Breaking News

ဝင်းမြင့် - မြစ်

Art by THM

မြစ်
ဝင်းမြင့်
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၂၃

မပြတ်သားရဲ တဲ့ မိုးသားတွေ
မြို့တမြို့စာ ရွှေ့ပြောင်း ပြီး
တောင်ယာတခုလို တဲပျက်ထဲ စွတ်စိုနေရစ်ချိန်
ထုနဲ့ ထည်နဲ့ တွယ်တက်နေသော တိုက်များ
အုံနဲ့ ကျင်းနဲ့ ဖြန့်ခင်းထားသော ခြံများ
တမြို့ နဲ့ တမြို့
မေ့လို့မရတဲ့ လမ်းပေါ်မှာ
ယာဥ်ကြောတွေ ပိတ်ဆို့လို့
စကားကြောတွေ ပြတ်တောက်လို့
တံခါးခေါက်သံတွေ အတိုင်းသားပဲ
ရင်ထဲက လာဖို့ ။
ခံစားမှုမဲ့ ကိုင်းပင်တွေကြားမှာ
မဆောက်ဖြစ်တဲ့ စိတ်ကူးတွေက
လေးပစ်သံကို နားစွင့်တတ် တဲ့ ငှက်ကလေးပဲ ။
မြေကြီး ရဲ့ အရောင်လို
မှောင်မည်း တိတ်ဆိတ်ခြင်းကနေ
လင်းနေတဲ့အချစ်စိတ်သာ မရှိခ့ဲရင်
နုန်းတွေနဲ့ နှစ်များစွာ
ဘယ်လို ကွေ့ရှောင်သွားမှာလဲ ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar