Breaking News

စံညိမ်းဦး - လမ်းချိုးလေးထဲ ကွေ့ဝင်သွားကြခြင်း ( ဆရာညီပုလေးသို့ )

လမ်းချိုးလေးထဲ ကွေ့ဝင်သွားကြခြင်း
( ဆရာညီပုလေးသို့ ) 
စံညိမ်းဦး
(မိုးမခ) ဇွန် ၂၆၊ ၂၀၂၃

''စာပေဆိုတဲ့အနုပညာမှာ ပျော်မွေ့နေရင် မိုက်ရိုင်းတဲ့စိတ်၊ အောက်တန်း ကျတဲ့စိတ်၊ မတရားအနိုင် ကျင့်ချင်တဲ့စိတ်တွေနည်းသွားလိမ့်မယ်။ စာနာတဲ့စိတ်၊ မျှတတဲ့စိတ် ပေါ်လာမယ်။''
ညီပုလေး
( ၁၉၅၂ - ၂၀၂၃)

၁။

စာရေးဆရာ၊ သတင်းစာဆရာမကြီးလူထုဒေါ်အမာကို ကျနော်တို့စာပေ လောကသားတွေက အမေလို့ ခေါ်တတ်ကြတယ်။ အမေမာ၊ အမေလူထုဒေါ်အမာပေါ့ အဲဒီလိုဆိုတတ်ကြတယ်။ လူထုဦးလှနဲ့အ ကြောင်းပါပြီး သားသမီး၅ယောက်ထွန်းကားတယ်။
သမီး ၂ ယောက်၊ ဒေါ်သန်းရင်မာ၊ ဒေါ်တင်ဝင်း၊ သား ၃ ယောက်ထဲမှာမှ ကိုစိုးဝင်း( ရဲဘော်ထွန်းကျော်)က ဗကပ ပဲခူးရိုးမဗဟိုကာလ၊ တောတွင်းမှာ ကျဆုံးတယ်။
ကျန်နှစ်ယောက်က ဘောလုံးလည်းချွန်၊ ပန်းချီလည်း ထုံ၊ စာပေလည်းနှံ့တဲ့ မောင်ချစ်ခင်(ခေါ်) ဖိုးသံ (လူထု)(ခေါ်) ရဲဘော်ဖိုးသံချောင်းနဲ့ ဘိုညို (ခေါ်) ငြိမ်းချမ်း (ခေါ်)၊ညီပုလေး(ခေါ်) ငြိမ်းချမ်းစိမ်း လန်းဖြစ်တယ်။
နှစ်ယောက်လုံးက စာလည်းအရေးကောင်းတယ်။ အကြီးဖြစ်တဲ့ဆရာဖိုးသံ(လူထု)က ကဗျာသမားလည်းဖြစ်တယ်။ ကဗျာစာအုပ်ထွက်ထားတာရှိတယ်။ စာအရေးလည်း ကောင်းတယ်။ အငယ်ဖြစ်တဲ့ ဆရာညီပုလေးက တော့ စကားပြေသမားဖြစ်တယ်။
နှစ်ယောက်လုံးဟာ နိုင်ငံရေးလည်း သက်ဝင်တယ်။ အစ်ကိုဖြစ်သူက ဘဝတလျှောက်လုံးလို သူယုံ ကြည်ရာနိုင်ငံရေးမှာပဲ မြှုပ်နှံဖြတ်သန်းတဲ့သဘောဖြစ်တယ်။ ဒီလိုပဲနားလည်ရတယ်။
ဆရာညီပုလေးက ကျနော်နဲ့က ကျနော့် ဦးလေးအရွယ်ဆိုပေမယ့် သူ့အိမ်နာမည် ''ဘိုညို ''ကိုပဲအစွဲ ပြုပြီး ကိုညိုလို့ခေါ်တဲ့အခါခေါ်ပြီး ဆရာညိုလို့လည်း ခေါ်ချင်တဲ့အခါခေါ်ဖြစ်တယ်။ သူကတော့ ကျနော့်ကို ''ကိုစံညိမ်းဦး'' လို့ပဲ ခေါ်တယ်။
ခါတရံ ညီလေးလို့လည်း အာလုပ်ပြုတယ် ။''ခင်ဗျားနဲ့ ကျနော်နဲ့ '''တလေးတစားပြောလေ့ရှိတယ်။ တခါတလေကျ အရွှန်းဖောက်တဲ့အနေနဲ့ ''ကိုကို'' လို့ ခေါ်ပြီး ပြောရင်လည်း ပြောတတ်ပြန်တယ်။
တကယ်တော့ ကွယ်လွန်ချိန် ၇၂ နှစ်ဖြစ်တယ်။ ဒါပေသိ ကျနော်ဟာ ကိုယ့်အစ်ကိုကြီးလိုပဲစိတ်ထဲမှတ်ပြီး အသက်ကို ဘယ်တုန်းကမှ မစဥ်းစားဖြစ်ခဲ့ပါဘူး။
သူက အေးစက်တယ်။ ယဥ်ကျေးတယ်။ သိမ်မွေ့တယ်။ နူးညံတယ်။ အိန္နြေကြီးတယ်။ တခါတရံကျ လေးလံလှတယ်လို့လည်း ထင်ရတာရှိတယ်။
ဖျတ်လတ်တဲ့အခါကျလည်း လူငယ်လေးတယောက်လိုပဲရှိတယ်။ ဂျင်းပင်န်နဲ့တီရှပ်နဲ့ ဆံပင်ဂုတ်ထောက်နဲ့ လန်းနေတတ်ပြန်တယ်။ အများအားဖြင့်ဒေါသလည်းနည်းတယ်။ စကားကိုတိုးသက်ညင်သာပြောတယ်။
ဟာသကိုနှစ်သက်ပြီး ဟာသတွေပြောတတ်တယ်။ ဒါပေမယ့် သူ့ဟာသတွေက မရီရဘူး။ သူ့ကို ရီစရာတွေပြောတတ်တဲ့သူလို့လည်း ဘယ်သူကမှ မယူဆတာလည်းပါမယ်။ အတည်ပေါက်ကြီး အရွှန်းဖောက်တတ်ပေမယ့် သူ့ဖြတ်သန်းမှုနဲ့ သူ့နောက်ခံအဝန်းဝိုင်းအဟန့်ကကြီးလွန်းတော့ ရီစရာပြောလည်း ကျနော်တို့က အတည်ပေါက်စဥ်းစားနေမိတတ်ကြတယ်။
တကယ်တော့ ဆရာညိုဟာ သူ့ဘဝမှာအလုပ်တွေအများကြီးလုပ်ခဲ့တယ်။ လုပ်ခဲ့သူဖြစ်တယ်။ ဘော လုံး ( ၇၅-၇၇ ၊ တိုင်းပဏာမလက်ရွေးစင်)၊ ပန်းချီ၊ ကာ တွန်း၊ စကားပြေ၊ ဓါတ်ပုံ၊ နိုင်ငံရေး၊ စက်ဘီး၊ပါဖောင်န့်မင့်အနုပညာ၊ စာအုပ်တိုက်၊ အထက်ဗမာနိုင်ငံစာရေး ဆရာအသင်း၊ ပဲန်မြန်မာ စတာတွေအပြင် ပရဟိတအ လုပ်များစွာမှာလည်း ထမ်းတယ်။
လူထုဒေါ်အမာက ကိုစိုးဝင်းနဲ့ ကိုဖိုးသံချောင်းက သူနဲ့တူပြီး၊ ဘိုညို (ညီပုလေး) က သူ့အဖေ ဦးလှနဲ့တူတာလို့ ရေးဖူးတယ်။ အများစုက လူထုဦးလှက လူမှုပြုပြင်ရေးဘက်သားဖြစ်ပြီး လူထုဒေါ်အမာက သပိတ် မှောက် ကျောင်းသူဟောင်း၊ နိင်ငံရေး၊ တော် လှန်ရေးဘက်သားအဖြစ်လည်း ပုံဖော်ယူဆတတ်ကြတယ်။ အဲ့ဒီမှာ အမေမာက ညီပုလေးဟာ ဦးလှနဲ့တူတယ်လို့အပြောကိုပါချိန်ထိုးပြီး သူ့ရှေ့က အမာစား အစ်ကိုတွေနဲ့ယှဥ်တဲ့ကာ သူ့ကို လူပျော့လို့လည်း ကွယ်ရာမှာပြောတတ်ကြတယ်။ ကြားခဲ့ဖူးတယ်။
ကျနော်ကတော့ ကျနော်ထိတွေ့မြင်မိသလောက်မှာ ဆရာညီပုလေးဟာ လူပျော့ မဟုတ်ပါဘူး။ ဘူမိဗေဒထဲကလို နှစ်ကာလနဲ့တမျှ အထပ်ထပ်အဖန်ဖန် ဖိအားတွေ၊ အပူ ချိန်တွေ၊၊ ဒြပ်ပြောင်းလဲမှုတွေနဲ့ အတူ ကမ္ဘာမြေကိုရောက်ရှိလာတဲ့ စိန်သဘော တရားလိုပဲ မာဆင့်မြင့်တယ်လို့တွေးမိတယ်။ မာဆင့်၁၀ပေါ့၊ ရတနာတွေထဲမှာ အမြင့်ဆုံးပေါ့။ တွေးမိတယ်။
ကျနော်တို့ကဗျာမှာ လေးလုံးစပ်ကိစ္စ၊ ကာရန်ကိစ္စတွေပြောကြတော့ ဆရာဒဂုန်တာရာက လေးကိုင်းဟာပျော့ပေမယ့်သန်မာတယ်လို့ ဖွဲ့ဆိုဖူးတယ်။ ကျနော်ကတော့ ရုတ်တရက်ကြည့်ရင် အေးစက်နှေးကွေးသယောင်၊ ပျော့တဲ့သဘာဝဟန်တွေနဲ့ပေမယ့် မာကြောတဲ့ ရပ်တည်မှု၊ယုံကြည်မှုနဲ့ ခိုင်ကျည်သူအဖြစ် မြင်မိတယ်။
မာကြတာချင်းအတူတူမှာ မာပုံချင်းမတူတာကိုပျော့တယ်လို့ပြောရင် မှန်တဲ့ဆင်ခြင်မှုမဟုတ်ဘူးလို့လည်း ထင်မိတယ်။( စာပေဆုယူတဲ့ပွဲမှာ အကြီး အကဲတွေကို အများကအလေးပြုနေတာကို ထအလေးမပြုဘဲ အေးအေးဆေးဆေးထိုင်နေပြီး ဘွိုင်းကောက်လုပ်တာတွေကို အောက်မေ့မိတယ်။)
(ဆရာညီပုလေးဟာ မိုးကုတ်သဟာယစာကြည့်တိုက်ကပေးလေ့ရှိတဲ့ သဟာယစာပေဆုရဖူးသလို တော်ဘုရားလေးအောင်ဇေ အမှတ်တရစာပေဆု ( ၂၀၁၂)၊ နောက်ပြီး ၂၀၁၆၊ အမျိုးသားစာပေဆု စသဖြင့်လည်း ရခဲ့ဖူးတယ်။)
ဆရာညီပုလေးကို ပန်းချီ၊ စိုင်းကျော်လူ၊ ကျော်မိုးသာတို့နဲ့ ပန်းချီကားတွေဆွဲနေတာကို လူထုသတင်းစာအဟောင်းထဲက လူထုဒေါ်အမာရဲ့ဆောင်း ပါးထဲမှာတွေ့ဖူးတော့မှ ပန်း ချီလည်းဆွဲသကိုးလို့ သိခဲ့ဖူးတယ်။ ကျနော်အမှတ်မမှားရင် ''ဇီးကွက်ရုပ်'' ပုံ ဆီ ဆေးပန်းချီကားကိုလည်းဖော် ပြတယ်။ ဘိုညို( ညီ ပုလေးအဖြစ်စာမရေးသေး) စုတ်တံကိုင်ထားတဲ့ပုံလည်းဖော်ပြတယ်။ တဆက်တည်း ငြိမ်းချမ်းနာမည်နဲ့လည်း ကာတွန်းကွက်တွေမှတ်သားဖူးတယ်။
(ဆရာညီပုလေး လက်ရာကောင်းပုံကို ဒီဘက်ကာလ နိုင်ငံခြားခရီးစဥ်တွေမှာ ပုံကြမ်းခြစ်ထားတာတွေ၊ ရေဆေးတင်ထားတာတွေ ပန်းချီတွေကိုကြည့်ရင် သိနိုင်ကြတယ်။)
၁၉၈၉ မှာကျ ကျနော်က ချာတိတ်ပဲရှိသေးတာပေါ့။ အဖေကဝယ်လာတယ်။ သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေးဝတ္ထုတိုပေါင်းချုပ်တဲ့ ၊ ထွက်တော့လည်းသဘော ကျတယ်။ ရိုးရိုးနဲ့လှတဲ့စကားပြေတွေဖြစ်တယ်။မျက်နှာဖုံးကချာတိတ်ပုံကိုလည်း ကိုယ်တိုင်ဆွဲတယ်။ (ဆရာညီပုလေးဆွဲတဲ့သားဖြစ်သူ ''အောင်ဘာ လေ'' ရဲ့ပုံတူကောက်ကြောင်းဖြစ်တယ်။)
ဆရာမကြီးဒေါ်ခင်ဆွေဦးက စံပယ်ဖြူမဂ္ဂဇင်းမှာ ညီပုလေးဝတ္ထုတိုလေးတွေဖော်ပြလာရင်း သူ့ကို မေးကြမြန်းကြဖြစ်လာသတဲ့။ ဘယ်သူလဲပေါ့လေ။ လူထုမျိုးဆက်လို့ပြောပြလိုက်တော့ အားလုံးဝမ်းသာကြတာ၊မုဒိတာဖြစ်ကြတာ၊ ကြိုကြတာကို ပြောတယ်။
ဆရာညီပုလေး ၁၉၈၈ ဩဂတ် ၈ အရေးတော်ပုံပြီးနောက်ပိုင်းအဖမ်းခံရတယ်။ ရှစ်လေးလုံးအရေး တော် ပုံက(၄၁)ရက်ကြာတိုက်ပွဲလို့လည်း ဆိုရမယ်ထင်မိတယ်။ မန္တလေးစာပေအနုပညာကနေ ''ရှစ်လေးလုံး'' သတင်း စာထွက်ခဲ့တယ်။ ကျနော်က ၇ တန်းရောက်ပြီ။ အိမ်မှာက တနေ့တနေ့ထွက်သမျှ သပိတ်စာစောင်တွေဝယ်လာတတ်တော့ အကုန်ဖတ်ဖြစ်တယ်။
နိုင်ငံတော်အာဏာသိမ်းပိုက်ရန် ဘာညာ သတင်းစာရှင်းလင်းပွဲထုတ် ဗကပ ယူဂျီသမုတ် စီးရီးထဲ စာအုပ်နီထွက်တယ်၊ စာအုပ်စိမ်းထွက်တယ်။ကဗျာ ဆရာသန်းဆွေမိုး(ကလော)၊ ကဗျာဆရာဇော်မှိုင်းဝေ( မိတ္ထီလာ၊ ကိုခင်မောင်လေး)၊ ညီပုလေးတို့က စာအုပ်စိမ်းထဲတတွဲထဲကျမယ်ထင်မိတယ်။
အမှုတွဲကတော့ တင်အေးကြူ( ကဗျာဆရာမောင်မှိုင်းလွင်-အင်းဝ၊ ကွယ် လွန်)ပါ ၄၂ ယောက်လား ( အမှတ်မှားနိုင်)လို့ထင်မိတယ်။ သရက်ထောင်ကိုဖြတ်သန်းတယ်။ ရှေ့မှာကျ ၁၉၇၈ မှာ မိဘ၂ ပါးနဲ့အတူ မန္တလေးထောင်မှာ အထိန်းသိမ်းခံရတာရှိခဲ့ဖူးတယ်။

၂။

၁၉၉၀ ၊ ရှစ်လေးလုံးနှစ်ပတ်လည် ဆွမ်းလောင်းပွဲကို၊ လူထုတိုက်နား ၈၄ လမ်းမပေါ်ကျင်းပတယ်။ ဆရာညီပုလေးက စားပွဲတွေ၊ အိုးတွေကို သူ့ကားလေးနဲ့ သယ်ပေးတာတွေလုပ်တယ်။
အဲဒီပွဲက အပစ်အခတ်တွေဖြစ်တယ်။ အိုးတွေ၊ ဇလုံတွေ၊ သပိတ်တွေ၊ဆွမ်းတွေ၊ ဖိနပ်တွေ ပြန့်ကျဲနေတဲ့အဖြစ်ပျက်တွေဟာ ၈၄ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှာဖြစ်ခဲ့တယ်။ ပြေးကြလွှားကြတဲ့အခါ နီးစပ်ရာအိမ်တွေ၊ ဝင်းတွေထဲပုန်း ရှောင်ကြတယ်။ ဆရာညီပုလေးဟာ ဆွမ်းလောင်းရဲဘော်တွေကို အများကြီးကူညီပေးခဲ့တယ်။
အဲ့ဒီပွဲမှာ သံဃာတချို့သေနတ်မှန်တာတွေ၊ ကန် ကျောက်ခံရတာတွေပါဖြစ်တော့ လေးပြင်လေးရပ် ဆရာတော်ကြီးတွေစုပြီး သိမ်ဝင်ကမ္မဝါဖတ်လို့ ဗိုလ်စောမောင်အစိုးရကို ပတ္တုနိက္ကုဇန သပိတ် မှောက်ကံဆောင်တယ်။
ဗမာပြည်မှာ သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနသပိတ် မှောက်ကံဆောင်တာ ဒုတိယသပိတ်တလုံးကတော့ ၂၀၀၇ ရွှေဝါရောင်မှာ ဖြစ်တယ်။
ပခုက္ကူကနေ ရန်ကုန်၊ မန္တလေးကိုပြန့်သွားတဲ့ သံဃာ့လှုပ်ရှားမှုဟာ မန္တလေးမှာတောင်မြို့ မဟာဂန္ဓာရုံဘက်က ကိုယ်တော်တွေချီတက်တာ စောတယ်ထင်မိတယ်။ ဒါပေသိ တကြိမ်မျှကလွဲပြီး ထပ်ထွက်တယ်သတိမထားမိဖြစ်ရတယ်။
ဂျီအက်စ်အမ်ဖုန်းပေါ်စခေတ်ဆိုတော့ ချီတက်တာကို မိတ်ဆွေတယောက်က ဖုန်းနဲ့မူဘီ ရိုက်တယ်။ နည်းပညာကိုနားမလည်ကြသေးဘူး။ 
ရိုက်ထားတဲ့ဖုန်းထဲကမူဘီကိုထုတ်ဖို့ နောက်ဆုံးမှာ ကျနော့်ဆီရောက်ရာကနေ ဆရာညီပုလေးပဲ အပူကပ်ရတယ်။ သူ့ မိတ်ဆွေဓါတ်ပုံနဲ့ ဗွီဒီယိုသမားဘော်ဒါတွေဆီသွားကြရတယ်။ ဂျီအက်စ်အမ်ဖုန်းထဲကနေ ဘယ် လိုထုတ်ရမယ် မသိဘူးဖြစ်ကြတယ်။
အခုနေပြောတော့ အတော်ရီစရာဖြစ်တယ်။ ၃၅ လမ်းပေါ်က ဓါတ်ပုံဆရာတယောက်ကတော့ အဖြေကိုသိတယ်။ ဘလူးတုပါ မပါကြည့်ဗျ၊ ဘီလူးတုနဲ့မှရမယ်လို့ပြောတယ်။ ကျနော်ရော ဆရာညီပုလေးပါ အဲ့ဒီဘီလူးတုစ်ဆိုတာကိုတကယ်မသိပါဘူး။
အဲ့ဒီအချိန်မှာဘဲ သံဃာစစ်ကြောင်းကြီးဟာ ၃၅ လမ်းဘက်ချီတက်လာတာမို့ လှုပ်လှုပ်ရှားရှားဖြစ်ကြပါတယ်။ ဆရာညီပုလေးကလည်း ''ကိုစံညိမ်းဦး နောက်မှကြိုးစားကြည့်တာပေါ့ဗျာ၊ ကျနော် အိမ်ပြန်ပြီး ကင်မရာစီစဥ်လိုက်ဦးမယ်'' ဆိုပြီး အပြေး အလွှားပြန်တယ်။
လူထုတိုက်က အခုအဆောက်ဦသစ်မဟုတ်သေးဘဲ အရင်တိုက် ဆလပ်ပြင်ကနေ ကင်မရာထောင်ပြီး မှတ်တမ်းယူဖို့ ဖြစ်တယ်။ စစ်ကြောင်းက ၈၄ လမ်း လူထုတိုက်ရှေ့ကလည်းဖြတ်တာကိုး။ အဲဒီတုန်းက အဲ့ဒီဖုန်းကိုလည်း ဘာမှမလုပ်ဖြစ်တော့ဘဲ ပိုင်ရှင်ဆီပဲ ဒီတိုင်းပြန်ပေးခဲ့ရတယ်။
ဒီလိုနဲ့ပဲ ရွှေဝါရောင်တော်လှန်ရေး၊ သံဃာ့လှုပ်ရှားမှုပြီးလို့ကာလ အတော် အတန်ကြာမှာ ကျနော်နဲ့ဆရာညီပုလေးတွေ့တဲ့အခါ အဲ့ဒီတုန်းက ကျနော်တို့မသိခဲ့တဲ့ ''ဘလူးတုစ်'' ဆိုတဲ့ဟာအကြောင်းပြန်ပြောပြောပြီး ရီကြရတယ်။
ဆက်ရရင် ၂၀၁၃ ကျ ရှစ်လေးလုံးအရေးတော်က ၂၅ နှစ်(ငွေရတု)ပြည့်တယ်။ အခမ်းအနားတွေလုပ်ကြတယ်။ ကျနော်က အမှတ်တရစာအုပ်လုပ်ဖြစ်တော့ စာမူတောင်းဖြစ်တယ်။
နှစ်ယောက်သား လက်ဖက်ရည်ဆိုင်မှာချိန်းထိုင်ပြီး ကျနော်က ကျနော်လုပ်ချင်တာတွေကိုပြောပြဖြစ်တယ်။ သူကလည်း ဘာတွေရေးပေးမယ်ပြောဖြစ်တယ်။ ဘယ်သူတွေလည်း သူတောင်းပေးမယ်ဆိုပြီး ကူညီတယ်။ လိုအပ်တဲ့မှတ်တမ်းမှတ်ရာတွေအတွက်လည်း စာကြည့်တိုက်ကိုလည်း သုံးခွင့်ပေးခဲ့တယ်။
ကျနော့်နားလည်မှုအရ ဗမာပြည်မှာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လူထုလူတန်းစားအလွှာစုံပါဝင်တဲ့ အရေးတော်ပုံကြီးဟာ၂ ခုရှိခဲ့တယ်။
တခုက ၁၃၀၀ ပြည့်အရေးတော်ပုံ နဲ့၁၃၀၀ ပြည့်အရေး တော်ပုံ ရွှေရတု နှစ်၅၀ ပြည့်သမယမှာပေါ်တဲ့  ၁၃၅၀ ပြည့်အရေးတော်ပုံ၊(တနည်း) ၁၉၈၈ ခုရှစ်ရက်ရှစ်လ ''ရှစ်လေးလုံး'' အရေးတော်ပုံရယ်လို့ ၂ ခုရှိခဲ့တယ်။( ကျနော်က ခါတရံ''ဩဂတ်၈ အရေး တော်ပုံ'' လို့ရေးတတ်တယ်)
ဒါကို တချို့က သေးသိမ်အောင် ၈၈ ''အရေးအခင်း'' ရယ်လို့ သာမန်ကြက်ပွဲသာသာလို သိမ်နုတ်အောင်ပြောတတ်ကြတယ်။ ရပ်ထဲရွာထဲကတော့ ရိုးရိုးသဘောနဲ့အလွယ်ပြောကြတာဖြစ်တယ်။
အင်္ဂလိပ်လိုကရှင်းတယ်။ Movement နဲ့ Revolu tion ကမတူဘူး။ ဆရာညီပုလေးနဲ့အဲ့တာတွေပြောဖြစ်တယ်။ စာမူပေးတော့ အဲ့ဒါကခေါင်းစဥ်ပေါ့။'' ဒါဟာအရေးအခင်းမဟုတ်ဘူး၊ အရေးတော်ပုံ'' တဲ့။ သိပ်ကောင်းတဲ့အရေးအသားအဖြစ် နှစ်သက်ခဲ့ရတယ်။
ဩဂတ်၈ မတိုင်ခင် ရှေ့မှာ မတ်လအုံကြွမှုတွေ၊၊ ဇွန်လလှုပ်ရှားမှုတွေ၊ ဒါတွေအရင်ဖြစ်တယ်။ ဆရာညီပုလေးက ပရိုက်ဘိတ်တက္ကစီမောင်းနေချိန်တဲ့၊ ဝန်ကြီးချုပ်ဟောင်း ဦးနုတို့မောင်နှံကို မေမြို့လိုက် ပို့နေတာတွေ၊ ရန်ကုန်မှာ ကြုံရတဲ့အတွေ့အကြုံတွေ၊ မန္တလေး စာပေဘက်ကနေ သပိတ်သတင်းစာထွက်တာတွေ၊ လူထုဒေါ်အမာက သတင်းစာအာဘော်ရေးပြီး ညီပုလေးက အမည်ခံလှုပ်ရှားခဲ့တာတွေ စသဖြင့် သမိုင်းပုံရိပ် တဖြတ် ဖတ်ကြရတယ်။
အဲ့ဒီ စာအုပ်မှာဖော်ပြဖို့၊တဆက်တည်းမှာ အမေလူထုဒေါ်အမာ ၂၀၀၇ ခုနှစ် ရှစ်လေးလုံးနှစ်ပတ်လည်တုန်းက အမှတ်တရရေးတဲ့ စာမူလည်း ပြန်ရှာပေးတယ်။ ဖော်ပြနိုင်ခဲ့တယ်။
အမေမာရဲ့အဲ့ဒီစာကလည်း ပြောစရာရှိတယ်။ ၂၀၀၇ ဩဂတ်မှာကျရောက်မယ့် ရှစ်လေးလုံးနှစ် ပတ်လည်အတွက် နိုင်ငံခြားသတင်းစာတခုက ဆရာလူထုစိန်ဝင်းအပြင် ဆရာကတဆင့် လူထုဒေါ်အမာဆီကပါ အမှတ်တရအရေးအသားကို တောင်း ခံတယ်။
ဆရာဦးစိန်ဝင်းကတဆင့် ကြားခံမိတ်ဆွေ၊ အဲဲ့ဒီကမှ ကျနော်ကတဆင့် ဆရာညီပုလေး၊ အဲ့ဒီကမှ မေမြို့စိမ်းလန်းအေးမှာ အပူရှောင်နေထိုင်နေတဲ့ အမေမာ့ဆီပေါ့။
အမေမာ့ စာမူရတော့လည်း အဲ့လိုပါပဲ တဆင့်တဆင့်ပေါ့လေ။ အမေမာကရေးပေးတယ်။'' ဒီအုပ်ချုပ်ရေးမျိုးနဲ့ တသက်လုံးမသွားနိုင်ဘူး''( This Can't go on forever) တဲ့။

၃။

ပြန်တွေးကြည့်တော့၂၀၀၅ မှာတုန်းက ကျနော်နဲ့ကိုနေမျိုးက ဆရာကိုရိုးကွန့်ရဲ့အောင်ပင်လယ်မဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့အဖြစ်ဝင်လုပ်ကြတယ်။ကျနော်က ဆရာညိုထွန်းလူတိုက်တွန်းမှုနဲ့ရောက်တာပေါ့။
တရက်မှာစျေးချိုဟိုတယ်အပေါ်ထပ်မှာ ''ဧရာဝတီအဆန်'' လို့အမည်ပေးထားတဲ့ အနုပညာပွဲတရပ်ကျင်း ပတယ်။ ကိုဇော်ခိုင်ဦးစီစဥ်တယ်။ ကျနော်လည်း ကဗျာရွတ်ဖို့ဖြစ်ခဲ့တယ်။
မန္တလေးမှာ အစောဆုံးကဗျာရွတ်၊ စာတမ်းဖတ်၊ ဝတ္ထုဖတ်၊ ပါဖောင်န့်မင့်တင်ဆက်၊ အနုပညာပွဲလည်းဖြစ်မယ်ထင်မိတယ်။ ပိုင်စိုးဝေ၊ မောင်သင်းပန်၊ နေဝင်းမြင့်၊ ညီပုလေး ၊ မောင်နီဦး၊ စန်းဦး၊ ဇော်ခိုင်ဦး၊ စံညိမ်းဦး၊ဒေါက်တာဖြူဖြူဝင်း၊ စောဝေတို့ ပါဝင်တယ်။ ကျနော့်အဖို့ တမိုးအောက် တစင်တည်းထက်မှာဆရာ ညီပုလေးနဲ့အတူတကွ အနုပညာတင်ဆက်ခွင့်ရခဲ့တဲ့ ပထမဆုံးအမှတ်တရလည်းဖြစ်တယ်။
ဆက်ရရင် ဆရာညီပုလေးဟာ လူမှုရေးလည်းအင်မတန်ကျေပွန်တတ်သူဖြစ်တာကိုလည်း ချန်ပြီးပြောဖို့မဖြစ်ပြန်ဘူး။ မိတ်ဆွေအစိမ်းအကျက်မရွေးကို တလေးတစားဆက်ဆံတယ်။ ကျန်းမာရေး၊ စီပွားရေး၊ အလုပ် အကိုင်တွေကို စိတ်ပူပေးတတ်တယ်။ မေးလေ့ အားပေးလေ့ရှိတယ်။ နှုတ်ချည်းမဟုတ်ဘဲ လက်ကလည်း ကျေပွန်တတ်တယ်။
ကျနော် ၂၀၂၀ ထဲ ကျနော်သွေးအန်ပြီး ဆေးရုံတက်ရတယ်။ သေမယ်ထင်ခဲ့တယ်။ မန္တလေးဆေးရုံကြီးမှာ လူနာနဲ့ခုတင်ကမဆန့်ဘူး။ လူနာကများတယ်။ ကျနော့်ကို လူနာအုပ်ကြီးထဲ လူသွားလမ်းနားက လူနာတယောက်ဘေးမှာ ခုံတန်းလျားထိုးပြီးနေရာပေးတယ်။ အဲ့ဒီလူနာကလည်း မကြည်ဘူး။ သူ့ဘေးလာထားလို့လေ။
အနံ့အသက်တွေကလည်း ဆိုးလှတယ်။ ချွေးစော်၊ ဆေးစော်၊ သေးစော်ထောင်းထနေတယ်။ ဆရာမတွေ၊ သန့်ရှင်းရေးတွေကလည်း အလကားနေအလကားမာန်မဲ၊ ငေါက်ငမ်းနေတတ်တယ်။ မုန့်ဖိုးပေးတော့ နည်းနည်းတော့ ဆက်ဆံရေးချောတယ်။
ကျနော်က ပရိုက်ဘိတ်အခန်းရနိုင်မလားမေးကြည့်တယ်။ တခန်းကို ၄ ယောက်လောက်နေလို့ရတဲ့ဟာပေါ့။ အဲယားကွန်းလည်း ပါတယ်။ ငွေသွင်းရတယ်။ စာရင်းပေးထားသူတွေကရှိနေသတဲ့။ မရဘူးပေါ့။
ဒီလိုနဲ့ နောက်တရက်မှာ ဆရာညီပုလေး သတင်းလာမေးတယ်။ ဆရာညီပုလေးကိုကျ မိသားစုကလည်းဆရာဝန်အသိုင်းအဝိုင်းရှိသလို စာပေပရိသတ်မနေနဲ့ကလည်း မန္တလေးဆေးရုံကြီးက သိကြတယ်။ ဆရာညီပုလေးလာမေးတယ်ဆိုတော့ အမေးခံပုဂ္ဂိုလ်ကဘာလဲလို့ စပ်စုကြသတဲ့။
မကြာဘူး၊ ဆရာဒေါက်တာအောင်ကြီးကလည်း ကြည့်ရှုတယ်။ နောက်တော့ ကျနော့်ကို ကဗျာဆရာလို့သိသွားကြတယ်။ ဆက်ဆံရေးတွေလည်းလုံးဝပြောင်းသွားတယ်။
အဓိက က ဆရာညီပုလေးမျက်နှာနဲ့ကျေးဇူးနဲ့ ပရိုက်ဘိတ်အခန်းရောက်တယ်။ ပြောချင်တာက ဆရာညီပုလေးကျေးဇူးတွေ၊ စောင့်ရှောက်မှုတွေက ကျနော့်တင်မဟုတ်ဘဲ အခြားသူတွေအပေါ်ပါပြောရင် အများကြီးဖြစ်မယ်။
တခါတလေကျ ဆရာညီပုလေးကဟောပြောပွဲတွေမှာရွတ်မယ့်ကဗျာတွေကိုအကူညီလှမ်းတောင်းတတ်တယ်။ မောင်မြတ်သူရဲ့ကဗျာဆိုရင် အမေမာ ရာပြည့် အမှတ်တရ ဟောပြောပွဲမှာရွတ်ဖို့ မောင်မြတ်သူဆီ ကျနော်ကို ခွင့်အတောင်းခိုင်းဖူးတာပေါ့။ ဒီဘက်ကာလထဲကို မလွတ်မြောက်သေးတဲ့မောင်ယုပိုင်ကဗျာရှာပြီး ပို့ရတယ်။ တနေရာမှာ သူရွတ်တယ်ထင်မိတယ်။
ကျနော့်ကဗျာတချို့လည်းရွတ်ခွင့်အပြင်၊ နောက်ဆုံးလိုဖြစ်တဲ့၊ ရေးသားခဲ့တဲ့၊ သူ့ဝတ္ထုရှည်ထံမှာထည့်သွင်းဖော်ပြခွင့်ကို ပြောတယ်။ အဲ့ဒီထဲထည့်ဖို့ ဆရာကြည်အောင့်ကဗျာလည်း ရှာပေးဖြစ်တယ်။ ကျနော့်အဖို့ သူလိုဂုဏ်ကြီးသူက တလေးတစားကြီးခွင့်တောင်းတာမှာ အရမ်းပဲအနေရခက်ကြောင်း၊ ကျနော်တို့ညီအစ်ကိုတွေကြားမှာ အစ်ကိုအဆင်ပြေသလိုလုပ်ပါလို့ပြောဖြစ်တယ်။ ညီပုလေးဆိုတာ အဲ့လို လေးစားစရာပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကဗျာလည်းချစ်၊ ကဗျာဆရာတွေကို တန်ဖိုးထားတတတ်သူလည်း ဖြစ်ပါတယ်။

၄။

ဆရာ ညီပုလေး ၇၂ မှာ ကွယ်လွန်တာဖတ်ရတော့ ဖခင်ဖြစ်သူ လူထုဦးလှ ၇၀ ကျော်မှာကွယ်လွန်ခဲ့တာ သတိရသွားပါတယ်။ ပြန်ရှာကြည့်တော့သားအဖနှစ်ယောက် ၇၂ မှာကွယ်လွန်ကြတာပဲ။ စိတ်ထိခိုက်ရ စိတ်လေရနေ့တွေမှာ ကောင်းတဲ့ဘက်က လှည့်သွားမိတာပါ။ လာကြပုံ ပြန်ကြပုံ နှစ်တွေမတူလည်း ကောင်းတဲ့တွေ့ဆုံမှုတွေကတော့ သူ့တရားနဲ့သူ ရှိနေဦးမှာပါပဲ။''
◾ သုခမိန်လှိုင်

၅။

သူဆုံးတဲ့သတင်းစကြားရတော့ ဂျွန်၂၁ ရက်ဖြစ်တယ်။ မနက်ပိုင်း ၁၀ နာရီလောက်ဆုံးတာမှာ နေ့ခင်းဘက်လောက်သတင်းစတက်တယ်။ ဘယ်သူမှမယုံဘူး။ လူချစ်လူခင် ဘယ်လောက်များတယ် မများတယ် ဖေ့ဘုတ်တခုလုံး တမုဟုတ်ချင်း အပူလုံးကြွကြရတယ်။ အခြားသတင်းအားလုံးကို ဖုံးသွားတယ်။
တိုက်တိုက်ဆိုင်ဆိုင် ''ကမ္ဘာ့ဂီတနေ့''( World Music Day)တဲ့၊သူဆုံးတဲ့ ဂျွန်၂၁ က။ ကျနော်တို့အဖို့တော့ ဗျိုင်းတောင်ဂီတကိုသာ ကြားကြရတယ်။ သူ့ရဲ့ လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံဝတ္ထုထဲက ကလပ်စီကယ်လ်ဂီတကိုသတိရမိတယ်။ အဲ့ဒီဝတ္ထုအတွက်လိုအပ်တဲ့ ကလပ်စီကယ်လ်နဲ့ပတ်သက်တာတွေကို ကူညီပေးခဲ့တဲ့ ကိုမော်မင်းသန်း( ကွယ်လွန်)ကိုပါသတိရစရာဖြစ်မိတယ်။
ဆရာညီပုလေးက သူ မဆုံးခင်နှစ်များ၊ ၂၀၂၁ ဖေဖော်ဝါ ရီကစပြီး နေ့စဥ်လိုလို ဖေ့ဘုတ်မိတ်ဆွေအားလုံးဆီ နှုတ်ဆက်စကားနဲ့ပုံလေးတွေပို့တယ် ထင်မိတယ်။ တချို့က ကိုယ်တယောက်တည်းဆီပဲပို့တယ်ထင်တဲ့သဘောရေးကြတယ်။ ကျနော်လည်း အဲ့လိုထင်ခဲ့တယ်။ သူဆုံးပြီးမှ စကားစပ်မိကြတဲ့အခါမှ ညကပဲစကားပြောသေးတယ်တို့၊ ညနေဘက်ကပဲ မက်ဆေ့ပို့သေးတယ်တို့၊ စသဖြင့် ပြန် ပြောကြတယ်။ ဝမ်းနည်းပို့စ်တွေမှာလည်း သူ့ရဲ့ချစ်ခင်ဖွယ် လူမှုဆက်ဆံရေးကိုဖော်ပြတဲ့ လွမ်းမောဖွယ်တွေကို ဖတ်ရတယ်။
သူဆုံးတဲ့သတင်းကိုအတည်ပြုပြီးတဲ့အခါ ကျနော်လည်း အများနည်းတူ ငေါင်ဆင်းသွားရပါတယ်။ ပူဆွေးရတယ်။ သူစီစဥ်နေတဲ့ ဆရာမောင်သာနိုးအမှတ်တရစာအုပ်အတွက် စာမူကိစ္စတွေ၊ သူ့ဝတ္ထုရှည်ထဲသုံးဖို့ ကျနော့်ကဗျာကိစ္စတွေ၊ မနက်ခင်းတိုင်းရဲ့နှုတ်ဆက်မှုတွေ၊ မျှဝေမှုတွေ၊ ပြီးတော့ အခြားသော လူမှုကိစ္စတွေ စသဖြင့် သူနဲ့ပြောခဲ့သမျှ မက်ဆေ့တွေကိုပြန်ကြည့်ရင်း ဝမ်းနည်းထိခိုက်မှုက လှိုက်တက်ခဲ့ရတယ်။
တကယ့် နေ့မြင်ညပျောက်တရားတွေ၊ ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီ သဘောတွေကို ထိတ်လန့်မိတယ်။ မေ့မေ့လျော့လျော့ပစ်ထားမိတဲ့သေခြင်းတရားကို ဘွားခနဲ ပြန်မြင်ရတယ်။ ဆရာညီပုလေးထွက်သွားတာကို မယုံနိုင်ဘူးဖြစ်ကြရတယ်။
နေမကောင်းတာတို့၊ အိပ်ရာထဲလဲနေတာတို့၊ ဆေးရုံတက်နေရတယ်တို့ စတဲ့ ဗျာဓိနဲ့ မရဏရှေ့ပြေး သဘောလက္ခဏာတွေကို မသိမမြင်ခဲ့ရတော့ တရားသဘောကိုဆန့်ကျင်တယ်ပဲဆိုဆို ကွယ်လွန်တာကို မယုံမရဲဖြစ်ကြတယ်။ နှလုံးရောဂါရှိသတဲ့၊ နှလုံးသမားတွေကရုတ်တရက် ကွယ်လွန်တတ်သတဲ့၊ ဒီလိုလက်ခံခဲ့ရတယ်။
ကျနော်တို့ဟာ သူ့စျာပနရုပ်ကလာပ်ကိုမြင်နေရပေမယ့်လည်း သူမရှိတော့တာဘူးဆိုတာ တကယ်ပဲလားလို့ ရေရွတ်နေမိကြတယ်။
ဒါမှမဟုတ် ကျနော်တို့ဟာ ကျနော်တို့မြင်ကွင်းထဲမှာ ဆရာညီပုလေးကိုမမြင်ကြရတော့တာနဲ့ပဲ ဆရာညီပုလေးမရှိတော့ဘူးလို့ ပြောနေမိကြတာများလား ။ လူတယောက်ကို ကိုယ့်ရှေ့မှာ မတွေ့မမြင်ရတော့ရုံနဲ့ အဲ့ဒီလူကိုသေသွားတာလို့ရော ပြောလို့ရပါ့မလား။

၆။

လွန်ခဲ့တဲ့နှစ်က ''ဂွတ်ဘိုင်''( Goodbye) ဆိုတဲ့ ဘောလိဝုဒ်ကားကြည့်ဖူးတယ်။ ကျနော်တို့ချာတိတ်ကတည်း က ထင်ရှားတဲ့ မင်းသားကြီး အမီတာဘဂျမ်းသရုပ် ဆောင်တာပေါ့။ မိသားစု ဒရမ်မာကားပါ။ မင်းသမီးကချစ်စရာကောင်းလှတဲ့ ''ရက်ရှမိကား ''(Rashmika)ပေါ့။ 
မင်းသမီး''ကာဂျိုး'' တို့၊''မာဒူရီး'' တို့ နောက်ပိုင်း၊ ဂန်ဂူးဘိုင်(gangu bai) တို့၊ R သုံးလုံး(Rise ၊Roar၊Revolt) တို့ထဲက''အာလီယာဘက်'' (Aliabhatt )'တို့၊ Nishabd ကားမှာ အဘိုးကြီးအမီတာဘဂျမ်းပါဝင်ပြီး သမီးဖြစ်သူရဲ့သူငယ်ချင်းမလေးအဖြစ်သရုပ် ဆောင်တဲ့ ''ဂျီဟ်ခန်း''(Jiah Khan)( စိတ်မကောင်းစရာက ငယ်ငယ် ရွယ်ရွယ်နဲ့ဆူဆိုက်လုပ်ပြီးကွယ် လွန်ရှာ)...၊
နောက်ပြီး''ဘာဟုဘာလီ''မင်းသမီး ''အနူးရှကာ ရှတ်တီ ''(Anushka Shetty)၊စတဲ့ ဘောလိဝုဒ် အပျံစားအလန်းစားတွေထဲကမှ တယောက်ဖြစ်တဲ့ ''ရက်ရှမိကား'' ပေါ့လေ ။ သူက အမီတာဘဂျမ်းရဲ့သမီးအဖြစ်ပါဝင်တယ်။
ဂွတ်ဘိုင်ရဲ့ဇာတ်လမ်းသဘောက မိသားစုထဲမှာ မိခင်လုပ်သူကွယ်လွန်တယ်။ အမီတာဘဂျမ်းကြီးကသား သမီးတွေဆီကို အကြောင်းကြားတယ်။ စျာအနအတွက်ပြင်ဆင်တယ်။ နာရေးမှာသားသမီးတွေရဲ့စရိုက်သဘာဝနဲ့သဘောထားအမျိုးမျိုး၊ ပတ်ဝန်း ကျင်ရဲ့သဘာဝအမျိုးမျိုးကိုဖော်ပြတယ်။ အစဥ်အလာနဲ့ခေတ်သစ်အမြင်မတူတာတွေလည်း ပါတယ်။
ပြောချင်တာက ဘောလိဝုဒ်ဇာတ်ကားကောင်းတွေထုံးစံ အင်တာတိန်းမန့်သက်သက်မဟုတ်ဘဲ အင်န်တဲလိဂျင့်သဘောတွေပါ ကြည့်ရတယ်။အတွေးအခေါ်ထည့်သွင်းရုံမက ဒရမ်မာဟာ စီးပိုင်စူးနစ်တယ်။ ဗမာစာဘာသာပြန်စာတန်းထိုးပေးလာတော့ကျေး ဇူးတင်ရတယ်။ ပိုနားလည်လာရတယ်။
အမေဆုံးရှုံးလိုက်ရတဲ့သားသမီးတွေကို ဖခင်ဖြစ်တဲ့ အမီတာဘဂျမ်းက သူငယ်စဥ်ကအတွေ့အကြုံကိုအခြေခံပြီးပြန်ပြောတဲ့စကားတွေဟာ ဒီဇာတ်ကားရဲ့အသက်လို့ထင်မိတယ်၊ ထိမိတယ်။ အမီတာဘဂျမ်းက ငယ်စဥ်ကတည်းက မိဘနှစ်ပါးလုံးဆုံးပါးခဲ့ရသူဖြစ်တယ်။
အမီတာဘဂျမ်း(ဟာရ်ရှီ)ကလေးဘဝမှာ အဖေနဲ့အမေလုပ်သူက စက်ဘီးနဲ့ကျောင်းလိုက်ပို့တယ်။ ကျောင်းရှေ့မှာ သစ်ပင်တွေနဲ့ လမ်းချိုးလေးရှိတယ်။ ကျောင်းလာရင်လည်း အဲဒီလမ်းကလေးကိုချိုးပြီး လာကြရတယ်။ပြန်ကြရတယ်။
ဟာရ်ရှီလေးဟာ ကျောင်းပို့ပြီးပြန်သွားတဲ့အဖေနဲ့အမေကို နေ့စဥ် ရပ်ကြည့်နေကျအတိုင်းကြည့်တယ်။ တရက်ကျ၊ မိဘနှစ်ဦး မြင်ကွင်းရှေ့ လမ်းချိုးလေးအတိုင်း ကွေ့ပြီးပျောက်သွားရာကနေ ဘယ်တော့မှ ပြန်ရောက်မလာတော့ပါဘူးတဲ့။
ဒါပေမယ့် ဟာရ်ရှီလေးက ကျောင်းပေါက်မှာထွက်ထွက်ပြီး လမ်းချိုးလမ်းကွေ့လေးဘက်ကနေ မိဘတွေကွေ့ပြီးထွက်လာမလား မျှော်ခဲ့တယ်။ အဲ့ဒီအဖြစ်ပျက်ကို အမီတာဘဂျမ်းက သားသမီးတွေကိုပြောပြတယ်။
''မင်းတို့တွေသိကြလား...အဖေရဲ့အမေနဲ့အဖေက နောက်ဆုံးအကြိမ် အဖေ့ကိုကျောင်းလိုက်ပို့ခဲ့တဲ့နေ့ကသူတို့လမ်းကွေ့သွားပြီးတဲ့နောက် ဘယ် တော့မှ ပြန်မလာခဲ့ကြတော့ဘူး။ နေ့တိုင်းကျောင်းရှေ့မှာရပ်ပြီး အဖေစောင့်နေခဲ့တာ။''
အဲ့ဒီမှာ ဆရာမကထွက်လာပြီး ဟာရ်ရှီလေးကိုမေးတယ်။ ''ဘာဖြစ်လို့လဲ ''ပေါ့။ ဟာရ်ရှီလေးကဆရာမကိုပြောတယ်။ မေးတယ်။''သူတို့တွေကပြောကြတယ်။ 'ကျွန်တော့်မိဘတွေ ဆုံးသွားပြီ'တဲ့၊ အဲ့ဒါဘာကိုဆိုလိုတာလဲဟင်...''တဲ့။
ဆရာမက ကျောင်းသားတဦးကိုလာပို့ပြီးပြန်သွားတဲ့လူနယောက်ကိုလှမ်း ပြပြီး ''ဟာရ်ရှီ အဲဒီစက်ဘီးနဲ့ ဖြတ်သွားတဲ့ လူကိုမင်းမြင်လား''လို့မေးတယ်။ ပြောနေတုန်းမှာပဲ အဲဒီလူက လမ်းကွေ့ဘက်ချိုးသွားတယ် ။ဆရာမကဆက်ပြောတယ်။ ''အခုရောမင်းသူ့ကိုမြင်ရလား''ပေါ့။ ဟာရ်ရှီလေးက ခေါင်းကိုခါပြတယ်။
''အဖေ့ရဲ့ဆရာမက ပြောခဲ့တာ 'သူက လမ်းကွေ့ပြီးနောက်မှာ ထပ်မတွေ့ရတော့ဘူး။ မြင်ကွင်းကနေပျောက်ကွယ်သွားတယ်ဆိုပေမယ့် တကယ်တမ်း သူက မရှိတော့ဘူးဆိုတာမျိုးမဟုတ်ဘူးလေ'' တဲ့ အဖေတို့မမြင်ရတော့ရုံပါ။ ''တဲ့။
''မင်းတို့အမေကလည်း အဲဒီလိုပဲ လမ်းကွေ့တခုကို လျှောက်သွားခဲ့ရုံပါ။ဘဝတဆစ်ချိုးမှာ ရှေ့ဆက်သွားတာပေါ့။ အဖေတို့မမြင်ရတော့တဲ့နေရာတခုကိုလေ။''
''ပြီးတော့ ၊ တနေ့ကျရင်လည်း အဖေတို့အတွက် အဲ့ဒီလို လမ်းကွေ့တခုဆိုတာ ဘ၀မှာ ကြုံလာရမှာပဲ''တဲ့ ။ ''အဖေတို့မမြင်နိုင်တော့တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဘဝကိုတော့ ရှေ့ဆက်ပြီးသွားနေကြဦးမှာလေ'' တဲ့လေ။
ကျနော်က ဒီလိုနားလည်မိတယ်။ ''တစုံတယောက်ဟာမရှိတော့တာမဟုတ်ဘူး။ တစုံတယောက်ဟာပျောက်သွားတာမဟုတ်ဘူး။ လမ်းကွေ့တခုထဲချိုးဝင်သွားတာ၊ ဘဝတဆစ်ချိုးပြီး အခြားကိုဆက်သွားတာ၊ ငါတို့က မမြင်ရတော့ရုံပါ''
ကျနော်ဟာ အမီတာဘဂျမ်းရဲ့သဘာရင့်သရုပ်ဆောင်မှုမှာမျောရသလို သေခြင်းတရားအပေါ် သူပြောနေပုံနဲ့ ပြောချက်တွေကို ကြွေခဲ့တယ်။
ဆရာညီပုလေးကွယ်လွန်တယ်ဆိုတဲ့သတင်းဝင်လာတဲ့အခါ ကျနော်က ဒီဇာတ်ကားလေးနဲ့ ဒီကားထဲကစကားတွေကို သတိရနေခဲ့မိတာပါ။ ဆရာညီပုလေးရဲ့သေခြင်းဆိုတာကို ကျနော်ချိန်ထိုးဆင်ခြင်မိတယ်။

၇။

တကယ်တော့ ကျနော်တို့ဟာလည်း တနေ့မှာ ဂွတ်ဘိုင်လို့နှုတ်ဆက်ကြရမှာပါ။ ဂွတ်ဘိုင်လို့နှုတ်ဆက်ကြရပေမယ့် ကျနော်တို့ဟာလည်း လမ်းကွေ့လေးတခုထဲလျှောက်ရင်း အားလုံးမြင်ကွင်းကနေ အခြားကို ဆက်သွားကြတာပါ။ ကျနော်တို့ကို အများကမမြင်ကြရတော့ရုံတခုနဲ့တော့ ကျနော်တို့မရှိတော့ဘူးလို့ မပြောကြပါစို့နဲ့လားလို့လည်း ခံစားကြည့်မိတယ်။
တကယ်တော့ ကျနော်တို့ဟာ ကျနော်တို့ချစ်တဲ့ ဆရာညီပုလေး၊ ကျနော်တို့ရဲ့ ဆရာ ညီပုလေးဟာလည်း လမ်းကွေ့တခု၊ လမ်းချိုးလေးတခုထဲကိုလျှောက်သွားတာပါ။ သူ မရှိတော့တာမဟုတ်ဘဲ ကျနော်တို့ကသာ သူ့ကို မမြင်ရတော့ရုံလေးပါ...။ အဲ့ဒီလိုပဲ ကျနော် တွေးကြည့်နေခဲ့မိပါတယ်။
စံညိမ်းဦး
၂၆၆၂၃
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar