ကျေးရွာတွေ မီးရှို့ခံနေရဆဲ စစ်ကိုင်းတိုင်း၊ ကုလ အကူအညီပေးရင် လုံခြုံရေးပေးမယ်လို့ ကမ်းလှမ်းတဲ့ စစ်ကိုင်းတိုင်း
မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၇ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၂၂
ကျေးရွာတွေ မီးရှို့ခံနေရဆဲ စစ်ကိုင်းတိုင်း၊ ကုလ အကူအညီပေးရင် လုံခြုံရေးပေးမယ်လို့ ကမ်းလှမ်းတဲ့ စစ်ကိုင်းတိုင်း
စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းရဲ့ အထက်ပိုင်းနဲ့အနောက်မြောက်ပိုင်းတွေမှာ PDF ရှိတယ် သို့မဟုတ် ထောက်ခံအားပေးတယ်လို့ သံသယရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ရွာတရွာလုံး သို့မဟုတ် ပစ်မှတ်ထားတဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတာ နှစ်ပေါက်လာပြီလို့ဆိုရမှာ ဖြစ်ပါတယ်။ အစောပိုင်း မီးရှို့ခံရတဲ့ ဒေသတွေက ဂန့်ဂေါနယ်ထဲက နှမ်းခါးကျေးရွာတို့ လို ကျေးရွာတွေ ဖြစ်ပြီး အခုတော့ မီးရှို့ခံရတဲ့ ကျေးရွာနာမည်တွေ မဆိုထားနှင့် မြို့နယ်နာမည်တွေတောင် များပြားလွန်းလို့ အလွတ်ပြောဖို့ မလွယ်တော့လောက်အောင် များပြားနေပြီ ဖြစ်ပါတယ်။ နေအိမ်အရေအတွက် သောင်းဂဏန်းနဲ့ချီ ရှိလာနေပြီး တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။
မိမိတို့ကို ဆန့်ကျင်တဲ့ လူထုတွေ ကျေးရွာတွေရဲ့ နေအိမ်မီးရှို့တဲ့ နည်းဗျူဟာက မြေလှန်စနစ်လို့ ခေါ်ဆိုကြပြီး ရန်သူလို့ သတ်မှတ်တဲ့ လူစု ၊ ကျေးရွာကို သိမ်းကျုံးပြစ်ဒဏ်ခတ်တာ နေအိမ်နဲ့ ရိက္ခာ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးပြီး စစ်ကောင်စီ ဆန့်ကျင်သူတွေကို ဆက်လက်ထောက်ခံကြဖို့ အရင်းအမြစ်တွေ မရှိတော့အောင် ရည်ရွယ်လုပ်ဆောင်တာလို့ ခန့်မှန်းရပါတယ်။ အဆက်အသွယ်ဖြတ်တာ ဖြတ် ၄ ဖြတ်ဖြတ်တာထက်ပိုမို ဆိုးရွားတဲ့ ပိုမိုပြင်းထန်တဲ့ နည်းဗျူဟာ ဖြစ်သလို ခံစားရတဲ့ လူထုအဖို့လည်း ကုန်းကောက်စရာမရှိအောင် နေစရာမရှိအောင် မြေကြီး နဲ့ လူလုပ်အားပဲကျန်ခဲ့အောင် လုပ်လိုက်သလို ဖြစ်ပြီး နောက်လာမယ့် နှစ်မှာ စားဖို့အတွက် ၁ က ပြန်စပြီး စိုက်ပျိုးရေး လုပ်ကိုင်ရမယ့် အခြေဆိုက်အောင် လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။ ဒီလို မြေလှန်မီးရှို့ခံရတဲ့ မိသားစုတွေ အများအပြားရဲ့ ရုပ်ပိုင်းဆိုင်ရာ အခက်အခဲတွေအပြင် အသက်သေဆုံးနိုင်တဲ့အထိ ထိခိုက်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေလည်း အများအပြား ခံစားကြရလိမ့်မှာ အသေအချာဖြစ်ပါတယ်။
စစ်ကောင်စီက သူတို့ကို လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်တဲ့ ပြောက်ကျားစစ်ကို ချေမှုန်းရာမှာ အညှာအတာကင်းမဲ့စွာနဲ့ ဖမ်းဆီးတာ နှိပ်စက်တာ သတ်ဖြတ်တာတွေလို ဝိုင်းကြီးချုပ် ပြစ်ဒဏ်ခတ်တာအပြင် လူမှုစီးပွား ဘဝကိုပါ သုညက ပြန်စရလောက်တဲ့အထိ နေအိမ်တွေ ဖျက်ဆီးတာတွေပါ လုပ်ဆောင်တာဟာ ခုတကြိမ်မှာ မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းဒေသတွေအဖို့ အံ့သြစရာကောင်းပေမယ့် ဆယ်စုနှစ်ကြာမြင့်ပြီဖြစ်တဲ့ သမိုင်းတွေမှာရော မကြာသေးတဲ့ နှစ်တွေက ဖြစ်ရပ်တွေမှာပါ အလားတူ သာဓကတွေ ရှိနှင့်ပြီးဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ သာဓကတွေ များစွာရှိပါတယ်။ မှတ်တမ်းတင်တဲ့ နည်းပညာတွေ ခေတ်မမီသေးတဲ့ ကာလမို့လို့ သတင်းမီဒီယာတွေအားမကောင်းသေးတဲ့ ကာလတွေဖြစ်လို့ ဓာတ်ပုံတွေ၊ မှတ်တမ်းတွေ များများစားစားမရှိပေမယ့် ကိန်းဂဏန်းတွေ ပြောဆိုသက်သေခံချက်တွေ အများအပြားရှိနှင့်ပြီး ဖြစ်ပါတယ်။ ခေတ်အခါက မြန်မာလူများစုအနေနဲ့ ဒီလိုအဖြစ်အပျက်တွေကို ပြည့်ပြည့်ဝဝ ကိုယ်ချင်းစာဖို့ မကြိုးစားခဲ့ကြဘူးလို့လည်း ခုနေ ပြန်သုံးသပ်လို့ရပါလိမ့်မယ်။ ၁၉၉၀ ပြည့်နှစ်တွေတုန်းက ရှမ်းပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ချေမှုန်းရေးမှာ စစ်တပ်က ကျူးလွန်ခဲ့တာတွေ ၊ အဲဒီဆယ်စုနှစ်မှာပဲ ကရင်ပြည်နယ်မှာ ကျူးလွန်ခဲ့တာတွေ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာ လူမျိုးစုတွေအပေါ် ကျူးလွန်ခဲ့တာတွေက အလားတူ ကျေးရွာမီးရှို့ တဲ့နည်းနဲ့ ဒေသခံလူထုကို အတင်းအကျပ် နေရာရွှေ့ပြောင်းစေပြီး လက်နက်ကိုင် တိုက်ခိုက်သူတွေ အခြေမပြုနိုင်အောင် အဲဒီကျေးရွာတွေကို ဖျက်ဆီးခဲ့တဲ့ သာဓကတွေ ဖြစ်ပါတယ်။
ခု စစ်ကိုင်းနဲ့ မကွေးတိုင်းကိုလည်း အလားတူ နည်းဗျူဟာကျင့်သုံးကြရာမှာ တိုင်းရင်းသားဒေသတွေလို နယ်စပ်တွေမှာ ဒုက္ခသည်စခန်းဖွင့်ပြီး တိမ်းရှောင်စရာမရှိတဲ့ အနေအထားမို့ မီးရှို့ခံထားရတဲ့ ကျေးရွာတွေ နဲ့အနီးအနား ကွင်းထဲ တောထဲမှာ ပြန်အခြေချ နေထိုင်ကြရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
ဒီလိုအခြေအနေကို ကျော်ဖြတ်ဖို့ တားဆီးဖို့ သို့မဟုတ် မီးရှို့ခံရတာ လျော့ကျလာအောင် ကာကွယ်ပေးဖို့အတွက် စစ်ကောင်စီဆန့်ကျင်ရေး နိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ NUG မှာ တာဝန်ရှိတယ်လို့ ယူဆမိပါတယ်။ မဟာဗျူဟာအရ နည်းဗျူဟာအရ ဆွေးနွေးအဖြေရှာ ကာကွယ်ကြဖို့ လိုအပ်မယ် ထင်ပါတယ်။ မကြာခင် လပိုင်းက ပုလဲကာကွယ်ရေး ခေါင်းဆောင် ဗိုလ်နဂါးကတော့ စစ်ကောင်စီဘက်က မီးရှို့ဖို့က လွယ်သလောက် ၄င်းတို့အနေနဲ့ တားဆီးဖို့ ခက်ခဲတယ်လို့ အင်တာဗျူးမှာ ပြောဖူးပါတယ်။
မီးရှို့ခံရတာကို မတားဆီးနိုင်ခဲ့ရင် အကျိုးသက်ရောက်မှုအားဖြင့် ၂ ချက်ရှိတယ်လို့ စဥ်းစားမိပါတယ်။ တချက်က ရန်သူရဲ့ ရက်စက်မှု ၊ ရန်ငါ ပြတ်အောင် ဖိနှိပ်မှုကြောင့် စစ်ကောင်စီတပ်တွေကို ဆန့်ကျင်ရေး စိတ်ဓာတ်က ပိုမိုပြင်းထန်လာနိုင်တာ၊ ပိုင်းဖြတ်မှုပိုရှိလာနိုင်တဲ့ အချက်ဖြစ်ပြီး နောက်တချက်က ရုပ်ဝတ္ထုပိုင်းအရ ပိုင်ဆိုင်မှုတွေ သုညဖြစ်သွားတာကြောင့် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကို ဘာမှ မကူညီနိုင်တော့ မထောက်ပံ့နိုင်တော့တဲ့ အခြေအနေ၊ မိမိတို့ တဦးချင်း မိသားစုတစုချင်း အသက်ရှင်ရပ်တည်ရေးကို ခက်ခက်ခဲခဲ ကြိုးစားရပ်တည်ရမယ့် အချက်ပဲ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ PDF အဖွဲ့တွေအနေနဲ့ ရပ်ရွာကို ရိက္ခာအကူအညီလည်း တောင်းခံဖို့ ခက်ခဲသွားသလို ငွေကြေး အထောက်အပံ့လိုမျိုးရဖို့ ပိုမိုခက်ခဲသွားမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို အလေးအနက်ထား စဥ်းစားဖို့လည်း လိုအပ်တယ်လို့မြင်မိပါတယ်။
ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတချို့ဒေသတွေမှာ ကုလသမဂ္ဂအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးမယ်ဆိုရင် လုံခြုံရေးပေးမယ်လို့ NUG က ကမ်းလှမ်းလိုက်တဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီဒေသတွေမှာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတာအမှန်ပဲ ဖြစ်ပါတယ်။ သို့သော် လုံခြုံရေးအရ ဒေသခံလူထုကို သူတို့ရဲ့ နေအိမ်တွေ ပိုင်ဆိုင်မှုတွေ နောက်ထပ် ဖျက်ဆီးမခံရအောင် လုံခြုံရေးလည်း ပေးနိုင်ဖို့လိုအပ်တာ အမှန်ပဲဖြစ်ပါတယ်။ တဖက်မှာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေသလို ရှိပြီးတဲ့ အခြေအနေတွေ ထပ်ဖျက်ဆီးမခံရအောင် ဘယ်လို လုံခြုံရေးအကာအကွယ် ပေးနိုင်မလဲဆိုတာလည်း အရေးပါတဲ့ အချက်တချက်ဖြစ်တယ်ဆိုတာ မမေ့ဖို့လိုအပ်ပါလိမ့်မယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar