Breaking News

ရခိုင်နယ်စပ်က AA ရဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းယူတဲ့ တိုက်ပွဲများ


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၁၀ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၁၊ ၂၀၂၂


ရခိုင်နယ်စပ်က AA ရဲ့ စစ်ကောင်စီစခန်းတွေကို သိမ်းယူတဲ့ တိုက်ပွဲများ 

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဖြစ်တဲ့ မောင်တောမြို့နယ်က စစ်ကောင်စီတပ်တွေရဲ့ စခန်းကုန်းတခုကို AA အဖွဲ့ဝင်တွေက သိမ်းယူလိုက်တယ်လို့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ခမရ ၃၅၂ ရဲ့ စခန်းကုန်းကို သိမ်းယူရာမှာ စစ်ကောင်စီ တပ်သား အများအပြား သေဆုံးပြီး အချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။ 

မကြာသေးခင်၁၀ ရက်ဝန်းကျင်က မိုင်တိုင် ၄၀ စခန်းလို့ခေါ်ဆိုတဲ့ နယ်ခြားစောင့်ရဲ စခန်းတခုကိုလည်း AAအဖွဲ့က သိမ်းယူခဲ့ပြီး စစ်ကောင်စီဖက်က နယ်ခြားစောင့်ရဲ ၁၉ ဦး သေဆုံးပြီး တဦးဒဏ်ရာနဲ့ ဖမ်းမိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ အဆိုပါ မိုင်တိုင် ၄၀ စခန်းကို စစ်ကောင်စီဘက်က ပြန်လည် ရယူနိုင်ဖို့  လေကြောင်းအကူအညီတွေပါ သုံးပြီး တိုက်ခိုက်တဲ့ သတင်းတွေ တဖက်နိုင်ငံနယ်နိမိတ်ထဲ လက်နက်ကြီးကျည် ကျရောက်တာတွေ လေယာဥ် ဖြတ်ကျော် ဝင်ရောက်တာတွေ ဖြစ်ပွားလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို တကြိမ်မက ခေါ်ယူကန့်ကွက်ခဲ့တဲ့သတင်းတွေလည်း ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့ နယ်စပ်ချင်းကပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် AA အဖွဲ့တွေအနေနဲ့ ခြေကုတ်စခန်းရအောင် ကြိုးစားနေတဲ့ လက္ခဏာတွေ တွေ့လာနေရပြီး ဒီလို အခြေစိုက်စခန်းတွေ သိမ်းယူဖို့ ကြိုးပမ်းတဲ့ ရည်ရွယ်ချက်က ဘာဖြစ်နိုင်လဲဆိုတာတော့ တိတိပပ မသိနိုင်ပါဘူး။ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေး မကောင်းလှတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခြေစိုက်စခန်းတွေ ရယူနိုင်ခဲ့ရင် AA အနေနဲ့ နိုင်ငံရေးအရ အရေးပါတဲ့ အနေအထား ရရှိနိုင်မယ့် အချက်ကိုရည်ရွယ်တာလား သို့မဟုတ် စီးပွားရေး အရ နယ်စပ်ကုန်သွယ်ရေးကို စီမံထိန်းချုပ်နိုင်မယ့် အနေအထားရရှိဖို့ ရည်ရွယ်သလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရှိနိုင်ပါဘူး။ 

စစ်အာဏာသိမ်းပြီး လအတန်ကြာတဲ့အထိ AA နဲ့ စစ်ကောင်စီအကြား ကြီးကြီးမားမား တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း နှစ်ကုန်ပိုင်းက စလို့ အပြန်အလှန်ဖမ်းဆီးမှုတွေ AA ရဲ့ ရှဲဒိုး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေကို စစ်ကောင်စီဘက်က တားဆီး တုန့်ပြန်ဖို့ စတင်လာတဲ့အချိန်က စလို့ တိုက်ပွဲတွေ ဖြစ်လာပြီးအခုအခါမှာတော့ နောက်တဆင့်မြင့်တက်လာတဲ့ အနေအထားမျိုးဖြစ်တဲ့ ထိတွေ့တိုက်ပွဲမဟုတ်တဲ့ အခြေစိုက် စခန်းတွေ သိမ်းယူတဲ့ တိုက်ပွဲမျိုးဖြစ်လာတာတွေ့ရပါတယ်။ 

စစ်ကောင်စီအနေနဲ့ တဖက်မှာ ၅ ခုထက်မနည်းတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတာ မြို့တွေမှာ လုံခြုံရေးအဖြစ် ချဖို့ စစ်တပ်အင်အားတွေကို သုံးနေရချိန်မှာ အခုလို အနောက်ဘက် နယ်စပ်ဒေသ  ရခိုင်မှာတိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ပြည်မတိုင်းဒေသ အချို့နဲ့ ပြည်နယ်အချို့မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ နဲ့ စစ်အာဏာသိမ်းပြီးပေါ်ထွက်လာတဲ့ ဒေသအလိုက် PDF တွေကိုတိုက်ခိုက်နေချိန် တပြိုင်နက်တည်းမှာပဲ ကျန်တဲ့ဒေသတွေမှာလည်း တိုက်ခိုက်ထိုးစစ်ဆင်နိုင်တယ် ဆိုတာမျိုးကို ပြသချင်ပုံရပြီး လွန်ခဲ့တဲ့ ၅ နှစ်တာကာလအတွင်း အလျင်အမြန် လက်နက်နဲ့လူအင်အား ကြီးထွားလာတဲ့ AA အနေနဲ့လည်း အခုလို စစ်ကောင်စီ ရန်သူဝိုင်းနေချိန်ဟာ ၄င်းတို့အတွက် အခွင့်အလမ်းတခုအဖြစ် ရှုမြင်ကောင်း ရှုမြင်လိမ့်မှာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတွေထဲမှာတော့ မြဝတီနဲ့ ဝေါ်လေ သွားတဲ့ ကားလမ်းမှာ စစ်ကောင်စီဘက်က လက်နက် လာပို့တဲ့ ကားတစီးကို ကေအန်ယူနဲ့ PDF တွေပူးပေါင်းတဲ့ လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးပြီး ပစ္စည်းတွေ သိမ်းယူလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတဦးနဲ့ တပ်ကြပ် တပ်သားအချို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးလိုက်တဲ့ သတင်းဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ သတင်းဓါတ်ပုံအရတော့ တိုက်ပွဲကြီးကြီးမားမား ဖြစ်ပွားပုံမရဘဲ လက်နက်ချ အဖမ်းခံခဲ့ပုံရပါတယ်။ 

မြန်မာ-ထိုင်းနယ်စပ်မျဥ်းတလျှောက်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေ စခန်းတချို့ကို ကေအန်အယ်အေ၊ PDF အဖွဲ့တွေက တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေ ပြီးခဲ့တဲ ဇွန်လလောက်ကတည်းက ဖြစ်ပွားနေတာ ဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှု အများအပြားရှိသလို ကေအန်အယ်လ်အေ၊ PDF ဘက်ကလည်း သေဆုံးဒဏ်ရာရတာတွေ ရှိတာဖြစ်ပါတယ်။ 

စစ်ကောင်စီက အခြေစိုက်ထားတဲ့ ဥကရစ်ထ စခန်းသိမ်းယူဖို့ကြိုးစားတဲ့ တိုက်ပွဲတွေမှာ နှစ်ဖက် ကျဆုံးမှု အများအပြားရှိခဲ့ပြီး စစ်ရေးအရတော့ ကြီးမားတဲ့ ခြေကုပ်စခန်းတွေ မဟုတ်ပေမယ့် နိုင်ငံရေးအရ စိတ်ဓာတ်ရေးအရ အရေးပါတဲ့ တိုက်ပွဲတွေလို့ အကဲဖြတ်ကောက်ချက်ချရမယ့် သဘောဖြစ်ပါတယ်။

နိုင်ငံတကာဆက်ဆံရေး အဆုံးအဖြတ် မျက်နှစာမှာ NUG အစိုးရ၏ ဝန်ကြီးများ ကိုယ်စားလှယ်များက အနောက်အုပ်စုများအတွင်း တွင်ကျယ်နေသလို၊ မြန်မာစစ်ခေါင်းဆောင်များကတော့ တရုတ်၊ ရုရှားနဲ့ ၎င်း မဟာမိတ်များကြားမှာ အဝင်အထွက်ဆက်ဆံရေး အဆက်မပြတ်ရှိနေကြပါတယ်။ အာဆီယံနဲ့ အိန္ဒိယတို့ကတော့ နှစ်ဘက်စလုံးနဲ့ ဆက်ဆံရေးတွေရှိနေပြီး စစ်အာဏာရှင်တွေကို သတိထားတဲ့ အရေးတယူဆက်ဆံမှုမျိုး ရှိတယ် ဆိုရမှာပါ။ စက်တင်ဘာလကစပြီး ယူအန်ကိုယ်စားလှယ်အဖြစ် NUG ဘက်လား စကစဘက်က ကိုယ်စားလှယ်လားဆိုတာ အဆုံးအဖြတ် ဆွေးနွေးကြတာကို စောင့်ကြည့်နေကြရပါတယ်။

မြန်မာပြည်သူတွေကတော့ NUG ဘက်သား UN  ကိုယ်စားလှယ် ဦးကျော်မိုးထွန်းအတွက် ထောက်ခံဆန္ဒထုတ်ဖော်ပွဲတွေ လုပ်ဆောင်နေကြပါတယ်။ တဘက်မှာလည်း NUG ကာကွယ်ရေး တပ်ရင်းတွေနဲ့ ဒေသခံ PDF အဖွဲ့ပေါင်းစုံအတွက် စစ်လက်နက်ရိက္ခာထောက်ပို့ရေးကို အစွမ်းကုန် တယောက်တလက် ဆက်လက်ထည့်ဝင်နေကြတာ အားလျော့သွားတဲ့ပုံ မရှိသေးတာ တွေ့နိုင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar