mine Action Myanmar က ကောက်ယူထားတဲ့ အစီရင်ခံစာအရဆိုရင် ပြီးခဲ့တဲ့ ဇန်နဝါရီကနေ မေလအတွင်း မြန်မာတနိုင်ငံလုံး မြေမြှုပ်မိုင်းကြောင့် သေဆုံးမှု ၃၃ ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၁၆၂ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ၃၃ ဦးထဲမှာ ကလေးသူငယ် သေဆုံးမှုက ၁၄ ဦးဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေက စစ်ရေးအရ သုံးစွဲတာ ဒဏ်ရာရတာတွေမပါဝင်ဘဲ အရပ်သားတွေရဲ့ ထိခိုက်မှုတွေပဲ စာရင်းကောက်ယူထားတာလို့ဆိုပါတယ်။ 

ထိခိုက်မှုအများဆုံး ဒေသက ရှမ်းပြည်နယ် ဖြစ်ပြီး ဒုတိယအနေနဲ့ ကချင်ပြည်နယ်ဖြစ်ကာ စစ်ကိုင်းတိုင်းက တတိယ နေရာမှာ ရှိတာ တွေ့ရပါတယ်။ 

စစ်ရေး ရည်ရွယ်ချက်တွေအတွက် မြေမြှုပ်မိုင်းကို သုံးစွဲကြတဲ့ နိုင်ငံအနေနဲ့ ကမ္ဘာမှာ လက်ချိုးရေတွက်လို့ရတဲ့အနေအထား ဖြစ်လာနေပေမယ့် မြန်မာနိုင်ငံကတော့ အဲဒီလို မြေမြှုပ်မိုင်းကို တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ လက်တဆုပ်စာ နိုင်ငံတွေထဲ ပါဝင်နေပါတယ်။ ၂၀၁၇ ခုနှစ်ဝန်းကျင်က  မြေမြှုပ်မိုင်းတားဆီးရေး နိုင်ငံတကာအဖွဲ့အစည်း ICBL  က ထုတ်ပြန်တဲ့ အစီရင်ခံစာအရဆို အစိုးရက မြေမြှုပ်မိုင်းသုံးတာဟာ ကမ္ဘာမှာ မြန်မာတနိုင်ငံတည်း ရှိတယ်ဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်။ 

၂၀၁၇ ခုနှစ်လို ကာလဟာ ပြည်တွင်းစစ်မီး ကျယ်ကျယ်ပြန့်ပြန့် တောက်လောင်နေတဲ့ ကာလမဟုတ်သည့်တိုင် အထက်က ပြောဆိုမှုတွေ မြန်မာဟာ ထိခိုက်မှုတွေအရဆို ကမ္ဘာမှာ စတုထ္တထိခိုက်မှုအများဆုံးနိုင်ငံ စာရင်းတွေထဲ ပါဝင်နေခဲ့ပြီး အခုလို စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ဒေသအနှံ့အပြား လက်နက်ကိုင် တိုက်ပွဲတွေ မိုင်းခွဲတိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အခြေအနေမှာ မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းနဲ့ ပတ်သက်လို့ အဆိုးဆုံးနိုင်ငံတွေစာရင်းထဲ အဆင့်မြင့်တက်လာစရာ ရှိနေတာဖြစ်ပါတယ်။ 

မြေမြှုပ်မိုင်းထိခိုက်မှုကြောင့် အရပ်သား သေဆုံးမှုတွေ ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေ ပြည်တွင်းစစ်ကာလ ဆယ်စုနှစ်များစွာ ဖြစ်ပွားလာခဲ့တဲ့ မြန်မာနိုင်ငံဟာ စစ်အာဏာသိမ်းမှု အပြီးပိုမို ဆိုးရွားလာတဲ့ဘက် ဦးတည်နေတာ ဖြစ်ပါတယ်။ သတင်းတွေ ဓာတ်ပုံတွေထဲ မြေမြှုပ်မိုင်းကြောင့် ခြေထောက် ပြတ်သွားတဲ့သူတွေ မကြာခဏတွေ့ရ မြင်ရလေ့ရှိတာဖြစ်ပါတယ်။ မကြာသေးမီနှစ်များက စစ်ဖြစ်ပွားခဲ့တဲ့  ရခိုင်ပြည်နယ်မှာ လယ်ထွန်ရင်း မျှစ်ရှာ ငါးရှာရင်း ကလေးသူငယ်တွေ ဆော့ကစားရင် မကြာခဏ မိုင်းကွဲတာ စစ်ပွဲလက်ကျန် လက်နက်ကြီး ကျည်တွေ ကွဲတာကြောင့် အသက်ဆုံးရှုံးရတဲ့အဖြစ်တွေ ဖြစ်ပွားနေတာ ဖတ်ရှုရပါတယ်။ 

မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခဟာ ယူကရိန်းလို ဒုံးကျည်တွေ၊ တင့်ကားတွေ မသုံးလို့ သေဆုံးမှု ပျက်စီးမှုမှာ မယှဥ်နိုင်သော်လည်း နှစ်ရှည်လများ ဖြစ်ပွားနေခဲ့တဲ့ ပဋိပက္ခဖြစ်လို့ ထိခိုက်သေဆုံးမှု ဒဏ်ရာရမှု ကိုယ်လက်အင်္ဂါချို့ယွင်းမှုမှာတော့ တစတစ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသော သတင်းတပုဒ်ကတော့ မန္တလေးမြို့မှာ တနေ့တည်း ဓားပြတိုက်မှု ၂ မှုဖြစ်ပွားပြီး နေ့လယ်နေ့ခင်းအချိန်မှာ ဖြစ်ပွားတာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ရန်ကုန်မြို့မှာလည်း ငွေလွှဲလုပ်ငန်းတခု နေ့ခင်းချိန်မှာပဲ ဓားပြတိုက်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။ မန္တလေးမြို့မှာ ဖြစ်ပွားတဲ့ အဖြစ်အပျက်တခုမှာ ဘဏ်ကနေ ငွေထုတ်လာတာကို သိရှိပြီးနောက်ယောင်ခံလိုက်လာကာ နေအိမ်ရှေ့အရောက် သေနတ်နဲ့ ပစ်သတ်ကာ ငွေနဲ့ ကားကိုယူပြေးသွားတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

သေဆုံးသွားသူဟာ အငြိမ်းစားဝန်ထမ်း အမျိုးသမီးဖြစ်ပြီး တဦးတည်းဘဏ်ကနေ ငွေထုတ်လာပြီးနောက် အခုလို ငွေလုယူဖို့ သတ်ဖြတ်ခံရတာ ဖြစ်ပါတယ်။ 

မန္တလေးမြို့က အခြားအဖြစ်အပျက်တခုမှာတော့ စိန်သန့်စင်တဲ့ လုပ်ငန်းကို သေနတ်လက်နက် ကိုင်ဆောင်ပြီး ဓားပြတိုက်ရာမှာ ဖုန်းဆက်အကူအညီလှမ်းတောင်းနိုင်ပြီး ဓားပြတိုက်သူတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

တနေ့တည်းမှာပဲ ရန်ကုန်မြို့ မြို့လယ်မြို့နယ်တခု ဖြစ်တဲ့လသာ မြို့နယ်က ငွေလွှဲလုပ်ငန်းတခုကို သေနတ်တွေ၊ ဓားတွေ ကိုင်ဆောင်ထားတဲ့သူတွေက နေ့ခင်းချိန်မှာပဲ ဓားပြတိုက်ပြီး ငွေသိန်း ရာနဲ့ချီ ယူဆောင်သွားခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ သေနတ်လက်နက်တွေ လွယ်လွယ်ကူကူ ရရှိနိုင်တဲ့အခြေအနေနဲ့  ဥပဒေမစိုးမိုးနိုင်တာကို သိရှိပြီး ငွေအလွယ်တကူရနိုင်တဲ့ ဘဏ်လိုနေရာတွေ ငွေလွှဲလုပ်ငန်းလိုနေရာတွေ၊ ရွှေဆိုင်တွေကို ပစ်မှတ်ထားလုပ်ဆောင်လာကြတဲ့ အနေအထားဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာတောင် အခုလို ဖြစ်ပျက်နေကြတဲ့ အနေအထားမှာ ကျေးလက်တွေမှာလည်း နေအိမ်မီးရှို့ခံရ၊ ပိုင်ဆိုင်မှုတွေ လုယူခံရ၊ ဖျက်ဆီးခံရတာတွေ ဖြစ်ပျက်နေပြီး ဒီလိုအခြေအနေတွေကို တားဆီးနိုင်ဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့လိုမျိုးတွေအနေနဲ့လည်း စဥ်းစားနည်းလမ်းရှာဖို့ လိုအပ်လာပြီလို့ ထင်မြင်မိပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar