Breaking News

မြင့်အေး - လှေနံနှစ်ဖက် နင်းတဲ့ကောင်

လှေနံနှစ်ဖက် နင်းတဲ့ကောင်
မြင့်အေး
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၂

အပုလေးတယောက် ရုရှားမှ ပြန်လာပြီး အိမ်သာထဲမှ မှန်ရှေ့တွင် ဘီလူးတိို့၏ ပြုံးရယ်ခြင်းမျိုးဖြင့် အဖေသစ် ငပူတွင်းနှင့် တွေ့ဆုံခြင်းအခိုက်အတန့်ကို စားမြုံ့ ပြန်နေ၏။ အကြိမ်ကြိမ် ကြိုးပမ်းမှုအောင်ပွဲဟု မိမိကိုယ်သာ အမှတ်ပေးနေမိ၏။

ထူးကဲသော ဝါးလီဒါးကြီးထံ လက်အုပ်ချီလျက် ခလုတ်တိုက်ကမန်း အသော့လေးသွားခဲ့မိသော မိမိကို ဂိုဏ်း ချုပ်ကြီးတယောက် သတိပြုမိမှာဧကန်။ 
လိုချင်တဲ့ လောင်စာ၊ လက်နက်၊ သံတမန်အထောက်အပံ့ စတာတွေက သူ့ဆီကပဲ ရနိုင်တာလေ။ မျက်နှာချိုသွေး လူလိမ်မာလေးယောင်ဆောင်ပြီး ဒီနေရာ ရောက်ခဲ့တာပဲ။ ဒီလိုလုပ်တာကို ခေါင်းဆောင်ဆိုသူတွေ ကြိုက်ကြတာပဲမို့လား။
အပုလေးသည် စားမြုံပြန်ကြည်နူးနေရာမှ  တရုတ်သရဲမျက်နှာကြီး ဘွားခနဲပေါ်လာသဖြင့် ရုတ်တရက်နောက် သို့ ခြေနှစ်လှမ်းခန့် ဆုတ်လိုက်၏။

ချက်ချင်းပင် မှန်ကို စေ့စေ့ကြည့်လျက်..

“ကိုင်း ..မင်းဘာတတ်နိုင်သေးသတုံး”
“ ငါ့ဆီလာတယ် ငါကတွေ့ပါရစေဆိုတာတောင် တွေ့ခွင့်မပေးဘူးလေ”
“ အခုငါအဖေသစ်ရပြီ မင်း နားလိုက်တော့ “
မင်းမှ ဗီတိုရှိတာ မဟုတ်ဘူး”

ငပုလေးတယောက် အသဲကွဲခဲ့ရသော ဇာတ်လမ်းကို ဒေါသတကြီးဖွင့်အံနေပါသော်လည်း မျက်နှာသေကြီးဖြင့် ငြိမ်သက်စွာကြည့်နေသော တရုတ်သရဲမျက်နှာကြီးကိုကြည့်ရင်းကြည့်ရင်း “ မီးနဲ့ကစားနေတာပဲ” ဆိုတဲ့ စကားသံကြားလိုက်ပြီး ကျောထဲ စိမ့်ကနဲ ကြောက်စိတ်ဝင်လာလျက် အခန်းတံခါးဖွင့်၍အပြင်သို့ ပြေးထွက်ခဲ့လေတော့၏။

မြင့်အေး
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar