Breaking News

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၀ မြင်ကွင်း

မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၀ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၂ 


လုပ်ကြံသတ်ဖြတ်မှုကို မြို့ပြစစ်ဆင်ရေးရဲ့ အဓိကအဖြစ်ဗျူဟာအဖြစ် အားကိုးသင့်သလား 

တနေ့က တနင်္သာရီတိုင်း လောင်းလုံမြို့နယ်ထဲက ကျေးရွာတရွာမှာ သတင်းပေးလို့ သံသယရှိသူ တဦးကို နေအိမ်ပေါ်တက်ပြီး လုပ်ကြံသတ်ဖြတ်ရာမှာ တူမဖြစ်သူ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် သေနတ်ထိမှန်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့ပါတယ်။ သူ့ရဲ့ ဇနီးဖြစ်သူက သေနတ်ရှပ်ထိပြီး ဒဏ်ရာရခဲ့ပါတယ်။ ပစ်မှတ်ထားသူ ဦးကျော်ဟိန်း ဆိုသူကတော့ နေအိမ်မှာမရှိဘဲ လွတ်မြောက်သွားပါတယ်။ 

ဒီအဖြစ်အပျက်က PDF တွေရဲ့ ဂုဏ်သတင်းကို ထိခိုက်စေမယ့် အဖြစ်အပျက်တခုဖြစ်ပါတယ်။ အသက်သေဆုံးသူဟာ အသက် ၇ နှစ်သာရှိသေးတဲ့ မိန်းကလေးငယ် ဖြစ်တဲ့အချက်၊ ဒီကလေးငယ်ရဲ့ မိသားစုက အဲဒီဒေသက အခြားမြို့ /ကျေးရွာမှာ ပျူစောထီးရန် ကြောက်ရတာကြောင့် ဦးလေးနဲ့ အဒေါ်ဖြစ်သူရဲ့ နေအိမ်မှာ တိမ်းရှောင်နေထိုင်နေချိန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

တာဝန်ရှိတဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့က နောက်ဆုံးထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အရ ဆိုပါက နေအိမ်ထဲဝင်ရောက်ပြီး အတွင်းမှာရှိနေတယ်လို့ ယူဆတဲ့ သတင်းပေးကို ပစ်ခတ်ရာမှာ အတွင်းမှာ ရှိနေသူ ဇနီးနဲ့ တူမတို့ သေနတ်ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။ ကလေးဖြစ်သူ သေနတ်ဒဏ်ရာက ချက်ချင်းသေဆုံးနိုင်တဲ့ ဒဏ်ရာမဟုတ်သော်လည်း ဆေးရုံ ဆေးခန်း အချိန်မီ မပို့ဆောင်နိုင်တာကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီရဲ့ သတင်းပေးတွေ၊ ဒေါက်တိုင်လို့ ခေါ်ဆိုတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ ၊ CDM မလုပ်တဲ့ ဝန်ထမ်းအချို့ ကို ပစ်မှတ်ထားပြီး လုပ်ကြံသတ်ဖြတ်တဲ့ မဟာဗျူဟာက တကယ်တမ်း နိုင်ငံရေးအရ မှန်ကန်ရဲ့လားဆိုတာ ပြန်သုံးသပ်သင့်ပြီလို့ ယူဆမိပါတယ်။ 

လက်နက်ကိုင် တပ်ဖွဲ့မဟုတ်တဲ့ စစ်ရေး ပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေကို ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်တာဟာ နိုင်ငံရေးအရ အကြောက်တရားကို ဖန်တီးတာမျိုး ဖြစ်လို့ ဦးတည်ချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီအရေးကို ကြီးမားစွာ ထိခိုက်စေမှာ ဖြစ်ပါတယ်။ ဒီလို သတင်းပေးတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ၊ ပြောက်ကျားတွေ၊ ထောက်ခံသူတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတယ်ဆိုတဲ့ ကောက်ချက်ဆွဲယူခြင်းကလည်း အခြေအနေတိုင်းမှာ မှန်ကန်မှု မရှိနိုင်ဘဲ ဆင်ခြေပေးခြင်း သို့မဟုတ် အရပ်သားပစ်မှတ်က လက်နက်နဲ့ လာရောက် လုပ်ကြံသူကို ခုခံဖို့ မလွယ်ကူတာကြောင့် လွယ်တဲ့ပစ်မှတ်ကို တိုက်ခိုက်တဲ့သဘော ၊ လုပ်ကြံသတ်ဖြတ်မှုကို လုပ်ဆောင်သူတွေက မိမိတို့ အထိအခိုက် အနည်းဆုံးနည်းလမ်းကို ရွေးချယ်ကြတဲ့သဘောလည်း သက်ရောက်ပါတယ်။ 

အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေနဲ့ စီဒီအမ် မပါဝင်တဲ့ ဝန်ထမ်းအချို့ ကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တာ အချို့သော စစ်တပ်နဲ့ နိုင်ငံရေး အမြင်တူကြတဲ့ ကြံ့ခိုင်ရေး ပါတီစည်းရုံးရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်တာတွေဟာ ရေရှည်အနေနဲ့ဆို လက်စားချေတန်ပြန် လုပ်ကြံသတ်ဖြတ်မှုတွေကို ပေါ်ထွက်လာအောင် လှုံ့ဆော်ပေးသလိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ 

NUG က ချမှတ်ထားတဲ့ စစ်သည်တော် ကျင့်ဝတ်လိုမျိုးမှာ အခုလိုမြို့ပြပြောက်ကျားတွေအနေနဲ့ ဘယ်လို ပြုမူကျင့်ကြံသင့်သလဲဆိုတာလည်း တိတိကျကျ အသေးစိတ်ပါဝင်သင့်တယ်လို့ ထင်ပါတယ်။ စစ်မြေပြင်မှာ လက်နက်ကိုင်တပ်ဖွဲ့က တာဝန်ထမ်းဆောင်စဥ်မှာ ပစ်ခတ်တာ သတ်ဖြတ်တာဟာ စစ်ရေးရည်မှန်းချက် တနည်း နိုင်ငံရေးရည်မှန်းချက်အတွက် လက်နက်နဲ့ လုပ်ဆောင်ကြတာ ဖြစ်ပြီး အခုလို နေအိမ်မှာနေထိုင်စဥ်၊ လမ်းသွားလာစဥ် လက်နက်ကိုင် တပ်ဖွဲ့ဝင်မဟုတ်သူတွေကို မျက်ကွယ်မှာ သေဒဏ်စီရင်ပြီး သတ်ဖြတ်တာမျိုးက နိုင်ငံတကာ တရားဥပဒေတွေနဲ့လည်း ကိုက်ညီမှုမရှိပါဘူး။ 

အချို့က ဒီလုပ်ရပ်ကို မိမိကိုယ်ကို ကာကွယ်ပိုင်ခွင့်အရ လုပ်ကြံခွင့်ရှိတယ်ဆိုတာမျိုး ဆင်ခြေပေးကြတာလည်း ရှိပေမယ့် ပစ်မှတ်ထား သတ်ဖြတ်ခံရသူက လက်နက်ကိုင် တပ်ဖွဲ့ဝင် မဟုတ်သလို ပစ်ခတ်သတ်ဖြတ်စဥ်မှာ ဘာလက်နက်မှမရှိ ဘာဖြေရှင်းခွင့်မှမရှိပဲ သေဒဏ်စီရင်သလို ဖြစ်တာမို့ တနည်းအားဖြင့် ပြောရင် extrajudicial killing ဖြစ်ပါတယ်။ မြန်မာလို ဘာသာပြန်ရင် ဥပဒေမဲ့ သတ်ဖြတ်ခြင်းလို့ ဆိုရမှာပါ။ မိမိတို့ရဲ့ လုံခြုံရေးအတွက်  အရပ်သားကို သတ်ဖြတ်ခြင်းက မိမိကိုယ်ကို ကာကွယ်တယ်လို့ ခုခံကာကွယ်ပြောဆိုဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းတပ်က အရပ်သားတွေကို ပီဒီအက်ဖ် သံသယနဲ့ စွပ်စွဲမှုနဲ့ သတ်ဖြတ်တဲ့ ဖြစ်စဥ်တွေ နေအိမ်မီးရှို့ တာတွေ တောက်လျှောက်လုပ်နေပြီး စစ်ရာဇဝတ်မှုတွေ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေကို ကျူးလွန်တယ်လို့ နိုင်ငံတကာက က မှတ်ယူထားပြီး ဖိအားပေးနေတာ ဖြစ်လို့ အခုလို အရပ်သား လုပ်ကြံသတ်ဖြတ်မှုတွေကို စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေ ဖြစ်တဲ့ PDF တွေဘက်က မကျူးလွန်မိဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်။ 

ဒီဖြစ်စဥ်တွေက ကြာရှည်လာတဲ့အခါ မြန်မာ့နိုင်ငံရေး သမိုင်းမှာ မကောင်းတဲ့ အစဥ်အလာတွေ ဖြစ်ပေါ်လာစေပြီး အနာဂတ်အထိ သယ်ဆောင်သွားရမယ့် သမိုင်းဒဏ်ရာအမာရွတ်တွေ ဖြစ်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသော အကြောင်းအရာတခုကတော့ တောင်အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ သီရိလင်္ကာ နိုင်ငံမှာ မကြုံဖူးတဲ့ စီးပွားရေးအကျပ်အတည်းကနေ နိုင်ငံရေးခေါင်းဆောင်တွေကို နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ဖြစ်လာတာ လနဲ့ချီရှိနေပြီး ခေါင်းမာတဲ့ သမ္မတ ရာဂျာပက်ဆာက အစိုးရတဖွဲ့လုံးနှုတ်ထွက်သည့်တိုင် နုတ်ထွက်ခြင်းမပြုဘဲ ဝန်ကြီးချုပ်အသစ်ခန့်ကာ ဆက်လက်ဦးဆောင်နေတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ သမ္မတအိမ်ကို လူထုက ဝင်ရောက်သိမ်းပိုက်ခဲ့ချိန်ကျမှ သမ္မတအဖြစ်က နုတ်ထွက်ဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

ဒီအဖြစ်အပျက်က မြန်မာနိုင်ငံကိုလည်း အတိုင်းအတာတခုအထိ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ သက်ရောက်စေနိုင်ပြီး သီရိလင်္ကာလို ကံကြမ္မာမျိုး မကြုံရအောင် စစ်ကောင်စီတွေက ဒေါ်လာတွေကို ထိန်းချုပ်တဲ့ အစီအမံတွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ သီရိလင်္ကာလောက် ဘဏ္ဍာရေးအခြေအနေမဆိုးပေမယ့်လည်း ကိုဗစ်ကပ်ဘေးရဲ့ အကျိုးဆက် စီးပွားရေး ထိခိုက်ခံရတာ၊ လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်ကြောင့် စိုက်ပျိုးရေး ထွက်ကုန် ရိက္ခာထုတ်လုပ်မှုတွေအပေါ် သက်ရောက်မှုတွေ ရှိနေတာဖြစ်ပြီး ကုလသမဂ္ဂရဲ့ ခန့်မှန်းမှုအရ ၁၄ သန်းလောက်က ဆင်းရဲမွဲတေမှု မျဥ်းရဲ့အောက်ကို ရောက်ရှိကာ၊ လူသားချင်းစာနာမှု အကူအညီလိုအပ်သူ သန်းနဲ့ချီရှိနိုင်တယ်လို့ ခန်းမှန်းထားတာတွေ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကမ္ဘာမှာ လောင်စာဆီစျေးနှုန်း မကြုံဖူးအောင် မြင့်တက်လာတာတွေ နိုင်ငံအတော်များများမှာ ငွေကြေးဖောင်းပွမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့ စီးပွားရေး ကျဆင်းမှုတွေ ကြုံနေကြရတဲ့အနေအထားတွေကြောင့် သီရိလင်္ကာနိုင်ငံလို အကျပ်အတည်းကြုံတွေ့ချိန်မှာ ပြည်ပနိုင်ငံတွေရဲ့ အကူအညီရဖို့ မလွယ်ကူတဲ့ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။ 

မြန်မာ့ပြဿနာကို မြန်မာနိုင်ငံအတွင်း ဖြေရှင်းနေကြချိန် ကမ္ဘာ့နိုင်ငံတွေအသီးသီးမှာလည်း ပြဿနာ အခက်အခဲကိုယ်စီနဲ့ ကြုံတွေ့နေရတာကို မျက်ခြည်မပြတ်ဖို့ လိုအပ်ပါလိမ့်မယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar