Breaking News

သတ်ဖြတ်မှုများနှင့် ပြည့်နှက်နေသည့် အာဏာသိမ်းပြီးကာလ


မြန်မာနွေဦး ခရိုနီကယ် - စက်တင်ဘာ ၆ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၇ ၊ ၂၀၂၃


သတ်ဖြတ်မှုများနှင့် ပြည့်နှက်နေသည့် အာဏာသိမ်းပြီးကာလ

နံနက်မိုးလင်းသည့်အခါ သို့မဟုတ် ည အိပ်ရာမဝင်မီ သတင်းစာမျက်နှာတွေကို ဖွင့်ကြည့်လိုက်သည်နှင့် လူတဦးထက်မက သတ်ဖြတ်ခံရသည့် သတင်းများ၊ တခါတရံ ဆယ်ဂဏန်းနှင့်ချီသည့် အရေအတွက်ရှိသည့် အရပ်သားများ သတ်ဖြတ်ခံရသည့်သတင်း၊ မိသားစုအလိုက်၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်ပါမကျန်၊ အမျိုးသမီး အသက်အရွယ်ကြီးရင့်သူပါမကျန် တလက်စတည်း သတ်ဖြတ်ခံရသည့် သတင်းများကို နေ့ရက်အနည်းငယ်အကြာဆိုသလို ဖတ်ရှုနေရသည်။ ယခုရက်ပိုင်းတွင်လည်း အလားတူ သတင်းမျိုးတွေ မြန်မာနိုင်ငံအလယ်ပိုင်း ပခုက္ကူခရိုင်လို၊ စစ်ကိုင်းတိုင်းလို၊ ကရင်ပြည်နယ်လိုနှင့် ပဲခူးတိုင်းလိုဒေသတွေမှာ ဖြစ်ပွားနေသလို၊ ပြီးခဲ့သည့် လအနည်းငယ်အကြာက အဖြစ်အပျက်တွေကို အခုအခါမှ ထုတ်ဖေ်ပြောဆိုလာနိုင်သဖြင့် သိရသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သတင်းများလည်း ဖတ်ရှုကြားသိနေရသည်။ 

အများစုက အာဏာသိမ်းစစ်တပ်၏ လက်နက်ကိုင်အဖွဲ့က ကျူးလွန်ကြခြင်း ဖြစ်ပြီး အချို့သော အနည်းငယ်မျှသော သတ်ဖြတ်မှုတွေက အာဏာရှင်စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသည့် လက်နက်ကိုင် အဖွဲ့များက ကျူးလွန်ကြခြင်းဖြစ်သည်။ အာဏာသိမ်း စစ်တပ်က ဆန္ဒပြမှုတွေ၊ မြို့တွေ ရပ်ကွက်တွေမှာ သဲအိတ်တွေကာရံ အတားအဆီးတွေကာရံကာ လုံထိန်း ရဲတို့ရဲ့ ဖြိုခွဲမှုတွေကို ဟန့်တားပိတ်ဆို့ရာက သေနတ်တွေ ကျည်အစစ်တွေ စစ်တပ်တွေကို သုံးကာ ဖြိုခွဲသည်က စ၍ သေဆုံးမှုတွေ စတင်ခဲ့သည်ဟု ဆိုရမည် ထင်သည်။ ထို့နောက်တွင်တော့ တိုင်းရင်းသားလက်နက်ကိုင် ဒေသများသို့ သွားရောက်ခိုလှုံကာ စစ်သင်တန်းတက်ခြင်း လက်နက်စုဆောင်းခြင်း၊ မြို့တွေသို့ ပြန်ဝင်ရောက်လာကာ တိုက်ခိုက်ခြင်းနှင့် ကျေးရွာတွေအလိုက် လက်လုပ်သေနတ်တွေ စတင်စုဆောင်းတိုက်ခိုက်ခြင်းမှ တဆင့် လအနည်းငယ်အတွင်း လက်နက်ကိုင် ခုခံတိုက်ခိုက်မှု တနည်းပြည်တွင်းစစ်မီးက ကျယ်ပြန့်ကာ သတ်ဖြတ်မှုတွေက မြို့ပေါ်က လမ်းတွေမှာ ဖြိုခွဲ၊ ဖမ်းဆီး အသက်သေဆုံးကြရသည့် ဖြစ်ရပ်များတင်မဟုတ်တော့ပဲ လက်နက်ကိုင် အဖွဲ့များ အကြား တိုက်ခိုက်မှု၊ ထောက်ခံသူများကို တိုက်ခိုက်မှု သတ်ဖြတ်မှုတွေ သို့ အသွင်ပြောင်း အဆင့်ဆင့်ပုံစံပြောင်းလဲ ခဲ့ခြင်းဖြစ်သည်။ 

အစိုးရ လက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်သည့် ပြစ်မှုနှင့် အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့က ကျူးလွန်သည့် ပြစ်မှုကို အဆင့်တခုထည်း တန်းတူထား ပြောဆို၍မရ၊ ညီမျှခြင်း ချမရဆိုသည့် နိုင်ငံတကာ ဥပဒေဆိုင်ရာချဥ်းကပ်မှုလည်း ရှိသည်မို့ လုပ်ရပ်ချင်း တူသည့်တိုင် စစ်ကောင်စီ တပ်ဖွဲ့တွေက ကျူးလွန်သည့် ပြစ်မှုတွေက အပြစ်ပိုကြီးလေးသည်ဟု ဆိုနိုင်သည့် သဘောလည်း ဖြစ်သည်။ 

သတ်ဖြတ်မှုတွေနှင့်ပတ်သက်၍ မည်သို့မည်ပုံ ဖြစ်ပွားသလဲဆိုသည်ကို ဖေါ်ထုတ်နိုင်သည့် ဖြစ်ရပ်များရှိသကဲ့သို့ သေဆုံးသူ အရေအတွက် အမည်နာမသာလျင် ဖေါ်ထုတ်နိုင်ပြီး ကျူးလွန်သည့် သတ်ဖြတ်သည့် အဖွဲ့၊ မည်သည့်အကြောင်းရင်းခံကြောင့် ဆိုသည့်အချက်များကို မဖေါ်ထုတ်နိုင်တော့၊ မဖေါ်ထုတ်ဝံ့သေးသည့် အဖြစ်အပျက်များက တဖြည်းဖြည်း များပြားလာပြီဖြစ်သည်။ တဦးချင်း ကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်မှုများကလည်း နေ့စဥ်နှင့်အမျှ နိုင်ငံအနှံ့ဖြစ်ပွားနေပြီး နိုင်ငံရေးအရ ထောက်ခံသည့်အုပ်စု အလိုက်သာ မှတ်တမ်းတင်ထားကြသည့် သဘောမျိုးသာတွေ့ရပြီး အရပ်သား၊ လက်နက်ကိုင် အဖွဲ့ဝင်၊ သတင်းပေး၊ ဒလန်စသည့် အကြောင်းအရာအလိုက်၊ စိစစ်ခြင်း ခွဲခြားနိုင်ခြင်း မရှိကြတော့သည့် သဘောလည်း ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီးနောက် နိုင်ငံရေးအရ မဖြေရှင်းနိုင်ကြသည့် ဝါဒရေးရာ မတူညီမှု၊ လူမျိုးစုများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မဖြေရှင်းနိုင်မှု၊ နိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေက လက်နက်ကိုင် တပ်ကိုအားကိုးကာ နိုင်ငံရေးအယူဝါဒမတူသည့် အင်အားစုများကို တိုက်ခိုက်ချေမှုန်းရာမှ လက်နက်ကိုင်တပ်က နိုင်ငံရေးအင်အားစုများကို ဖယ်ရှားကာ အာဏာရယူသည့် စစ်အာဏာသိမ်းမှုများဖြစ်ပွားပြီး စစ်တပ်က နိုင်ငံရေးအာဏာကို ချုပ်ကိုင်ခဲ့ကြသည်မှာ ဆယ်စုနှစ် ၅ ခုမက ရှိခဲ့ပြီဖြစ်သည်။  

ထိုဖြစ်ရပ်များမှာ ပြီးသည့် ဆယ်စုနှစ်များက ဖြစ်ရပ်များဖြစ်၍ မည်သို့မည်ပုံဖြစ်ခဲ့သည်ကို မဝေးသည့် အတိတ်သမိုင်းကို လေ့လာသူတိုင်း သိရှိကြမည် ဖြစ်သည်။ မိမိချဥ်းကပ်သည့် အယူအဆ၊ ရှုထောင့်၊ အဖွဲ့အစည်းပေါ်မူတည်ကာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားရသည့် အကြောင်းရင်းကို ကောက်ချက်ဆွဲကြမည် ဖြစ်သော်လည်း သမိုင်းဆိုင်ရာ အချက်အလက်များကိုမူ ပြင်ဆင်ခြင်း မပြုနိုင်ဟု မြင်ပါသည်။ 

၁၉၄၈ ခုနှစ် ကွန်မြူနစ်ပါတီ တောခိုသည့် အဖြစ်အပျက်၊ ၁၉၄၉ ခုနှစ် ကေအန်ဒီအို နှင့် ဖဆပလ အစိုးရတို့ ရန်ကုန်မြို့အစပ်တွင် ဖြစ်ပွားခဲ့သည့် ရန်ကုန်မြို့ကို သိမ်းယူခါနီးအခြေအနေထိ ရောက်ရှိခဲ့သည့် ဖြစ်ရပ်မှသည် ယခုလက်ရှိ အချိန်ကာလထိ ပြည်တွင်းစစ်မီးက မီးတောက်ကြီးလာလိုက် ပြန်လျော့ကျသွားလိုက် ရှိခဲ့ပြီး ၂၀၂၁ ခုနှစ် တကျော့ပြန် စစ်အာဏာသိမ်းအပြီးမှာတော့ မီးတောက်က ကြီးမားကျယ်ပြန့်စွာ ပြန်လည် တောက်လောင်လာပြီဖြစ်သည်။ 

ဆယ်စုနှစ် ၇ ခုနီးပါးကာလအတွင်း အကျယ်ပြန့်ဆုံး အတိုင်းအတာဖြင့် ပြည်တွင်းစစ်မီး တောက်လောင်လာ ခြင်းလည်းဖြစ်သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားမှုကို နှိုင်းယှဥ်မည်ဆိုပါက ၁၉၄၉ မှ ၁၉၅၁ ခုနှစ်များအတွင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ဖြစ်ပွားမှုနှင့်သာ နှိုင်းယှဥ်နိုင်သည့် အခြေအနေမျိုးကို ယခုလက်ရှိရောက်နေခြင်း ဖြစ်သည်။ 

ဤသို့သော နောက်ခံ အခြေအနေတွင် တဦးချင်း ပစ်မှတ်ထားသတ်ဖြတ်မှု၊ လက်နက်ကိုင် အဖွဲ့ဝင်၊ အားပေးသူ၊ ထောက်ခံသူဆိုသည့် သံသယ စွပ်စွဲမှုများဖြင့် အရပ်သားများကို သတ်ဖြတ်မှုများ နေ့စဥ်လိုလို နေရာအနှံ့အပြား ဖြစ်ပွားနေပြီဖြစ်သည်။ ခုရက်ပိုင်းအတွင်း ဖြစ်ပွားသည့် ဖြစ်ရပ်တချို့ဟု ဆိုလျင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ကျီးကန်း (မြောက်) ရွာတွင် စစ်ကောင်စီ စစ်ကြောင်းက အရပ်သား ၄ ဦးဖမ်းဆီးခံရပြီး ၂ ဦးသတ်ဖြတ်ခံရသည့် အဖြစ်အပျက်၊ သတ်ဖြတ်ခံရသူ အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့်ပြီးသတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်၊ တဖန် ပခုက္ကူခရိုင်တွင် စာသင်ကျောင်း ဆောက်လုပ်ပြီး ပြန်လာသည့် ပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီမှ ဝန်ထမ်းနှင့် ပိုင်ရှင် စုစုပေါင်း ၅ ဦးခန့်ကို လက်နက်ကိုင် အဖွဲ့ကကားလမ်းတနေရာမှာ သတ်ဖြတ်လိုက်သည့် ဖြစ်ရပ်တွေက အနီးဆုံး ရက်ပိုင်းအတွင်း ဖြစ်ပွားသည့် ဖြစ်ရပ်များဖြစ်သည်။ 

ယခုကဲ့သို့သော ဖြစ်ရပ်များ နေ့စဥ်လိုလို ဖြစ်ပွားနေပြီး အချက်အလက်ကောက်ယူမှတ်တမ်းတင်သည့် အဖွဲ့အစည်းတချို့က အရေအတွက်၊ ကျားမ၊ ဖြစ်ပွားရာနေရာ၊ ကျူးလွန်သည့်လက်နက်ကိုင် အဖွဲ့၊ ကျူးလွန်သည်ဟု ယူဆရသည့် လက်နက်ကိုင်အဖွဲ့ စသည်တို့ကို ကိန်းဂဏန်းအဖြစ် မှတ်ယူကာ မှတ်တမ်းတင် လျှက်ရှိသော်လည်း ယခုလို အရပ်သားတွေ သတ်ဖြတ်ခံနေရသည့် အဖြစ်အပျက်ကို တားဆီးဖို့သော်လည်းကောင်း လျော့ပါးသွားအောင် ကြိုးစားဖို့သော်လည်းကောင်း မည်သည့် အဖွဲ့ကမျှ မကြိုးစားကြတော့ပေ။  နိုင်ငံရေးပြဿနာအောက်တွင် ဘေးထွက်ဆိုးကျိုးများအဖြစ် နေ့စဥ် ဖြစ်ပွားနေသည့် သဘောမျိုးသာ မှတ်ယူထားကြသည့် သဘောဖြစ်သည်။ 

စစ်ကောင်စီက ကျူးလွန်သည့် ပြစ်မှုများကို နိုင်ငံတကာ တရားရုံးတွင် တရားစွဲဆိုရန် ကြိုးစားမည် ဆိုသည့် ကြိုးစားမှုများရှိသည့် တိုင် တရားစွဲဆိုမှုများ နှင့် စီရင်နိုင်မှုတွေကလည်း နိုင်ငံရေး၊ စစ်ရေးထိန်းချုပ်မှု အာဏာအပေါ် မူတည်နေသည့် သဘောလည်း ဖြစ်ပြီး ဖြစ်ပွားနေသည့် ဖြစ်ရပ်ကို တားဆီးနိုင်ခြင်းငှာ မစွမ်းဆောင်နိုင်ဟု ဆိုရမည့် သဘောဖြစ်သည်။ သွေးစွန်းနေသည့် သားသတ်သမားတွေကို တားဆီးရင်း မိမိတို့လက်တွင်လည်း သွေးမစွန်းအောင် ကြီးစွာ သတိပြုဖို့ လိုအပ်လှသည်။ ထိုသို့ ရပ်တည်နိုင်ဖို့ တာဝန်ခံနိုင်ဖို့ အလို့ငှာ နိုင်ငံရေးအယူအဆ ခိုင်မာမှုနှင့် အကျိုးရလဒ်ကိုသာ မတွက်ပဲ ရပ်တည်ချက်၊ စံနှုန်းတွေကို ကိုင်စွဲမှသာ ဖြစ်နိုင်မည့်ကိစ္စလည်း ဖြစ်သည်ဟု ထင်မြင်မိသည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar