Breaking News

မောင်သော်တာ - အေးစိမ့်နေတဲ့မီးတောင်

အေးစိမ့်နေတဲ့မီးတောင်
မောင်သော်တာ
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၂

နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ပေါ့ကွာ 
ကိုယ်တွေ သတ္တိပြောင်ပုံ တယောက်နဲ့တယောက်
စွပ်စွဲ ငေးမောရင်း ထွက်ပြေးနေခဲ့တာပါ
ခန္ဓာကိုယ်ရဲ့အတွင်းပိုင်း ခပ်နက်နက်ထဲမှာ မီးတောင်တလုံး
ရေတံခွန်လို သူ့ကိုယ်သူ လိမ်လည်လှည့်ဖျားနေတဲ့ စကားလုံးတွေနဲ့ အပြုံးမပျက်
ဘာကိုမှ ထုတ်မရောင်းစားရဘဲနဲ့ အမြတ်ကြီး မြတ်ရင်း 
သင်ဟာ အမ်ပီတီကလပ်ရဲ့ gold အဖြစ် ရောက်ရှိသွားပါတယ်
ဝဖိုင့်လေးကန်နေတဲ့ မီးတောင်သေတလုံး တွေးခေါ်နေထိုင်သလို သင် ယူပါ
လာမထိနဲ့ ငြိသွားမယ်ဆိုတာ ၈၈ အလွန်ခေတ်က ဗန်းစကားပဲ ဘယ်သူ လွမ်းလို့ ငါ့ကို လာလာငြိနေရတာလဲ ပြော
ပြီးတော့ သူ့ရဲ့တည်ငြိမ်ပုံက အရေးပေါ်ထိုးဆင်းလိုက်ရတော့မယ့်လေယာဉ်ပျံပေါ်မှာ
မိန့်ခွန်းချွေ ခါနီး လည်ချောင်းရှင်းလိုက်သလို အသံပြုနေတယ်
သေတာတခုလွဲပြီး 
နောက်ထပ်ရွေးချယ်စရာများတဲ့ ဓာတ်ဆီဆိုင်ရှေ့မှာ
ငါ တန်းစီနေတယ်
သူငယ်ချင်း
ငါပဲ နောက်လိုက် ငါပဲ ရှေ့ပြေး..လို့ မင်းတွေး
၂၁ အလွန်ကတော့ တကယ်ကို လွန်လွန်းတယ်လို့ မင်းသိလာမယ့်တနေ့
ငါဟာ ဒုတိယမြောက် မွေးဖွားသန့်စင်လာခြင်း ဖြစ်တယ်

3rd sept 22
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar