သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ ပထမစာမျက်နှာ (၂)
သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ ပထမစာမျက်နှာ ( ၂ )
(မိုးမခ) ဇွန် ၂၆ ၊ ၂၀၂၃
ပုံမှန်အနေအထားမျိုးမဟုတ်တဲ့ ကမ္ဘာစစ်အတွင်း တပ်ဖွဲ့ဝင်သစ် စုဆောင်းရတယ်ဆိုတာက အကန့်အသတ်များစွာနဲ့ပါ။ လိုချင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံသူကိုရဖို့၊ လုပ်ရိုးလုပ်စဉ် ရွေးချယ်မှု အဆင့်ဆင့်အတိုင်း ဆောင်ရွက်ဖို့ တို့ ဆိုတာက အတော်ခက်ခဲပါတယ်။
‘စတာလင်’က သူ့ရဲ့ L Detachment (SAS)တပ်ဖွဲ့သစ်အတွက် လူရွေးချယ်ရတဲ့အခါမှာတော့ အားသာချက်တခု ရှိပါတယ်။ Layforce လို လူလျှော့၊ ဖျက်သိမ်းလိုက်တဲ့ ကွန်မင်ဒိုတပ်ဖွဲ့မျိုးကနေ လူရွေးခန့်အပ်နိုင်တယ်ဆိုတဲ့ ညွှန်ကြားချက်ကို သူ ရရှိထားပါတယ်။ သူကိုယ်တိုင်ကလည်း Layforce ကွန်မင်ဒိုတယောက် ဖြစ်ခဲ့ဖူးတော့ ဘယ်သူဘယ်ဝါက သူ့တပ်ဖွဲ့အတွက် သင့်တော်တယ်ဆိုတဲ့ စိတ်ကူးအမြင် ရှိပြီးသားပါ။ SAS ရဲ့ L Detachment ကို ဦးဆောင်မယ့် သူ့အနေနဲ့လည်း ဗိုလ်ကြီးအဆင့် ရာထူးတိုးသွားပါပြီ။
အံမဝင်ခွင်မကျသူများနှင့် အံဝင်ခွင်ကျအောင် ဖွဲ့စည်းခြင်း
လစ်ဗျားကမ်းရိုးတန်းဒေသတွေမှာ တည်ဆောက်ထားတဲ့ နာဇီ၊ ဖက်ဆစ်တို့ရဲ့ လေတပ်စခန်းတွေက သူတို့အတိုက်ခိုက်ခံရရင်တောင်မှ မဟာမိတ်တပ်ဖွဲ့တွေ မြေထဲပင်လယ်ဘက်က ဝင်တိုက်လိမ့်မယ်လို့ ခန့်မှန်းထားကြတာပါ။ အဆုံးအစမရှိလို့ ပြောရမယ့် ဆန့်ကျင်ဘက် သဲပင်လယ်ကြီးဘက်က ‘စတာလင်’ရဲ့ စစ်ဆင်ရေးလို အလစ်အငိုက် ဝင်တိုက်ခံရမယ်လို့ မျှော်လင့်မထားကြပါဘူး။ ပြောခဲ့ဖူးသလိုပါပဲ မျှော်လင့်မထားကြတာတွေကို လှည့်စားလုပ်ဆောင်တတ်တာက ‘စတာလင်’ရဲ့ သင်္ကေတလို့တောင် ဆိုရမှာပါ။
သမားရိုးကျ စစ်တပ်တွေက အဲဒီလို ချီတက်တိုက်ခိုက်နိုင်ဖို့ မရှိသလို ကွန်မင်ဒိုတပ်ဖွဲ့တွေ ရာနဲ့ချီပြီး စေလွှတ်ရင် လည်း ရန်သူက အလွယ်တကူ သတိပြုမိမှာပါ။ ’စတာလင်’ရဲ့ အော်ပရေးရှင်းက ဒီတွေးဆချက်ပေါ် အမှီပြုထားပါတယ်။ တပ်ဖွဲ့ဝင် အနည်းငယ်နဲ့ အလစ်ဝင်တိုက်နိုင်ဖို့အတွက် တကယ့်ကို ထူးခြားတဲ့ အထူးတပ်ဖွဲ့ဝင်တွေကို သူက ရွေးချယ်ခဲ့ပါတယ်။ သူ့စိတ်ကြိုက်အနေနဲ့က ဒီစစ်ဆင်ရေးကို အထူးလေ့ကျင့် ပြင်ဆင်ထားတဲ့ လေးယောက် တအုပ်စု အဖွဲ့လေးတွေနဲ့ ဖေါ်ဆောင်ချင်တာပါ။ ဒီလိုမစ်ရှင်အတွက် အံဝင်ခွင်ကျနိုင်မယ့်သူတွေကို သူ ရှာဖွေပါတယ်။
ဝင်ရိုးတန်းတပ်ဖွဲ့တွေကို နောက်ကျောက ဝင်တိုက်ပြီး သတ္တိရှိရှိ ထိထိရောက်ရောက် အနှောင့်အယှက်ပေးနိုင် ခဲ့ကြတဲ့ မူလ SAS တပ်ဖွဲ့ဝင်အားလုံးဟာ ကိုယ်စီ သူမတူထူးခြားတဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ကြသူများ ဖြစ်ကြပါတယ်။ ဒါပေမဲ့ တဦး တယောက်ချင်းစီရဲ့ အကြောင်းကို အသေးစိတ် မရေးသားတော့ဘဲ အချို့ကိုသာ ကိုယ်စားပြု ရွေးချယ်ဖော်ပြပါဦးမယ်။ နောက်ပိုင်းမှာတော့ အလျဥ်းသင့်သလို အခြားတပ်ဖွဲ့ဝင်များ အကြောင်းလည်း ပါဝင်လာပါလိမ့်မယ်။
ခြုံပြောရရင်တော့ သူတို့အားလုံးဟာ နာဇီ၊ ဖက်ဆစ်တပ်တွေနဲ့ စစ်တိုက်ချင်လွန်းလို့ ကွန်မင်ဒိုတပ်ဖွဲ့ထဲ ဆန္ဒအလျောက် ဝင်ခဲ့ကြသူတွေပါ။ အာဖရိကမြောက်ပိုင်း စစ်မျက်နှာပြင်မှာ ကန္တာရမြေခွေး ‘ရွန်းမဲလ်’ကွပ်ကဲမှုအောက်က အင်အားကြီးမားတဲ့ ဝင်ရိုးတန်းတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ဖို့အတွက် ကွန်မင်ဒိုတပ်ဖွဲ့ဝင် များစွာ အသုံးပြုရပါတယ်။ ဒီလိုတိုက်ပွဲများမှာ အကျအဆုံးကလည်း အလွန်များပြားပါတယ်။
ဒီအတွက် စစ်ရုံးချုပ်ဘက်က စဉ်းစားလိုက်တာက ကွန်မင်ဒိုစစ်ဆင်ရေးတွေ ဆိုင်းငံ့တာ၊ ဖျက်သိမ်းတာနဲ့ ကွန်မင်ဒို တပ်ဖွဲ့ဝင် အင်အားလျှော့ချတာ၊ လုံးဝဖျက်သိမ်းလိုက်တာမျိုးပါ။ သူတို့က ရာခိုင်နှုန်းအနေနဲ့ တွက်ရင် ထိခိုက် ကျဆုံးမှု သိသိသာသာပိုများတဲ့ ကွန်မင်ဒို စစ်ဆင်ရေးလို စွန့်စားမှုတွေ သိပ်မလုပ်ချင်တော့ပါဘူး။
ဒီလိုနဲ့ ကွန်မင်ဒို စစ်ဆင်ရေး မလုပ်ရတော့တဲ့အတွက် အားမလိုအားမရ ဖြစ်ခဲ့သူတွေ SAS ထဲ ပါဝင်ဖို့ ဖြစ်လာပါ တယ်။ ‘စတာလင်’ မျက်စိကျတာက အရည်ချင်းတူသူတွေချည်း စုထားတာမျိုးထက် သူ့အရည်အချင်းနဲ့သူ သီးသန့် ထူးချွန်ပြီး မတူကွဲပြားနေကြသူတွေပါ။ နောက်ပိုင်း အထူးတပ်ဖွဲ့ ရွေးချယ်ပုံတွေနဲ့လည်း အမြင်တူတယ်လို့ ပြောနိုင်ပါတယ်။ ကွန်မင်ဒိုတပ်ဖွဲ့ဝင်တွေကို သူ အလွယ်တကူ ခန့်နိုင်ပေမယ့် SAS အော်ပရေးရှင်းတွေအတွက် အံပိုကျနိုင်သူများကိုသာ သူကရွေးချယ်ပါတယ်။ ကွန်မင်ဒိုနဲ့ အထူးတပ်ဖွဲ့ မတူနိုင်တာကို သူ ကောင်းစွာ နားလည်ထားပါတယ်။
အပိုင်း (၁) မှာ ပြောခဲ့သလို မကောင်းမြင်တဲ့ဘက်က မဟုတ်ပေမယ့် ‘အံမဝင်ခွင်မကျ စည်းမျဉ်းဖောက်တတ်ကြသူတွေ’ဆိုပြီး ‘စတာလင်’တို့အဖွဲ့ကို ကင်ပွန်းတပ်လေ့ ရှိကြပါတယ်။ ‘စတာလင်’ လူရွေးချယ်တဲ့အခါမှာ စစ်စည်းကမ်း လျော့တိလျော့ရဲ ဖြစ်သူများကအစ ဖောက်ဖျက်ခဲ့တဲ့ ရာဇဝင်ရှိသူများ၊ အထက်အရာရှိများနဲ့ ပြဿနာဖြစ်သူများ၊ အမိန့်မနာခံသူများကို ပယ်မပစ်ပါဘူး။ အခုခေတ်ကာလဆို ရွေးချယ်ခံရဖို့ ခက်ခဲနိုင်ပါတယ်။ ‘စတာလင်’ ကတော့ သူလိုချင်တဲ့ အရည်အချင်းမျိုး တွေ့ရင် ရွေးလိုက်တာပါပဲ။ သူက အမှီအခိုကင်းကင်း တွေးတော လုပ်ဆောင်တတ်သူတွေကို လိုချင်သူပါ။
ထည့်ပြောရမယ်ဆိုရင် အီဂျစ်မှာ သူ တာဝန်ကျနေတုန်းက ‘စတာလင်’ကိုယ်တိုင်လည်း စစ်ခုံရုံးတင်ခံရဖို့ သင့်၊ မသင့် စစ်ဆေးခံခဲ့ရသူ တဦးဖြစ်ခဲ့တာပါ။ စစ်ကာလ မှတ်တမ်းတခုမှာ အရာရှိငယ် ‘စတာလင်’ကို မှတ်ချက်ပေးထားတာက ‘တာဝန်မဲ့ပြီး ထူးခြားမှု မရှိသူတဦး’ ဆိုပြီးပါ။
ဒီနေရာမှာ စံနမူနာပြုစရာ ဗြိတိသျှ စစ်မှုထမ်းကောင်း တယောက်လို့ သတ်မှတ်နိုင်သူရော SAS မှာ မပါဘူးလား ဆိုရင်တော့ SAS ပူးတွဲတည်ထောင်သူ အဖြစ်လည်း အသိအမှတ်ပြုကြသလို မဖြစ်မနေ ထည့်ပြောရမယ့် သူတယောက် ဖြစ်တဲ့ ‘ဂျော့လူးဝစ်’(Jock Lewes)ကို ရွေးနုတ်ပြောပြလိုပါတယ်။ ‘စတာလင်’ ကိုယ်တိုင်ကလည်း SASမှာ ‘လူးဝစ်’ရဲ့ အိုင်ဒီယာများစွာ ပါဝင်ကြောင်း ခရက်ဒစ် ပေးခဲ့ပါတယ်။
အင်္ဂလိပ်ဖခင်၊ ဩစတြေးလျံ မိခင်တို့က သူ့ကို အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှာ မွေးဖွားခဲ့ပြီး ဩစတြေးလျမှာ ကြီးပြင်းခဲ့သူပါ။ အောက်စ်ဖို့ဒ်ဘွဲ့ရတဦး ဖြစ်ပြီး ကွန်မင်ဒိုကောင်း တယောက်လို့လည်း အသိအမှတ်ပြုကြရပါ တယ်။ SAS စဖွဲ့ဖို့ ‘စတာလင်’ အရင်ဦးဆုံး တိုင်ပင်ဆွေးနွေးခဲ့သူဖြစ်ပြီး လေ့ကျင့်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့ ပါတယ်။
အထူးတပ်ဖွဲ့နဲ့ ကွန်မင်ဒိုနဲ့က ကွာခြားတော့ ကွန်မင်ဒိုတပ်ဖွဲ့ဟောင်းတွေကို SAS အော်ပရေးရှင်းအတွက် အသုံးပြုနိုင်ဖို့ ထရိန်နင်များစွာ လိုအပ်ခဲ့ပါတယ်။ ‘လူးဝစ်’က အကောင်းဆုံး သင်တန်းဆရာတယောက်လို့ ‘စတာလင်’ က ပြောခဲ့ဖူးပါတယ်။ ‘လူးဝစ်’က ‘စတာလင်’နဲ့ နှိုင်းယှဉ်ရင်လည်း ပရော်ဖက်ရှင်နယ် စစ်သားပုံစံ ပိုပေါက်တယ်။ သူ့ရဲ့ စည်းကမ်းကြီးပြီး ထက်မြက်မှုကိုလည်း တွေ့ကြုံဖူးသူတိုင်းက အသိအမှတ်ပြုကြရတာပါ။
မြင်သာတဲ့ ဥပမာတခုကို ပြောရရင် လေယာဉ်တွေ ဖောက်ခွဲဖျက်ဆီးတဲ့အခါသုံးဖို့ သယ်ယူတဲ့အခါမှာ ပေါ့ပါးပြီး ဆင့်ကွဲ မီးလောင် ပေါက်ကွဲစေတဲ့ ချိန်ကိုက်ဗုံးမျိုး သူတို့ လိုအပ်တဲ့အခါ ထုတ်လုပ်ပြီးသား အဆင်သင့်မရှိသလို စစ်ရုံးက အင်ဂျင်နီယာများ စေလွှတ်လုပ်ဆောင်စေရာမှာလည်း လိုချင်သလို မပြုလုပ်ပေးနိုင်ခဲ့ပါဘူး။ ဒီအတွက် ‘လူးဝစ်’ ကိုယ်တိုင် အချိန်ယူ တီထွင်စမ်းသပ်ခဲ့ရာက ‘လူးဝစ်ဗုံး’ (Lewes Bomb) နာမည်နဲ့ ဗြိတိသျှစစ်တပ်မှာ အသုံးပြုလာကြတဲ့အထိ ထူးချွန်သူတဦး ဖြစ်တယ်ဆိုရင် သူ့အရည်အချင်းကို ခန့်မှန်းနိုင်ပါတယ်။
မူလ SAS မှာ ပါဝင်သူများက အတော်စုံပါတယ်။ နောက်ခံနဲ့ ဖြတ်သန်းလာခဲ့ကြတာခြင်း မတူသလို စရိုက်လက္ခဏာလည်း မျိုးစုံပါ။ ‘လူးဝစ်’မှာလည်း မှတ်မှတ်ရရ ထည့်ပြောစရာလေး ရှိပါတယ်၊ အဲဒါကတော့ ဂျာမနီမှာ ဂျူးလူမျိုးတွေအပေါ် ဖိနှိပ်မှု မစတင်ခင်အထိ သူက နာဇီပါတီကို သဘောကျသူပါ။ ဂျာမနီကိုလည်း ခရီးတွေထွက်ခဲ့ပြီး နာဇီထောက်ခံသူ ဂျာမန် လှပျိုဖြူလေးတဦးနဲ့တောင် ချစ်သူဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ နာဇီဝါဒကို သူ လက်မခံနိုင်တော့ပဲ နာဇီတို့ကို အမြစ်ဖြတ် တိုက်ခိုက်လိုသူတဦးအဖြစ် ပြောင်းလဲသွားပါတယ်။ လူစုံ စရိုက်စုံ သဘောသဘာဝစုံတဲ့ SAS မှန်း ပိုပေါ်လွင်အောင် ဒီအကြောင်းကို ထည့်ရေးရခြင်းပါ။
အော်ရီဂျင်နယ် SAS ရဲ့ နောက်ထပ် အဓိက အဖွဲ့ဝင်တယောက်ကတော့ ‘ပက်ဒီမိန်း’ (Paddy Mayne) ဖြစ်ပါတယ်။ Queen’s University- Belfast မှာ ဥပဒေဘာသာရပ် သင်ကြားခဲ့သူ၊ အိုင်ယာလန်တက္ကသိုလ်များ ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ၊ အိုင်ယာလန်နဲ့ ဗြိတိန်ကိုယ်စားပြု နိုင်ငံတကာအဆင့် ‘ရပ်ဘီ’ (Rugby) ကစားသမား၊ ရှေ့နေလုပ်နေရာကနေ ဒုတိယကမ္ဘာစစ်ဖြစ်တော့ စစ်ထဲဝင်လာသူ၊ နောက်တော့ ကွန်မင်ဒိုတပ်ဖွဲ့ကနေ ‘စတာလင်’ရဲ့ စည်းရုံးမှုနဲ့ SAS ဖြစ်လာပါတယ်။ SAS တပ်မှူးအနေနဲ့ ဒုဗိုလ်မှူးကြီးအဆင့်အထိ ဆောင်ရွက်ခဲ့ပြီး စစ်အပြီးမှာတော့ မြောက်ပိုင်း အိုင်ယာလန် ဥပဒေအဖွဲ့ရဲ့ အတွင်းရေးမှူး လုပ်ခဲ့ပါတယ်။
သူရဲ့ ရဲစွမ်းသတ္တိ၊ တိုက်ရည်ခိုက်ရည်နဲ့ ဦးဆောင်မှုစွမ်းရည်ကြောင့် ‘Distinguished Service Order Medal and 3 Bars’ (DSOဘွဲ့ ၄ ကြိမ်) ချီးမြှင့်ခံသူလည်း ဖြစ်ပါတယ်။ ၄ ကြိမ်ထက်ပိုပြီး ဒီဘွဲ့ကို ထပ်မပေးနိုင်တော့တဲ့ ဘွဲ့ အမျိုးအစားပါ။ သမိုင်းအစဉ်အဆက် ဒီလိုဘွဲ့ရရှိသူက လက်ချိုးရေတွက်လို့ ရပါတယ်။ သူက ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံးဘွဲ့တံဆိပ် ဖြစ်တဲ့ ‘Legion of Honour’ ဘွဲ့ကိုလည်း ရရှိခဲ့ပါသေးတယ်။
တိုက်ရိုက်နှိုင်းယှဉ်ဖို့ ခက်ပေမယ့် ပိုမြင်သာအောင် ပြောရရင် နေတိုးအဖွဲ့(မြောက်ပိုင်းစစ်ဒေသ) ထားရှိခဲ့စဉ်က စစ်ဦးစီးချုပ်တာဝန်ယူခဲ့သူ ဗြိတိသျှ စစ်ဗိုလ်ချုပ်ကြီး (ဆာ) ‘အန်သိုနီ ဖာရာဟောခ့်လေ’( Sir Anthony Farrar-Hockley)ကလည်း DSO နှစ်ကြိမ် ရရှိခဲ့ဖူးသူပါ။ ဒီလိုဘွဲ့မျိုးဆိုတာက တကြိမ်ရရှိဖို့တောင် မလွယ်ကူပါဘူး။
ဂျာမန်စစ်မြေပြင်အတွက် သူ ရရှိတဲ့ DSOက အစကပိုမြင့်တဲ့ ‘Victoria Cross’ (VC) ပေးဖို့ ထောက်ခံပေးထားခဲ့ ပေမယ့် DSO အဆင့်ကို ပြန်လျှော့ချခံလိုက်ရပါတယ်။ VC မချီးမြှင့်ခံရတဲ့အကြောင်းကို မှတ်တမ်းတွေမှာ ရှင်းပြထားခြင်းမရှိပေမယ့် သူ့အထက်အရာရှိဖြစ်သူ ဒုဗိုလ်မှူးကြီး ‘ဂျက်ဖရီကီးစ်’(Lt Col Geoffrey Keyes)ကို ပြန်ထိုးကြိတ်ခဲ့မှုလိုမျိုးတွေနဲ့ သက်ဆိုင်မယ်လို့ ယူဆကြပါတယ်။
‘ဂျက်ဖရီကီးစ်’က လစ်ဗျားမှာရှိတဲ့ ဂျာမန် စစ်ဌာနချုပ်ထဲက ‘ရွန်းမဲလ်’အိမ်ကို ဝင်ရောက်စီးနင်းတဲ့ စစ်ဆင်ရေးမှာ တိုက်ပွဲကျသွားခဲ့သူပါ။ သူ့ရဲ့ ရဲစွမ်းသတ္ထိအတွက် Victoria Cross ဘွဲ့ ချီးမြှင့်ခံခဲ့ရပါတယ်။ တကယ်တော့ ‘ပက်ဒီ မိန်း’က ဒီကိစ္စအပြင် တခြားစစ်စည်းကမ်းဖောက်ဖျက်မှုတွေကြောင့် စစ်အချုပ်ကျခံရတာနဲ့ စိမ်းသူတဦး မဟုတ်ခဲ့ပါဘူး။
‘စတာလင်’က ဒါတွေကို သိပေမယ့် SAS အတွက် ‘ပက်ဒီမိန်း’လို လူမျိုး မရှိမဖြစ် လိုအပ်တယ်လို့ နားလည်ပြီး ရအောင် စည်းရုံးခဲ့ပါတယ်။ အတည်ပြောတာလား အပြောင်အပျက် သဘောလားတော့ မသိပါဘူး။ သူ့အနေနဲ့ ‘မိန်း’ ကို ငါက မင်းရဲ့ အထိုးအကြိတ်မခံရတဲ့ အရာရှိဖြစ်စေရမယ်’လို့ ကတိတောင်းခဲ့ပြီး ‘မိန်း’က ကတိပြန်ပေးခဲ့တယ်လို့ ‘စတာလင်’က ဆိုပါတယ်။ လူအများက ‘စတာလင်’ကို ယဥ်ကျေးသိမ်မွေ့သူ၊ စကားမာမာ ပြောလေ့မရှိသူလို့ နားလည်ထားကြပါတယ်။ သူလိုလူက ‘ပက်ဒီမိန်း’ အပါအဝင် ‘ဇ’တမျိုးစီရှိတဲ့ တပ်ဖွဲ့ဝင်တွေကို အုပ်ချုပ်ကွပ်ကဲနိုင်ခဲ့တာကလည်း သူ့ရဲ့ အရည်အချင်းပဲလို့ ဆိုရပါမယ်။
သူနဲ့ တိုက်ဖော်တိုက်ဖက်တွေရဲ့ ပြောစကားတွေကို အကျဉ်းချုပ် ပြန်ရေးရရင် ‘ပက်ဒီမိန်း’ဟာ‘ ကြောက်စိတ် လုံးဝ မရှိတဲ့ ပထမတန်းစား စစ်သား’ ဆိုတာနဲ့ ပုံဖော်ရပါလိမ့်မယ်။ မဟာမိတ်တပ်တွေ ‘စစ္စလီ’ကျွန်း ဝင်သိမ်းတဲ့ တိုက်ပွဲမှာ သူကိုယ်တိုင် Military Cross ဘွဲ့ချီးမြှင့်ခံရတဲ့ SAS တပ်ဖွဲ့ဝင် ‘ဂျွန်နီဝိုက်စ်မင်း’ (Johnny Wiseman) ကလည်း ‘ပက်ဒီမိန်း’လိုလူတွေ စစ်တပ်တတပ်စာလောက်သာရှိရင် ဒုတိယကမ္ဘာစစ် အခုထက် ပိုစောပြီးခဲ့လိမ့်မယ်’ လို့ ဆိုခဲ့ဖူးပါတယ်။
သူ့အကြောင်း များများစားစား ရေးမနေဘဲ ဗြိတိန်နိုင်ငံ National Army Museum ရဲ့ ဂုဏ်ပြု ညွှန်းဆိုထားချက် အတိုင်း ‘အထူးတပ်ဖွဲ့ သမိုင်းရဲ့ ဒဏ္ဍာရီဆန်ဆန် ကျော်ကြားတဲ့ စစ်သည်တော်’လို့ ရေးလိုက်ရင်လည်း တကြောင်းတည်းနဲ့ လုံလောက်သွားနိုင်ပါတယ်။
‘စတာလင်၊ လူးဝစ်၊ မိန်း’ တို့သုံးယောက်က SAS တပ်ဖွဲ့ဖြစ်တည်မှုအတွက် အဓိကကျသူများ ဖြစ်ကြပါတယ်။ ဒါပေမဲ့ တခြားတပ်ဖွဲ့ဝင်များကလည်း အရည်အချင်းကိုယ်စီနဲ့ လက်ရွေးစင် ရွေးချယ်ခံခဲ့ရသူတွေပါ။ အစမှာ အရွေးခံလိုက်ရပေမယ့် ပြင်းထန်တဲ့ လေ့ကျင့်မှု၊ ခက်ခဲကြမ်းတမ်းမှုတွေကြောင့် ပြုတ်ကျခဲ့ရသူ၊ ဖြုတ်ချခံရသူ ကွန်မင်ဒိုတပ်ဖွဲ့ဝင်များလည်း ရှိခဲ့ပြီး ဆန်ခါတင် ကျန်ရစ်ခဲ့သူ အားလုံးကတော့ သူ့နည်းသူ့ဟန်နဲ့ ဒေါင်ဒေါင်မြည် ဒိတ်ဒိတ်ကြဲတွေချည်းပါပဲ။ ရွေးချယ်ခံခဲ့ရသူများမှာ ရှိတဲ့တူညီမှု တခုကတော့ ‘စတာလင်’ရဲ့ နံပါတ် (၁) ဦးစားပေးလို့ ပြောနိုင်တဲ့ ဘာမှမစဥ်းစားပဲနဲ့ ‘ရက်စ် ဆာ’လို့ တွင်တွင်ပြောမယ့်သူတွေ မဟုတ်ကြတာပါပဲ။
ဒီလိုနဲ့ သမားရိုးကျ ရွေးချယ်မှု မဟုတ်သလို သမားရိုးကျလည်း မဖြစ်တဲ့ SAS တပ်ဖွဲ့ဝင်တွေရဲ့ သမားရိုးကျ မဆန်တဲ့ တွေးခေါ်မြော်မြင် စွန့်စားမှုတွေက အထူးတပ်ဖွဲ့များရဲ့ အခန်းကဏ္ဍသစ်နဲ့အတူ ပေါ်ထွက်လာခဲ့ပါတယ်။
(ဆက်လက်ဖော်ပြပါဦးမည်)
သီအိုဇော်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar