Breaking News

၂၀၂၃ ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ခြေ၊ RCSS ခေါင်းဆောင် နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေး ဖို့ ရောက်ရှိ



မြန်မာ့နွေဦးခရိုနီကယ် - ဇန်နဝါရီ ၂၄ မြင်ကွင်း

မိုးမခ - ဇန်နဝါရီ ၂၅၊  ၂၀၂၃


၂၀၂၃ ရွေးကောက်ပွဲ ရွှေ့ဆိုင်းနိုင်ခြေ၊ RCSS ခေါင်းဆောင် နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေး ဖို့ ရောက်ရှိ 

စစ်ကောင်စီဘက်က ပြောဆိုခဲ့တာတွေ အရရော၊ ၂၀၀၈ အခြေခံဥပဒေပါ အချက်အလက်တွေအရ စစ်ကောင်စီက လုပ်ဆောင်မယ်လို့ ယူဆရတဲ့ အချက်အလက်တွေအရ ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ မှန်းဆချက်တွေ ရှိနေခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ဇန်နဝါရီလဆန်းက စတင်ကာ လ.ဝ.က မှာရှိတဲ့ လူဦးရေစာရင်းနဲ့ မြေပြင်က လူဦးရေစာရင်းတွေ တိုက်ဆိုင်ကောက်ယူတဲ့ လုပ်ငန်းတွေ စတင်လုပ်ဆောင်နေခဲ့တာကြောင့် ယေဘုယျအားဖြင့်တော့ စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို ကျင်းပဖြစ်အောင် ကျင်းပမယ်လို့ ယူဆထားကြတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကလည်း အစည်းအဝေးတွေ၊ မိန့်ခွန်းတွေမှာ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမယ်၊ အကြားအလပ်မရှိ ကျင်းပမယ်လို့ ယခုရက်ပိုင်း နစက အစည်းအဝေးမှာတောင် ပြောဆိုခဲ့တာ တွေ့ရပါတယ်။ 

၂၀၂၃ ခုနှစ်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ စစ်ကောင်စီအဖို့ နိုင်ငံတကာဖိအားတွေကို လျော့ပါးအောင် ကြိုးပမ်းမှုတခု၊ လျော့ပါးဖို့ ထွက်ပေါက်တခု လို့ဆိုနိုင်ပါတယ်။ ထွက်ပေါက်လို့ ဆိုလို့ အာဏာစွန့်လွှတ်တယ်ဆိုတဲ့ အဓိပ္ပါယ် မသက်ရောက်ဘဲ ဖိအားလျော့ပါးအောင် တရားဝင်မှု အသိအမှတ်ပြုမှု တစုံတရာရအောင် ကြိုးပမ်းမှု၊ စစ်တပ်နဲ့ ၄င်းတို့ကို ထောက်ခံသူတွေကို စည်းရုံးမှု၊ ယုတ္တိဆင်ခြေတခု ရအောင်ကြိုးပမ်းမှု ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ 

ဇန်နဝါရီလ ၂၄ ရက်နေ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထဲမှာတော့ စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်းက ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ တိုက်ခိုက်ခံနေရတဲ့ အကြောင်း သတင်းထုတ်ပြန်ချက်နဲ့ ရက်အနည်းငယ်အကြာမှာ အဆိုပါအကြောင်းအရာနဲ့ ပတ်သက်လို့ ဆက်စပ်မေးမြန်းရာမှာ ကျင်းပမယ်လို့ စီစဥ်ထားတဲ့ ၂၀၂၃ ရွေးကောက်ပွဲဟာ ယခုနှစ်အတွင်း ဖြစ်မယ် မဖြစ်ဘူးဆိုတာ မသေချာတဲ့ သဘောမျိုး ပြောဆိုသွားပါတယ်။ ရွေးကောက်ပွဲကျင်းပနိုင်မယ်၊ မကျင်းပနိုင်ဘူးဆိုတာဟာ အခြေအနေပေါ်မှာ မူတည်မယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူက ပြောဆိုသွားတာ ဖြစ်ပါတယ်။

မကြာသေးခင် သီတင်းပတ်တွေက စပြီး စစ်ကောင်စီဘက်က မြေပြင်လူဦးရေစာရင်း စတင်ကောက်ယူလာတဲ့နောက်မှာ NUG ရဲ့ လက်အောက်ခံ PDF နဲ့ လက်အောက်ခံမဟုတ်တဲ့ PDF တွေက စစ်ကောင်စီရဲ့ လူစာရင်းကောက်ယူရာမှာ ပါဝင်သူတွေ၊ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

မြေပြင်လူစာရင်းကောက်ယူသူတွေ ၁ ဒါဇင်နီးပါး သေဆုံးခဲ့ကြပြီး ၄ ဦးကို ဖမ်းဆီးထားတာ ဖြစ်သလို ကော်မရှင်ရုံးအချို့ စာရွက်စာတမ်းတွေ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို ရွေးကောက်ပွဲ မကျင်းပနိုင်အောင် PDF တွေဘက်က တိုက်ခိုက်မှုတွေကို ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ရာအတွက် ဆင်ခြေအဖြစ် ပေးလာနိုင်ခြေလည်း တွေ့မြင်နေရပါတယ်။ ရွေးကောက်ပွဲဟာ စစ်ကောင်စီအတွက်သာ ဖိအားလျော့ပါးဖို့ ရာအတွက် ထွက်ပေါက် ဖြစ်ပြီး အခြားသောနိုင်ငံရေးအင်အားစုတွေ အဖို့တော့ အရေးမပါတဲ့ ဖြစ်စဥ်တခုလို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။ 

တဖက်မှာ NUG နဲ့ PDF တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်အောင် လုပ်ဆောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက် လမ်းကြောင်းမျိုး ချမှတ်ထားကြတာ တွေ့မြင်နေရပါတယ်။ 

ဒီနေ့အတွက် အခြားအကြောင်းအရာတခုကတော့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့  ၂ ဖွဲ့ရှိတဲ့အနက်က တဖွဲ့ဖြစ်တဲ့ RCSS ရဲ့ တာဝန်အရှိဆုံး ခေါင်းဆောင် ဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ နေပြည်တော်ကို ရောက်ရှိနေပြီး စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီ တာဝန်ခံဖြစ်သူ ဗိုလ်ချုပ်ရာပြည့်နဲ့တွေ့ဆုံဆွေးနွေးတဲ့ သတင်းတွေ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။ 

NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် RCSS အနေနဲ့ စစ်အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဘက်နဲ့ တိုက်ပွဲပြန်ဖြစ်တာ မရှိသေးတဲ့ အဖွဲ့တဖွဲ့ဖြစ်ပါတယ်။ RCSS တဖွဲ့တည်း အဲဒီလို တိုက်ပွဲမဖြစ်ပွားတာတော့ မဟုတ်ပါဘူး။ အလားတူ အခြားသော စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့လည်း ရှိပါတယ်၊ အင်အားရှိတဲ့ အဖွဲ့အစည်းတွေထဲကဆို မွန်ပြည်သစ်ပါတီလိုမျိုး အဖွဲ့တွေလည်း စစ်ကောင်စီနဲ့ တိုက်ပွဲပြန်ဖြစ်တာမျိုး မရှိပါဘူး။ 

ခွန်ဥက္ကာ ဦးဆောင်တဲ့ ပအိုးဝ်လက်နက်ကိုင်အဖွဲ့လိုမျိုးလည်း တိုက်ပွဲပြန်ဖြစ်ပွားတာမရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ်အနေနဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တင် ၂ ဖွဲ့ရှိပြီး အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း တဖွဲ့မကရှိကြသလို နယ်မြေအသီးသီးမှာ နေရာယူ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

ဝ ၊ ကိုးကန့်၊ ပအို့းဝ်၊ ကချင်နဲ့ ရှမ်းနယ်စပ်ဒေသတွေမှာ ကချင် လက်နက်ကိုင် အဖွဲ့ ကေအိုင်အေနဲ့ ရှမ်းမြောက်ဘက်မှာဆိုရင် ပြည်သူ့စစ်အဖွဲ့ အများအပြား ရှိတာကြောင့် ရှိရင်းစွဲ နယ်မြေစိုးမိုးမှု အနေအထားနဲ့ အင်အားတွေကို မဆုံးရှုံးဖို့ ကို အဓိကမဟာဗျူဟာအဖြစ် ထားရှိတဲ့ သဘောလို့ ယူဆရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar