သင်းရည်လွင် - လိမ္မော်သီး
လိမ္မော်သီး
သင်းရည်လွင်
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၂၂
နှင်းစက်တွေ မျက်ဖျားပေါ် သီးလို့ ၊ လှည်းဆွဲမြင်း တကောင်လို ဇက်ကြိုးခွံ့တိုင်း လိမ္မော်ပင်တွေ ခရီးထွက်နေကြပဲ၊ လူသွား လူလာ နည်းလွန်းတဲ့ တောင်တက်လမ်းလေး မှာ၊ ခြေရာတွေ လည်း နှင်းတွေပိနေတယ်၊ မိုးလေဝသသတင်းကတော့ အေးစက်နေပြီး အိမ်သူ အိမ်သားတွေက မီးလင်းဖိုအတွက် ထင်းပင်စိုက်နေပုံပဲ ၊ မီးငြိမ်းနေတဲ့ မီးဖိုဟာ စပျစ်ပင်တွေဆီ က မီးခိုးနံ့နဲ့ ခပ်နွေးနွေး ၊ သိုးမွှေးဆွယ်တာလေးတထည်လောက် သူ အိပ်မက်ကို နွေးစေချင်ပေမယ့် အိမ်ပိုင်ရှင် အဒေါ်ကြီးအတွက် အင်္ကျီဟာ ညနေစာ ဖြစ်ကောင်း ဖြစ်သွားတယ်၊
ခြူသံတွေ မကြားရဘူး ဆိုရင် မြင်းလှည်းဆရာဟာ ဘုံဆိုင်မှာ ဂိတ်ထိုးထားတယ်လို့ လိမ္မော်သီးတွေက သိတယ်၊ နေ့ အတော်များများ ရင်းနှီးနေတာ ဆိုတော့ လေ၊ မက်မန်းဝိုင်ကောင်း ကောင်း တလုံးလောက် ဆွဲခဲ့ပါလား ပန်းချီဆရာ လို့ မြင်းတကောင်ကို မှာလို့ မရတော့ ၊ လမ်းထိပ်စတိုးဆိုင် က အရုပ်မလေးကို တောင်းပန်ဝယ်ခဲ့ရ၊ သူ့ စကားကို တခြား အရုပ်မတွေက ပြန်ပြောကောင်း ပြောနေနိုင်တယ်၊
တိတ်ဆိတ်တဲ့ လိမ္မော်ပင်ရှေ့ရောက်တော့ ရီဝေဝေ လိမ္မော်ရောင်တွေ တွေ့တယ်၊
အရေးပေါ် မှတ်တမ်းတွေ ဖြစ်မှာပါ၊ တနေရာရာ မှာ လိမ္မော်သီးတွေ တစပ်စပ် တုန်နေတယ်..၊နောက်ကျောကို လိမ္မော်သီး နဲ့ မထိုးရဘူး လို့ ဓားတချောင်းက မနက်ကျမှ သင်ပေးရအုံး မယ်ပြောနေတယ်၊
ညက မြင်းဟာ သူ တကောင်ထဲ အထီးကျန်ခြင်း ကို ခူးဆွတ်ပြီး ပြန်လာမယ်လို့ သူ ထင်နေတုန်းပဲ၊
July 10
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar