သီအိုဇော် - ရုရှား-မြန်မာ-တရုတ် သုံးပွင့်ဆိုင် အခင်းအကျင်း ( ၅ )
သီအိုဇော် - ရုရှား-မြန်မာ-တရုတ် သုံးပွင့်ဆိုင် အခင်းအကျင်း ( ၅ )
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၂
ကမ္ဘာ့မြေပုံထဲက ကုန်းအစ၊ ရေအဆုံး၊ ကုန်ကုန်ပြောရရင် အာကာသထဲက အရေးကိစ္စတွေအထိ သူတို့ နှုတ်ထွက်စကားတွေထဲ ပါလာရင် အရေးတယူမပြုလို့ မရတော့တဲ့သူတွေ အနောက်နိုင်ငံတွေမှာ ရှိသလို အာရှတိုက်ဘက်ဆီမှာလည်း ရှိပါတယ်။ အဲဒီအထဲကမှ အိမ်နီးချင်းနိုင်ငံက ပုဂ္ဂိုလ်အချို့အကြောင်းနဲ့ အစပျိုးခဲ့ပြီး နောက် ‘လူ’ပြီးတော့’မူ’ဆိုပြီး သူတို့တတွေ ကိုင်စွဲထားတဲ့ များစွာသောမူများအနက်က၊ ကိုယ့်နိုင်ငံအရေးနဲ့ နှီးနွှယ် စဥ်းစားလို့ ရမယ်ထင်တဲ့ ယူဆချက်အချို့ကို ဆက်လက်ရေးသားပါမယ်။
တကယ်တော့ အစိုးရအဖွဲ့ အတည်ပြုချမှတ်ထားတဲ့‘မူဝါဒ’များ သက်သက်အကြောင်းရယ်လို့ မဟုတ်ပဲ သူတို့ တတွေ ဘာကိုစွဲကိုင်ထားပြီး ဘယ်လိုအခြေအနေမျိုးကို အကဲဆတ်တတ်ကြကာ၊ ဘယ်ပုံချဥ်းကပ်ခံကြရတယ် ဆိုတာမျိုးကို စူးစမ်းပုံဖော်ကြည့်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။
‘ရှီ’ဖြစ်လိုသည့် အခွင့်မရှိမဝင်ရ နယ်မြေ
၂၀၁၃ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာ သမ္မတဖြစ်လာတဲ့ ‘ရှီကျင့်ဖျင်’က အာရှရေးရာကျွမ်းကျင်သူ ‘ဝမ်ယိ’ကို နိုင်ငံခြားရေးဝန်ကြီး ခန့်အပ်ခဲ့ခြင်းဟာ သူ့လက်ထက်မှာ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီကို ‘အာရှတိုက် ကိုဗဟိုပြုတဲ့မူဝါဒ’ ဖော်ဆောင်ဖို့ ခြေလှမ်းပြင်လိုက်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ‘ဝမ်ယိ’ရဲ့ ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ခရီးစဥ်ဟာ ‘ထိုင်း၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ’ အာဆီယံ ၄ နိုင်ငံဆီ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် မေလ (၂၁-၂၂) ရက်နေ့ ရှန်ဟိုင်းမှာ ကျင်းပတဲ့ ‘The Conference on Interaction and Confidence-Building Measures in Asia’ (CICA) ထိပ်သီးအစည်းအဝေးမှာ ‘ရှီကျင့်ဖျင်’က သူ့ရဲ့ဖီလော်ဆော်ဖီတခုကို ချပြခဲ့ပါတယ်။ ‘အာရှတိုက်ဟာ အာရှတိုက်သားတွေအတွက်‘ တနည်းအားဖြင့် အာရှတိုက်သားတွေကပဲ အာ ရှတိုက်ရဲ့အရေး စီမံဆောင်ရွက်မယ်လို့ အဓိပ္ပာယ်ဖွင့်နိုင်တဲ့ ‘Asia for Asians’ တိုက်တွန်းချက်က တရုတ်နိုင်ငံ ခြားရေးမူဝါဒရဲ့ လမ်းကြောင်းကို သိသာမြင်သာ ပိုရှိလာစေခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်ကတည်းက ဂျပန်ကိုကျော် ဖြတ်တက်ခဲ့ပြီး ကမ္ဘာ့ဒုတိယစီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့တဲ့ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံနဲ့ အ နောက်အုပ်စုကို အာရှတိုက်မှာ လာမစွက်ဖက်ဖို့ သတင်းစကားပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ USIP က ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံတွင်းပဋိပက္ခနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍအကြောင်း အစီရင်ခံစာမှာ စိတ်ဝင်စားစရာ ဖော်ပြချက်တခု ပါရှိပါတယ်၊ ၂၀၁၆ ခုနှစ် အစောပိုင်းက အမေရိကန်နိုင်ငံ သံအမတ်ကို တရုတ်သံအမတ်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ခြမ်းကို တရုတ်နိုင်ငံကို လေးစားတဲ့အနေနဲ့ မသွားဖို့ တားမြစ်ခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒီလို ဝင်ရောက်စွက်ဖက်မှုဟာ အံ့အားသင့်စရာလို့ မြင်နိုင်ပေမယ့် ပြောခဲ့တဲ့ ‘ရှီကျင့်ဖျင်’ရဲ့ ‘Asia for Asians’ အ တွေးအခေါ်ကို မြန်မာနိုင်ငံအရေးမှာ ကျင့်သုံးပြတာလို့ ပြောနိုင်ပါတယ်။
ဒီသတင်းအချက်အလက် မှန်ကန်ရဲ့လား ဆိုတာတော့ သံသယရှိစရာ မလိုဘူးထင်ပါတယ်၊ ဘာ့ကြောင့်လည်း ဆိုတော့ ဒီအစီရင်ခံစာနိဒါန်းကို ရေးသားသူတဦးက ‘ဒဲရက်မစ်ချယ်’ (Derek Mitchell) ဆိုသူဖြစ်ပြီး ၂၀၁၂-၂၀၁၆ အတွင်းက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ‘ဒဲရက်မစ်ချယ်’ ဆိုတာကလည်း သူပဲဖြစ်တဲ့အတွက် အထက်မှာဖော်ပြခဲ့တဲ့ အစီရင်ခံစာပါအချက်အလက်ကို ဘယ်သူ့ဆီက ကြားသိရတယ် ဆိုတာက ခန့်မှန်းဖို့ လွယ်ကူသွားပါတယ်။
ဒါဟာ‘ရှီကျင့်ဖျင်’အစိုးရအဖွဲ့က ‘စ’တားလိုက်တဲ့’စည်း’တခုလို့ ပြောနိုင်ပြီး မြန်မာနိုင်ငံ အပါအဝင် အာရှတိုက် အတွင်း တရုတ်နိုင်ငံ ထားရှိတဲ့ မူဝါဒတခုကို လှစ်ဟပြလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ‘ထိုင်ဝမ်’၊ ’တောင်တရုတ် ပင်လယ်’ စတဲ့ အရေးကိစ္စတွေလည်း အကျုံးဝင်သလို တောင်ကိုရီးယား၊ ဂျပန်တို့က အမေရိကန် စစ်အခြေစိုက်စခန်းတွေကိုလည်း ရည်ညွှန်းပြောဆိုလိုက်ခြင်းပါပဲ။ ‘ထိုင်ဝမ်’လို ဦးစားပေးအဆင့် စာရင်းထိပ်မှာ မရှိပေမယ့် လက်ရှိ မြန်မာ့အရေးအပါအဝင် ကျန်တဲ့ ဒေသတွင်းအရေးကိစ္စတွေထဲ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ပါဝင်ပတ်သက်မှု မှန်သမျှကို တရုတ်အနေနဲ့ ကဏ္ဍကောစ ပြန်တိုက်မယ်လို့ သတိပေးလိုက်ခြင်းမျိုး ဆိုတာ အခုတော့ တဖြည်းဖြည်း ပိုထင်ရှားလာပြီ ဖြစ်ပါတယ်။
ကန့်လန့်ကာနောက်ကွယ်ဆီက ‘ရှီ’၏ BRI
ကမ္ဘာနဲ့ချီပြီးပြောကြရရင် မြန်မာပြည်သူတွေဟာ BRIကို နားရည်အဝဆုံး နိုင်ငံသားတွေလို့တောင် ဆိုရမှာပါ၊ အားမနာစတမ်း ထပ်ပြောရရင်တော့ ရိုးအီငြီးငွေ့စရာ ဒီစီမံကိန်းအကြောင်း ကြားရလေတိုင်း သံသယမကင်းနိုင်ကြတာကို အပြစ်ဆိုဖို့ ခက်လှပါတယ်။
ပရောဂျက်တိုင်းမှာ ကောင်းကွက် ဆိုးကွက် ထောက်ပြလို့ရပါတယ်၊ ဘယ်အရာက အလေးသာတယ် ဆိုတာကိုသာ အထောက်အထား အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ သမာသမတ်ကျကျ သရုပ်ခွဲဆုံးဖြတ်ကြဖို့ပဲ လိုအပ်ပါတယ်။ ကြွေးမြီထောင်ချောက်အန္တရယ်၊ စီမံအုပ်ချုပ်ရေးကဏ္ဏ ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍများမှာ ဆန်းစစ်မှုလျော့ရဲခြင်း၊ အစရှိတဲ့နယ်ပယ်အသီးသီးက ပြဿနာတွေကို လျှော့တွက်လို့မရတာက မှန်ကန်နေသလို၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ရှုထောင့်ဘက်က ကြည့်ပြန်ရင်လည်း BRI မှာ လက်ခံချင်စရာများ ရှိပါတယ်။
BRIဟာ ဒေါ်လာဘီလီယံ ပမာဏမကပဲ ဒေါ်လာထရီလီယံကျော် ကိန်းဂဏန်းတွေအထိ ရှိသွားနိုင်တဲ့ ရင်းနှီး မြှုပ်နှံမှုလို့ ခန့်မှန်းကြတဲ့အတွက်၊ မျက်မှောက်ကာလ ကမ္ဘာ့အကြီးမားဆုံး အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းကြီးလို့ သတ်မှတ်ထားပါတယ်။ ‘အာရှဖွံ့ဖြိုးရေးဘဏ်’ (ADB)ရဲ့ ၂၀၁၇ ခုနှစ် အထူးအ စီရင်ခံစာမှာ (၂၀၁၆-၂၀၃၀) ခုနှစ်အတွင်း အာရှတိုက်ရဲ့ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေအတွက် ဒေါ်လာ ၂၆ ထရီလီယံ လိုအပ်လိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒါ့ကြောင့် ရထားလမ်း၊ ကားလမ်း၊ ဆိပ်ကမ်း၊ ပိုက်လိုင်း အစရှိတဲ့ အခြေခံအဆောက်အအုံ တည်ဆောက်မှုတွေ ပါဝင်တဲ့ BRIကို အကောင်းဘက်က ကြည့်မြင်ပေးလို့လည်း ရပါတယ်။
‘BRI’ဟာ ‘ရှီကျင့်ဖျင်’က သူ့ရဲ့ခေါင်းဆောင်မှု အမွေအနှစ်သင်္ကေတအဖြစ် သမိုင်းအက္ခရာ တင်ထားနိုင်မယ့် အခွင့်အရေးတခုလည်း ဖြစ်ပါတယ်။ သူ့သက်တမ်းမှာ အဆုံးမသတ်နိုင်ခဲ့ရင်တောင် တရုတ်နိုင်ငံ ဒီနေ့ဒီအချိန် ရောက်ရှိနေတဲ့ စီးပွားရေးတိုးတက်မှုကို ပြောကြတဲ့အခါ စီးပွားရေးပြုပြင်ပြောင်းလဲမှုများရဲ့ ဗိသုကာ ‘တိန့် ရှောင်ဖိန်’ကို ချန်လှပ်ထားလို့မရသလိုမျိုး၊ တချိန်ကျရင် ‘ရှီ’ရဲ့ခေါင်းဆောင်မှုကိုလည်း ကိုးကားစရာအဖြစ် ကမ္ပည်းတွင်ရစ်စေခဲ့မှာပါ။
ယေဘုယျအားဖြင့် ကုန်သွယ်စီးပွား ကူးသန်းရောင်းဝယ်ရေးနဲ့ တွဲဖက်ပြီး BRI ကို မြင်လေ့ရှိကြပါတယ်။ တရုတ်တို့ ဩဇာဖြန့်ကြက်နိုင်ရန် ကြိုးစားမှုနဲ့လည်း ဆက်စပ်ပြောဆိုကြပါတယ်။ စီမံကိန်းအကြောင်း ထုတ်ဝေထားတဲ့ အချက်အလက်တွေ၊ ‘ရှီကျင့်ဖျင်’ရဲ့ မိန့်ခွန်းတွေထဲမှာ ထပ်သတိထားမိတာက ‘ပညာရေး၊ ယဥ်ကျေးမှု၊ သိပ္ပံပညာရပ်များ ဖလှယ်ရေး’ ဆိုတာကိုပါ။ အဲဒီထဲကမှ ပိုစိတ်ဝင်စားမိသွားတာက ‘ယဥ်ကျေးမှု’ ဆိုတဲ့ စကားလုံး ဖြစ်ပါတယ်။
ဒီနေရာမှာ လူသိများပြီးဖြစ်တဲ့ ‘ဆောဖ့်ပါဝါ’ (Soft Power) သီအိုရီတခုကို ဆက်စပ်ရေးသားလိုပါတယ်။ ‘ဆောဖ့်ပါဝါ’ ဆိုတဲ့ အသုံးအနှုန်းကို ‘ဂျိုးဇက်ဖ်နိုင်း’(Joseph S. Nye Jr.) က ၁၉၉၀ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်၊ ဟားဗတ်ပါမောက္ခတဦး ဖြစ်တဲ့သူဟာ ‘National Intelligence Council’ ရဲ့ ဥက္ကဌ အဖြစ်လည်း တာဝန်ယူခဲ့ဖူးသူပါ။ နိုင်ငံတနိုင်ငံရဲ့ ‘ဆောဖ့်ပါဝါ’ဟာ အဓိကအားဖြင့် သူ့ရဲ့ ယဥ်ကျေးမှု၊ နိုင်ငံရေးစံတန်ဖိုး (ဥပမာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး)၊ နိုင်ငံခြားရေးပေါ်လစီတွေကတဆင့် ပေါက်ဖွားတယ်လို့ သူက ဆိုခဲ့ပါတယ်။
တခြားနိုင်ငံတွေအပေါ် ကိုယ့်ဩဇာလွှမ်းမိုးမှုရှိအောင် ဆွဲဆောင်သိမ်းသွင်းနိုင်ဖို့အတွက် ဒီ‘ဆောဖ့်ပါဝါ’ ဆိုတဲ့ အသုံးအနှုန်းနဲ့ မဟုတ်ပေမယ့် ဆင်တူယိုးမှား ဖွင့်ဆိုချက်များနဲ့ သမိုင်းမှာ အသုံးပြုခဲ့ဖူးကြတာပါပဲ။ ဒီမှာတော့ ‘ဂျိုးဇက်ဖ်နိုင်း’ရဲ့ ‘ဆောဖ့်ပါဝါ’ကိုပဲ ဇောင်းပေးရေးသားလိုပါတယ်။ ၁၉၉၃ ခုနှစ် မတ်လမှာ ‘နိုင်ငံတခုဟာ လေးစားလောက်တဲ့ ယဥ်ကျေးမှုနဲ့အတွေးအခေါ် အယူအဆပုံစံတွေ ကြွယ်ဝနေတယ်ဆိုရင် တခြားနိုင်ငံတွေကလည်း အတုယူလိုက်ပါလာကြမှာပဲ’ ဆိုတဲ့ ဆောင်းပါးတခု ပေါ်ထွက်ခဲ့ပါတယ်။ ‘ဆောဖ့်ပါဝါ’ကို ကိုယ့်တိုင်းပြည်နဲ့ ပိုဆီလျော်တဲ့ ပုံစံခွက်ထဲထည့်လိုက်တဲ့ ဆောင်းပါးအမည်က ‘Culture as National Soft Power: Soft Power’၊ရေးသားသူက ပါမောက္ခ ‘ဝမ်ဟုနင်း’ပါ၊ အပိုင်း (၄) မှာ ဖော်ပြခဲ့တဲ့ တရုတ်ခေါင်းဆောင် သုံးဆက်လုံးက နေရာပေးရတဲ့ နိုင်ငံရေးအတွေးအခေါ်ပညာရှင် အခု ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် နံပါတ် (၅) ‘ဝမ်ဟုနင်း’ ပါပဲ။
‘ဂျိုးဇက်ဖ်နိုင်း’ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ပါသလို ‘ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ နိုင်ငံခြားရေးပေါ်လစီ’တွေကို ‘ဆောဖ့်ပါဝါ’အနေနဲ့ အသုံးပြုဖို့ တရုတ်နိုင်ငံအတွက် အခွင့်မသာတာ ‘ဝမ်ဟုနင်း’က သဘောပေါက်ထား လေတော့ ‘ယဥ်ကျေးမှုဆောဖ့်ပါဝါ’ ဆိုတာကို အသုံးပြုဖို့ အခွင့်အလမ်းကောင်းအနေနဲ့ မြင်လိုက်တယ်လို့ ယူဆရပါတယ်။
‘တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရဲ့ ‘ယဥ်ကျေးမှုဆောဖ့်ပါဝါ’ကို တိုးပွားအောင်လုပ်ကြရမယ်’ လို့ အဓိပ္ပာယ်ကောက်ယူ နိုင်တဲ့ ဆိုတဲ့စာသားတွေ ‘ဟူကျင်တောင်း’ ‘ရှီကျင့်ဖျင်’တို့ရဲ့ နောက်ပိုင်းပြောကြားမှုတွေမှာ တွေ့ရှိခဲ့ရပါတယ်။ BRIကို ‘ရှီ’ရဲ့ စီမံကိန်းအဖြစ် သတ်မှတ်ထားကြသလို ထုံးစံအတိုင်း ဒီအိုင်ဒီယာကလည်း ’ဝမ်ဟုနင်း’နဲ့ မကင်းဘူးလို့ ဆိုကြပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ လုပ်နည်းလုပ်ဟန်တွေထဲမှာ ဦးဆောင်အဖွဲ့ငယ်များ ဖွဲ့စည်းပြီး အထက်ကနေ စီမံညွှန်ကြားကြတဲ့ အလေ့အထရှိပါတယ်။ BRI စီမံကိန်းကို OBOR အနေနဲ့ စတင်ခဲ့ချိန်ကလည်း စောင့်ကြည့်ကြီးကြပ်တဲ့ ထိပ်ဆုံးအဖွဲ့အစည်းငယ်မှာ ‘ဝမ်ဟုနင်း’က ဒုခေါင်းဆောင်အနေနဲ့ ဦးစီးခဲ့သူ ဖြစ်ပါတယ်။
ဒါတွေကို ဆက်စပ်စဥ်းစားကြည့်လိုက်တဲ့အခါ BRIကို ကုန်သွယ်စီးပွားရေးပရောဂျက် သက်သက်လို့ စဥ်းစားဖို့ ခက်ခဲသွားပါပြီ။ သမိုင်းအမွေအနှစ် တန်ဖိုးရှိတဲ့ ရှေးဟောင်းပိုးလမ်းမကြီးကို ၂၁ ရာစုခေတ်နဲ့အညီ ခေတ်မီစွာ မွမ်းမံထားတဲ့ BRIမှာပါတဲ့ ‘Belt’ ဟာ ကုန်စည်ကူးသန်းမှုများကိုသာမက ‘ဆောဖ့်ပါဝါ’ များကို အတူ သယ်ယူ ပို့ဆောင်ပေးသွားမယ့် ‘Conveyor Belt’ တခုအဖြစ် ရုပ်လုံးပိုပေါ်လာခဲ့ပါတယ်။ ‘ဝမ်ဟုနင်း’လိုလူမျိုးက ရောင်းဝယ်ဖောက်ကားရေး ကိစ္စသက်သက်လောက်အတွက်တော့ သီအိုရီထုတ် တွေးခေါ်နေမယ့်သူ မဟုတ်နိုင်လို့လည်း ယူဆမိပါတယ်။
ပထမ ‘အာရှတိုက်ထဲကို ဝင်မလာနဲ့’ဆိုပြီး စည်းကျဥ်းကျဥ်းတခု တားလိုက်ပါတယ်။ နောက်တော့ ကမ္ဘာတပတ် နီးပါးရှိတဲ့ စည်းတခု ထပ်တားလိုက်ပြန်ပါတယ်။ အမေရိကန်နိုင်ငံအကြောင်း စကားသိပ်ထည့်ပြောဖို့မလိုတဲ့က စားပွဲတခု၊ ဝင်ပါချင်ရင်ပါ၊ ပွဲစီစဥ်ကြီးကြပ်သူကတော့ ‘တရုတ်နိုင်ငံ’ပဲလို့ ခပ်တင်းတင်း မပြောရုံတမယ်ပါ။ အမေရိကန်နိုင်ငံကလည်း G7 နိုင်ငံတွေ ပူးပေါင်းပြီး တန်ပြန်ပရောဂျက်တွေနဲ့ စတင်လို့လာပါပြီ။ ဒါပေမဲ့ နိုင်ငံ ပေါင်း ၁၄၀ ခန့်က စိတ်ဝင်တစား ပါဝင်မယ်လို့ ပြောလာတဲ့ BRIက ခြေလှမ်းအသာရနေတယ်လို့ ဆိုရမှာပါ။
တကယ်လို့ BRI ဇာတ်ညွှန်းကို ရေးသားခဲ့တဲ့ အဓိကပုဂ္ဂိုလ်နှစ်ဦးဟာ ‘ရှီကျင့်ဖျင်’နဲ့ ’ဝမ်ဟုနင်း’တို့ ဖြစ်ခဲ့ပြီး ဒီစီမံကိန်းကြီးဟာ ကုန်သွယ်စီးပွားရေး ရည်မှန်းချက်မျှသာမက နိုင်ငံတကာကို ‘ဆော့ဖ်ပါဝါ’ တင်ပို့ဖို့လည်း ရည်ရွယ်ထားခဲ့တယ် ဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့ အရှိန်အဝါနဲ့ တရုတ်နိုင်ငံရဲ့ ဦးစားပေးစီမံကိန်းအဖြစ် စိန်ခေါ်မှုတွေ ဘယ်လောက်ပဲများများ မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ကြပါလိမ့်မယ်။
ငွေကြေး ဩဇာအာဏာပုံသုံးကာ အတိုင်းတိုင်း အပြည်ပြည်နဲ့ သဘောတူညီမှု မရရအောင် ညှိနှိုင်းမှုတွေ ပြုလုပ်ကြပါလိမ့်မယ်။ နိုင်ငံတကာအမြင်နဲ့ ကိုက်ညီသည်ဖြစ်စေ၊မကိုက်ညီသည်ဖြစ်စေ ဒီBRI ပရောဂျက်အရှိန်အဟုန်နဲ့ ဆက်သွားနိုင်စေဖို့အတွက် ဘယ်အစိုးရဟောင်း၊ အစိုးရသစ်နဲ့မဆို ပြောင်းလဲသမျှ အစိုးရတို့နဲ့ အဆင်ပြေအောင် အလုပ်လုပ်ကြမှာ သေချာပါတယ်။
နိုင်ငံရေးသမားတွေ ရည်မှန်းချက်ကြီးလွန်းရင်၊ ဒါမှမဟုတ် ရည်မှန်းချက်ကြီးလွန်းတဲ့သူတွေ နိုင်ငံရေးသမား ဖြစ်လာကြရင်၊ သူတို့ရဲ့ဖီလော်ဆော်ဖီကို အခြေပြုတဲ့ အစိုးရအဖွဲ့ပေါ်လစီတွေ အခါအခွင့်သင့်သလို ပေါ်ထွက်လာလေ့ရှိတတ်ကြပါတယ်။ ကိုယ့်ရဲ့ခြေရာလက်ရာကို ချန်ရစ်ခဲ့ချင်တဲ့စိတ် ကြီးမားတာနဲ့အမျှ အဲဒီမူဝါဒကို ရှေ့တန်းတင်ကြ၊ အပြင်းအထန် ကာကွယ်ကြပါတော့တယ်။ ထိန်းကျောင်းတည့်မတ်မှုတွေရှိတဲ့ ဒီမိုကရေစီ အရင့်အမာ နိုင်ငံများမှာတောင် ဒီလိုဖြစ်ရပ်တွေဟာ စိန်ခေါ်မှုများအဖြစ် သတ်မှတ်ရတဲ့နောက်၊ တရုတ်လို တပါတီအာဏာရှင်စနစ်အောက်မှာ ‘ရှီကျင့်ဖျင်’ရဲ့ စိတ်ကူးအိပ်မက်ကို စောဒကတက်ရဲတဲ့သူကတော့ မရှိသလောက် ရှားပါလိမ့်မယ်။
ဝေဖန်ထောက်ပြစရာတွေနဲ့ မကင်းလွတ်တဲ့ BRI စီမံကိန်းဟာ နှစ်ဖက်သွားဓားနဲ့ အလားသဏ္ဌာန်တူပြီး သတိကြီးကြီး ထားကြရမှာဖြစ်ပါတယ်။ ပါဝင်တဲ့နိုင်ငံများအနေနဲ့ ဒီလိုသမိုင်းတွင်မယ့် အထင်ကရ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းကြီးကနေ မိမိတို့နိုင်ငံအတွက် အမြတ်ထွက်အောင် ကြိုးစားရမှာ ဖြစ်သလို၊ တဘက်ကလည်း သတိလက်လွတ်လို့မရတဲ့ အချက်အလက်တွေကို စေ့ငုသေချာစွာ သရုပ်ခွဲသုံးသပ်ပြီး ကိုယ့်နိုင်ငံ အမြတ်ထုတ်မခံရလေအောင် သတိရှိကြဖို့ လိုပါတယ်။
အဆုံးမတော့ BRI ဟာ ‘ရှီ’ ပြောလိုတဲ့ဘာသာ၊ ‘ရှီ’ ကြားချင်တဲ့စကားဆိုတာ ပိုပြီး ထင်သာမြင်သာ ရှိလာတဲ့အတွက်၊ နိုင်ငံတကာအစိုးရများက အပြုသဘောဆောင်တဲ့ အမြင်ဖလှယ်မှုများနဲ့အတူ ကိုယ် အဓိကပြောလိုတဲ့ သတင်းစကားများကို အလျဥ်းသင့်သလို ကြားညှပ်ပြီးသာ ပြောရမယ့်ကိန်း ဆိုက်နေပြီလို့ ဆိုရတော့မယ့် ပုံပါပဲ။
(ဆက်လက်ဖော်ပြပါဦးမည်)
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar