ခေတ်မောင်း - ရာသီစာမက်ဆေ့
ရာသီစာမက်ဆေ့
ခေတ်မောင်း
(မိုးမခ) ဇွန် ၂၆၊၂၀၂၃
ညီလေး
ခုချိန် မင်းတို့ဆီမှာ မိုးတွေရွာပြီလား
ငါတို့ဆီမှာတော့ ပူလောင်လောင် အိုက်စပ်စပ်နေ့ရက်တွေချည်းပါပဲ
ဘဝကို အရေခွံလဲသလို ပြောင်းလဲပစ်လိုက်တဲ့မင်းကို
အဆင်ပြေလားလို့မမေးတော့ပါဘူး
အပျော်ခရီးသွားတာမဟုတ်တော့
နေပျော်ရဲ့လားလို့လည်း မေးစရာမှမလိုတာ
လမ်းဆုံးကိုအတိအကျမပြောနိုင်သေးတော့လည်း
ဘယ်တော့ပြန်လာမလဲလို့မမေးချင်
အိမ်မှာ ဟင်းချေးများတတ်တဲ့မင်းက
အခု မှိုရှာ မျှစ်ချိုးနဲ့
အသန့်အပြန့်ကြိုက်တဲ့မင်းက
အခု ဖြစ်သလိုနေထိုင်လို့
မိသားစုထဲ အငယ်ဆုံးဖြစ်တဲ့မင်းက
ဖုန်းလေးတစ်လုံးနဲ့ဘာမှမသိသလိုနေပေမယ့်
အရေးကြုံတော့မှ မင်းရဲ့ခံယူချက်ကိုသိလိုက်ရ
အရေးကြုံတော့မှ
မင်းရဲ့အတိမ်အနက်မြင်လိုက်ရ
မင်းကို တစ်အိမ်သားလုံးကလွမ်းနေပေမယ့်
အဲဒီအလွမ်းကို ဘယ်သူမှမမြင်အောင်ဖုံကွယ်လို့
အငယ်ဆုံးလေးမင်းကို
မိသားစုထဲက စွန့်လွှတ်ထားသလိုဟန်ဆောင်ပြောရပေါ့
ဘယ်တတ်နိုင်ပါ့မလဲ
မိုးပြိုမှတော့
ဘယ်ခေါင်းမှမလွတ်နိုင်ဘူးမဟုတ်လား
ညီလေး အိမ်ကိုခဏခဏလာတတ်တဲ့
ဟို ဆံပင်နီကြောင်ကြား အဝတ်အစားပုံမကျပန်းမကျနဲ့
လမ်းထိပ်က မင်းသူငယ်ချင်းရော နေကောင်းရဲ့လား
အပေါ်ယံကြည့်ပြီး
သူ့ကိုဝေဖန်ခဲ့မိတာလည်း မျက်နှာပူမိ
ဘာပဲဖြစ်ဖြစ် ညီလေးရာ
ကျန်းမာရေး သွားရေး သွားရေးကအစ သတိရှိပါ
သူဦးကိုယ်ဦးဗျူဟာထဲမှာ ရန်သူဟာ ရန်သူပဲ
တကယ်တမ်းကျတော့
မင်းတို့က တောထဲတောင်ထဲမှာမလုံခြုံသလို
ငါတို့လည်း မြို့ထဲရွာထဲမှာ မလုံခြုံပါဘူးကွာ
လျှောက်ခဲ့တဲ့လမ်း မင်းတို့နောက်ပြန်မလှည့်ဘူးဆိုတာ
အချိန်တန်လို့ အိမ်ပြန်လာကြရင်
မင်းတို့က အရင်တုန်းကလို သာမန်လူငယ်တွေလိုပဲ
နေထိုင်ဖြတ်သန်းမယ်ဆိုတာ ငါယုံကြည်တယ်
မင်းတို့က ကိုယ်ကျိုးအတွက်
စွန့်လွှတ်သွားကြတာမှမဟုတ်တာ
ပြောသာပြောရတယ်
မင်းတို့ အိမ်အပြန်လမ်းကသေချာရဲ့လား
မင်းတို့ပြန်လည်နားခိုဖို့
တို့အိမ်တွေကရောသေချာရဲ့လား
တော်ပြီ ညီလေးရာ ဆက်ပြောနေရင်
စကားလုံးတွေက ခေတ်နဲ့ဆံ့မှာမဟုတ်ဘူး။ ။
6.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar