Breaking News

ညိုထွန်းလူ - အိပ်ရာနံဘေးမှာ

အိပ်ရာနံဘေးမှာ
ညိုထွန်းလူ
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၂၃

ခြေထောက်တွေယောင်
ဖက်လုံးနဲ့ထောင်ထား
မိသားစုက
ဆေးရုံခုတင်ဝယ်ပေးမတဲ့
ယူလိုက်ရတော့မလား။

ဖေ့စ်ဘွတ်ပေါ်မှာတင်ထားသည့် ချစ်မိတ်ဆွေကြီးဆရာငြိမ်းအေးအိမ်၏စာကိုဖတ်မိလိုက်တော့ ပြုံးရယ်နေသည့်သူ့မျက်နှာကြီးကို မြင်ယောင်သွား၏။ ကျွန်တော်တို့အချင်းချင်းမတွေ့ကြရတာကြာပြီ။
သို့ရာတွင် ကျွန်တော်တို့သည်တယောက်နှင့်တယောက် ဖေ့စ်ဘွတ်ပေါ်မှာပဲ မကြာခဏ စကြနောက်ကြ ကလိကြရင်း ပြန်ခြင်းကလေးတွေခတ်ကြသည်။ ပျော်စရာကောင်း၏။
သူကျန်းမာရေးမကောင်းတာ လေးငါးခြောက်နှစ်ခန့်ရှိရော့မည်။ သူ့ရောဂါက ဘာမှန်းတော့မသိ၊ ရောဂါဇစ်မြစ်ကိုတခုပြီးတခုရှာဖွေရင်း ဆရာဝန်ညွှန်ကြားသည့်ဆေးတွေကိုသောက်ရင်း။ တော်ကြာ သည်နေရာကဘာမှမရှိပြန်ဘူတဲ့။ တခြားနေရာမှာရှာဖွေကြည့်ရဦးမတဲ့ ..စသည်ဖြင့် ဖေ့စ်ဘွတ်ပေါ်မှာ ပွင့်ပွင့်လင်းလင်းသူရေးထားသည့်စာတွေကိုဖတ်ရှုရင်းဖြင့် ကြာတော့ ကျွန်တော်လည်း မျက်စိလည်ထွက်သွားပြီး သူ့ရောဂါအကြောင်း
မတွေးတတ်အောင် ဖြစ်သွား၏။ မည်သို့ပင်ဖြစ်စေ သူခံစားနေရသောရောဂါသည် သေခြင်းနှင့်လက်တကမ်းအကွာအဝေးမှာ ရှိနေသည်ဟုပဲ ယေဘူယျမှတ်ယူလိုက်မိသည်။

တကယ်တော့သေခြင်းနှင့်လက်တကမ်းအကွာအဝေးမှာ သူတယောက်တည်းရှိနေသည်မဟုတ်ပါ။ အသက် အရွယ်ရလာပြီး ခန္ဓာကိုယ်ယိုင်နဲ့လာကြသည့်အချိန်တွင်လူတိုင်းသေခြင်းနှင့်လက်တကမ်းအကွာအဝေးမှာ ရှိနေကြသူတွေချည်းဖြစ်သည်။ ခန္ဓာရှိတော့ဝေဒနာရှိသည်။ ဝေဒနာက သူ့အတိုင်းအတာနှင့်သူ ခန္ဓာကိုယ်ကို ဒုက္ခ
 ပေးသည်။
ပြင်းထန်သည့်ဝေဒနာဆိုလျှင်ဖြင့် အမလေး, တပြီး သေချင်စော်နံသွားသည်အထိ ခံစားရသည်။ ဆရာငြိမ်း
အေးအိမ်ခံစားနေရသည့်ဝေဒနာကလည်း တော်ရုံတန်ရုံမဟုတ်။ ပြင်းထန်သည်။ သို့သော်လည်း ကိုယ့်လူကြီးက(ခေတ်လူငယ်စကားဖြင့်ပြောရလျှင်) အကြောမာသည်။ သူ့ကိုရောဂါကအမျိုးမျိုးနှိပ်စက်နေသော်လည်းမဖြုံ။ 
ဖေ့စ်ဘွတ်ပေါ်မှာနေ့စဉ်လိုလိုစာတွေရေးနေဆဲ။ နေ့စဉ်ဖြစ်ပွားနေသည့်သတင်းတွေကိုစာဖတ်သူကျွန်တော်တို့အားလုံးသိအောင် ရှာဖွေ‌စုဆောင်းပြီးမျှဝေပေးသည်။ ပင်ပန်းဆင်းရဲပြီး အဆင်မသင့်လျှင် ရာဇမာန်ရှသွားနိုင်သည့်အကြောင်းကိစ္စတွေကို သူမို့သာလုပ်နိုင်သည်။
သူသည်တခါက အရှေ့မြောက်ဒေသမှာနှစ်ဆယ်ချီ၍ သေခြင်း၏ရနံ့တွေနှင့် ယဉ်ပါးခဲ့သူ။ စာရေးကောင်းသူ။ မြန်မာနိုင်ငံမြောက်ဖျားရှိ ခေါင်းပိုင်းပူတာအိုမှ အောက်ဆုံးပိုင်းခြေဖျားရှိ ကော့သောင်းအထိ ခရီးတွေတွင်တွင်သွားနိုင်ခဲ့သူ။ လက်ရာကောင်းဓာတ်ပုံတွေကိုလည်း ရိုက်ကူးနိုင်သူ။ ပန်းချီနှင့် ဂီတကိုလည်း ချစ်မြတ်နိုးသူ။ စိတ်သဘောထားကောင်းသူ။ သို့ကလို လေးစားချီးကြူးစရာ အတုယူစရာကောင်းခြင်းအဖြာဖြာနှင့်ပြည့်စုံသူဖြစ်၍ ကျွန်တော်ကလည်း သူ့ကိုအဝေးမှအလေးပြုထားရသည်။ ခက်တာက ကျောက်ကောင်းမှန်လျှင် အနာနှင့်မကင်း။
ကိုယ့်ဆရာက မော်တော်ကားတစီးပြုတ်သွားသည်အထိ မဂ္ဂဇင်းထုတ်ဝေခဲ့သူ မိုက်မဲသူတဦးလည်းဖြစ်နေပြန်၏။ သည်အတွက်တော့ သူ့ကိုအပြစ်မတင်လိုပါ။ ကျွန်တော်လည်း ဂျာနယ်တစ်စောင်ထုတ်ပြီး မိုက်တွင်း
နက်ခဲ့ဖူးသည်ကော။ ရှိသမျှပိုက်ဆံတွေ တက်တက်ပြောင်သွားတော့မှပဲရပ်နားလိုက်ရတော့၏။ ယင်းသမို့ကြောင့် အဆိုပါကိစ္စကိုမသိချင်‌ယောင်ဆောင်၍နေလိုက်ရ၏။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့နှစ်ယောက်စလုံးကိုယ်ကြိုက်တာကိုယ်လုပ်ခွင့်ရလိုက်၍ နည်းနည်းလေးတော့အကြောပြေသွားခဲ့ကြသည်ပဲ။

တကယ်တော့ ကျွန်တော့်မိတ်ဆွေကြီးသည် အင်မတန်မှချစ်စရာ ခင်မင်စရာကောင်းသူဖြစ်သည်။ သူ့စာတွေက စာဖတ်သူကျွန်တော်တို့အားစိတ်ဓာတ်ခွန်အားတွေကိုပေးပြီးပျော်ရွှင်ကြည်နူးသွားစေခဲ့သည်။ ရောဂါဝေ ဒနာကိုလှိမ့်ခံစားနေရသည့်တိုင် ဖေ့စ်ဘွတ်စာဖတ်ပရိသတ်ကိုထားသည့်သူ့စေတနာတွေက အားကောင်းလှသည်။ ယခု သူ့ကျန်းမာရေးအတွက် သူ့မိသားစုကဆေးရုံခုတင်ဝယ်ပေးမည်ဟုဆိုသည်။

ကျွန်တော်ကတော့ ဆေးရုံခုတင်ပေါ်မှာပဲဖြစ်စေ ကြမ်းခင်းပေါ်မှာ မွေ့ယာခင်းပြီးနေသည်ပဲဖြစ်စေ အရေးကြီးတာက သူ့အနားမှာ ရေးစရာလက်ပ်တော့တလုံးနှင့် ဖတ်စရာစာအုပ်အချို့ရှိနေဖို့ပဲလိုသည်ဟု ယူဆသည်။ 
 စာရေးဆရာဖြစ်၍စာမရေးဘဲမနေနိုင်။ အိပ်ရာထဲမှာခွေနေရသည့်တိုင် ခေါင်းထဲမှာတော့ ရေးစရာတွေကိုတခုပြီးတခု တန်းစီ၍ရေးနေလျက်။ တဖန် ရေးချင်စိတ်မရှိလျှင်လည်း အနားမှာ‌ချထားသည့်စာအုပ်တစ်အုပ်ကိုကောက်ယူဖတ်ချင်ဖတ်နေပါလိမ့်မည်။ စာရေးဆရာ၏အိပ်ရာနံဘေးမှာ ဖတ်စရာစာအုပ်တွေရှိနေခြင်းသည်
စိတ်ပျော်ရွှင်လန်းဆန်းစေခြင်း၊ အတွေးအမြင်တွေ ပွင့်လန်းသွားစေခြင်းတို့နှင့်အတူ အင်အားတွေတိုးပွား
လာစေခဲ့သည်။
ကျွန်တော့်မျက်လုံးတွေက ဖေ့စ်ဘွတ်ပေါ်မှာ ဆရာတော် ရှင်ဓမ္မတင်ထားသည့်ဓာတ်ပုံကလေးဆီသို့ ရောက်သွားခဲ့ပြန်သည်။
သည်ဓာတ်ပုံကလေးကစာအုပ်တွေနှင့် ပြည့်ကျပ်နေသည့်စာကြည့်တိုက်အခန်းလေးကို ဆရာတော်ကရိုက်ကူးထားခြင်းဖြစ်သည်။ အခန်းကလေးထဲမှာအိပ်ဖို့နေနေသာသာ ခြေချစရာနေရာပင်မရှိ။ ဓာတ်ပုံ၏အောက်မှာ တပည့်တော်အခန်းထဲ စင်မဆန့်တဲ့စာအုပ်‌တွေ အိပ်ရာဘေးပတ်လည်ပါပဲဘုရား။ စာအုပ်များနဲ့အိပ်စက် . . စာအုပ်များနဲ့နိုးထ . .ကောင်းလေစွဟု ဆရာနေဝင်းမြင့်ရေးထားသည်ကိုတွေ့လိုက်ရ၍ ကြည်နူးသွားခဲ့ရသည်။
ကျွန်တော်လည်း ထိုနည်းအတိုင်းဟုဆိုရမည်။ ကျွန်တော့်မှာလည်း စာအုပ်စင်နှင့်မဆန့်သည့်စာအုပ်တွေက မနည်းမနော။ တခုကောင်းတာက လွန်ခဲ့သည့်နှစ်သုံးဆယ်ကျော်ကတည်းက ကြမ်းခင်းပေါ်မှာသင် ဖြူးဖျာကလေးခင်းပြီး ကျွန်တော်အိပ်လေ့ရှိသည်။ ခုတင်နှင့်အိပ်ရတာကိုစိတ်မလွတ်လပ်၍ သိပ်ဘဝင်မကျ။ ကျွန်တော့်အိပ်ရာနဘေးကြမ်းပြင်ပေါ်မှာဖတ်လက်စစာအုပ်တွေ ပြန့်ကျဲနေလျက်။
ကိုယ့်အနားမှာရှိသည့်စာအုပ်တစ်အုပ်ကိုဖတ်ပြီး အိပ်ရာဝင်သည်။
အိပ်ရာကနိုးလာတော့ ချက်ချင်းမထနိုင်သေးဘဲစာအုပ်တအုပ်ဖတ်ရင်း အရသာခံနေမိသည်။ စည်းစိမ်ကြီးလှချည့်။
သည်မှာပင် အတွေးတခုက ဖျတ်ခနဲပူးကပ်လာခဲ့ပြန်သည်။ ကျွန်တော်တို့အသက်အရွယ်ကြီးရင့်လာကြပြီ။ အသွားအလာအလှုပ်အရှားတွေလည်း နှေးကွေးလာခဲ့၏။ စိတ်အာရုံတွေလူးလွန့်ကွန့်မြူးစရာနယ်ပယ်တွေကလည်းကျဉ်းမြောင်းသွားခဲ့၏။ ထိုအခါ အသက်အရွယ်ကြီးရင့်လာကြသူတွေ၏ အိပ်ရာနံဘေးမှာ ဘာတွေရှိနိုင်မည်လဲ။
ကျွန်တော့်အိပ်ရာနံဘေးမှာတော့ ဖတ်စရာစာအုပ်တွေရှိသည်။ တချို့က တော့ အိပ်ရာနံဘေးမှာအဆင်သင့်ရှိထားသည့် ဟင်းဖုန်းနှင့်ဖေ့စ်ဘွတ်ကြည့်ရင်း အိပ်ရာဝင်ကြမည်ထင်သည်။ တချို့ကလည်း တရားခွေဖွင့်နား
ထောင်ရင်း အိပ်ရာဝင်ကြမည်လား မပြောတတ်။
လွန်ခဲ့သည့်နှစ်ငါးဆယ်ကျော်ကဆုံးပါးသွားသည့်ကျွန်တော့်အဖိုးကတော့ သူ့အိပ်ရာနံဘေးတွင် နို့ဆီဗူးခွံထဲထည့်ထားသည့်ပြောင်းဖူးဖက်ဆေးလိပ်တိုရှိသည်။ သန်းခေါင်အချိန်တရေးနိုးလာသောအခါ ဖက်ဆေးလိပ်တိုကိုမီးညှိပြီး ဖွာသည်။ နာရီဝက်လောက်ကြာမှပြန်အိပ်သည်။ ဟန်ကျလှသည်။

တကယ်တော့ အိပ်ရာနဘေးမှာဘာတွေရှိနိုင်မည်လဲဆိုသည့်အတွေးသည် ကျဉ်းမြောင်းလှသည်။ စစ်မီး တောက်၍ခြေဦးတည့်ရာပြေးလွှားရှောင်ပုန်းနေရသည့်ဒွေးလေးကတော့ ကျွန်တော့်လိုမတွေးနိုင်ရှာ။
ကျွန်တော်တို့တူဝရီး တယ်လီဖုန်းအဆက်အသွယ်ရတော့ တနေကုန်ရင် ဘယ်မှာအိပ်ရမှန်းတောင်မသိတဲ့ဟာကွယ်၊ တွေ့တဲ့နေရာမှာပဲ ကိုယ့်အထုပ်ကလေးနဘေးချပြီး အထိတ်ထိတ်အလန့်လန့် အိပ်ရတာကောငါ့တူရယ်ဟုပြောခဲ့သည်။ သေနတ်ကိုင်တိုက်ပွဲဝင်နေသူကတော့ ညရောက်ရင် အဆင်ပြေမယ့်နေရာမှာ အိပ်လိုက်ရတာပဲ။ ချောင်းကမ်းနဘေးဖြစ်ဖြစ် သစ်ပင်တစ်ပင်အောက်မှာပဲဖြစ်ဖြစ် ခြုံပုတ်ထဲမှာပဲဖြစ်ဖြစ် မောင်းတင်ထားတဲ့သေနတ်ကိုဘေးချပြီး သတိနဲ့အိပ်ရတာပေါ့ဗျာဟု ပြောပါလိမ့်မည်။ အကျဉ်းကျနေသူကလည်း ကျွန်တော့်အိပ်တဲ့နေရာနံဘေးမှာ ဘာမှမရှိဘူးဗျ။ ကိုယ့်လက်ကို ခေါင်းခုပြီးအိပ်ရတာဟု ပြောမည်ထင်သည်။ 

အမှန်တော့ ကျွန်တော်တို့အားလုံးအချိန်တန်၍အိပ်လိုက်ကြရသည်ဆိုစေဦး ကြုံတွေ့နေရသည့်လောကဝန်း ကျင်နှင့်အခြေအနေအပေါ်မှာမူတည်၍ တယောက်နှင့်တယောက် အတွေးအမြင်တွေ ခံစားမှုတွေကွဲပြားသွားပါလိမ့်မည်။ ထို့ကြောင့် မည်သို့မျှကောက်ချက်မချနိုင်ပါ။ လူတယောက်အတွက်အိပ်စက်ခြင်းသည် နောက်တနေ့မှာရှင်သန်ဖို့အတွက် ခွန်အားဖြည့်‌လိုက်ခြင်းပင်ဖြစ်သည်။

တကယ်တန်းတော့ အိပ်ရာနံဘေးမှာ ဘာတွေရှိမည်လဲဆိုသည့်ကျွန်တော့်အတွေးသည်နေခြင်းအပေါ်မှာအခြေပြု၍ တွေးလိုက်မိခြင်းသာ။
ကျွန်တော်တို့နှင့်အလှမ်းဝေးနေသည့်နေရာတွေမှာတော့ နောက်တနေ့မှာအသက်နှင့်ခန္ဓာကိုယ်တွဲပြီး ရှင်သန်ဖို့အရေးကိုပဲစဉ်းစားနေရ၍ ကျွန်တော့်လိုမတွေးနိုင်။ နေ့ရက်တိုင်းသည် သူတို့အားလုံးအတွက် သေရေး ရှင်ရေးဖြစ်သည်။ သူတို့အတွက်နေခြင်းနှင့်သေခြင်းသည် နံရံပါးပါးကလေးမျှသာ ခြားနေလျက်။

နောက်ဆုံးတော့လျှပ်စစ်မီးမလာ၍ အိပ်မပျော်နိုင်ဘဲတွေးမိတွေးရာ တွေးနေသည့်ကျွန်တော်သည် အနားမှာရှိသည့်စာအုပ်ကို အမှောင်ထဲမှာကယောင်ကတန်းရှာဖွေရင်း အိပ်ရမှာကိုပဲ စိတ်မဖြောင့်နိုင်အောင်ဖြစ်နေမိတော့သည်။ 

(ချစ်မိတ်ဆွေများအားလုံးကောင်းစွာအိပ်စက် ကောင်းစွာနိုးထ၍ အသက်ရှည်ကျန်းမာပျော်ရွှင်ချမ်းမြေ့ကြပါစေ။)
ညိုထွန်းလူ
* စာရေးသူ၏ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar