လေခဏီ - လူသားမျိုးဆက်ရေး အဟန့်အတားနှစ်ခု
လေခဏီ - လူသားမျိုးဆက်ရေး အဟန့်အတားနှစ်ခု
(မိုးမခ) စက်တင်ဘာ ၇ ၊ ၂၀၂၃
အမတ ဆိုတာ ရှင်သန်မှု။
လူ့အဖွဲ့အစည်း အမတဖြစ်ဖို့၊ လူ့အဖွဲ့အစည်း ရှင်သန်နေဖို့ကိစ္စမှာ အဟန့်အတားနှစ်ခု ရှိတယ်။ အဲဒါက ကာမဂုဏ်ကိစ္စဘက်၊ ကာမခံစားမှုကိစ္စဘက်၊ လိင်ပိုင်းဆိုင်ရာခံစားမှုကိစ္စဘက် သက်သက်ဇောင်းပေးတာ။ အဲလိုဆိုရင်လည်းပဲ ဒီမျိုးဆက်ပွားရေးကိစ္စမှာ၊ မျိုးဆက်ရေးကိစ္စမှာ အနှောင့်အယှက်ဖြစ်တယ်၊ အဟန့်အတားဖြစ်တယ်။ ကာမဂုဏ်ကိစ္စ၊ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ရွံ့ရှာစက်ဆုပ်စရာတွေအဖြစ် ဇောင်းပေးလာပြန်ရင်လည်းပဲ ဒါက မျိုးဆက်ပွားရေးကို အဟန့်အတားဖြစ်လာတယ်၊ အနှောင့်အယှက် ဖြစ်လာတယ်။ လူ့လောကစည်ပင်ရေး၊ လူ့လောကသာယာရေး၊ လူ့မျိုးဆက်တွေ ပြန့်ပွားရေး၊ လူ့အမတကိစ္စတွေမှာ အဲဒီနှစ်ခုကို ကျုပ်တို့ ပြောကြဖို့ လိုတယ်၊ ဆန်းစစ်ကြဖို့ လိုတယ်။
တချို့တွေကကျတော့ မျိုးဆက်ပွားဖို့ကို စိတ်မဝင်စားဘူး။ ကာမဂုဏ်ခံစားမှု သက်သက်အတွက်ပဲ သွားချင်တယ်။ ကာမဂုဏ်ခံစားမှုအတွက်ပဲ သွားချင်တဲ့အခါကျတော့ ကာမဂုဏ်ခံစားရေးကိုပဲ ရှေးရှုပြီးတော့ လုပ်ဆောင်တာတွေက အများကြီးပေါ့။ လုပ်ဆောင်လို့ရတာတွေလည်းပဲ ဒီခေတ်မှာ အများကြီးပေါ့နော်။ လိင်တူလည်း ဖြစ်ချင်ဖြစ်မယ်၊ လိင်ကွဲနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ ဆန့်ကျင်ဘက်လိင် မပါဘဲလည်း ရတယ်။ လိင်တူ မပါဘဲလည်း ရတယ်။ အဖော်မပါဘဲလည်း ရတယ်။ အဲဒီနည်းနဲ့ပဲ ကာမဂုဏ်ကိုပဲ အပြည့်အဝ ခံစားလိုက်တာ၊ တင်းပြည့်ကျပ်ပြည့် ခံစားလိုက်တာ၊ အချိန်ပြည့် ခံစားလိုက်တာ။ အဲဒီဘက်ကို ဇောင်းပေးသွားတော့ မျိုးဆက်ပွားတာကို စိတ်မဝင်စားတော့ဘူး။ မျိုးဆက်ပွားတဲ့အလုပ်ကို မလုပ်တော့ဘူး။ အဲဒါက အစွန်းတစ်ခု၊ အနှောင့်အယှက်တစ်ခု။
နောက်ထပ်တခုကကျတော့ ကာမဂုဏ်ကိစ္စကို ရှုတ်ချတယ်၊ ကာမဆက်ဆံတာကို ရှုတ်ချတယ်။ တားမြစ်တယ်။ မဆက်ဆံတာကိုပဲ ဂုဏ်ယူပြီးတော့ လိုက်နာတယ်။ ဘာသာရေးကျင့်ဝတ်တွေအရပဲဖြစ်ဖြစ်၊ ကိုယ့်ဘဝကို တစုံတရာ အခြေအနေရောက်အောင် သွားနေတယ်လို့ ပြောရင်ပဲဖြစ်ဖြစ် အထူးသဖြင့်တော့ ဘာသာရေးစံနှုန်းတွေပေါ့။ အဲဒီလိုအခါမျိုးမှာဆိုရင် မျိုးဆက်ပွားတဲ့ ကိစ္စက ဖြစ်မလာတော့ဘူး။ ကာမကိစ္စ မရှိမှတော့ မျိုးဆက်ပွားတာက ဖြစ်မလာတော့ဘူး။ အဲဒါကလည်းပဲ အစွန်းတခုပဲပေါ့။ လူ့မျိုးဆက်ပြန့်ပွားရေးမှာတော့ အဲဒါ တကယ့်အဟန့်အတားတခုလေ။
ကနေ့လောကမှာ အဲဒီအရေအတွက်တွေက အများကြီးပဲ ပေါ်လာတယ်။ ကာမဂုဏ်သပ်သပ်ကို လိုက်စားတဲ့အရေအတွက်တွေလည်း အများကြီးဖြစ်လာတယ်။ ကာမဂုဏ်ခံစားမှုကို ဆန့်ကျင်တဲ့ အရေအတွက်တွေလည်း အများကြီးရှိနေတယ်။ မြန်မာပြည်မှာဆိုလို့ရှိရင် ဘုန်းကြီး၊ သီလရှင်အရေအတွက်တွေက အများကြီးရှိတာပဲ။ ကက်သလစ်တွေရောဆို ပိုများ။ အဲဒီလို သာသနာ့ဘောင်ဝင်သွားတာကိုလည်းပဲ ဂုဏ်ယူကြတယ်။ အဲဒီလို ဝင်သွားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဝန်ကိုလည်းပဲ အားလုံးက ဝိုင်းပြီးတော့ ထမ်းကြတယ်။ ပိုးကြတယ်။ ကျေကျေနပ်နပ်ကြီး လုပ်ကြတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေကိုလည်း လူ့အဖွဲ့အစည်းမှာ အထွတ်အထိပ်နေရာတွေအထိ ပေးကြတယ်။ လိုလေသေးမရှိ စောင့်ရှောက်ကြတယ်။ အဲဒီပုဂ္ဂိုလ်တွေကလည်းပဲ အဲဒါဟာ အင်မတန်မြင့်မြတ်တဲ့ ဘဝဖြစ်တဲ့အကြောင်း၊ အင်မတန်မြင့်မြတ်တဲ့ နေထိုင်မှုဖြစ်တဲ့အကြောင်း ပြောကြတယ်၊ ဟောကြတယ်၊ ဆွေးနွေးကြတယ်။ တဖြည်းဖြည်းနဲ့ လိင်ဆက်ဆံမှုရှောင်တာက အလွန်မြင့်မြတ်ပြီး လိင်ဆက်ဆံတာက အလွန်နိမ့်ကျယုတ့်သလို ပုံပေါ်လာတယ်။
အဲတော့ လူ့မျိုးဆက်ပြန့်ပွားဖို့ ကိုယ့်မျိုးနွယ်ရဲ့ ထုံးတမ်းစဉ်လာတွေ ထိန်းသိမ်းဖို့၊ ကိုယ့်ယဉ်ကျေးမှုတွေ ပျောက်ကွယ်မသွားဖို့ ဘယ်သူတွေက ဆက်တာဝန်ယူမှာလဲ၊ ဘယ်သူတွေက ဆက်လုပ်မှာလဲ။ အဲဒီဟာတွေဘက်မှာ သိပ်များသွားပြီဆိုရင် ဘယ်သူက ဆက်လုပ်မှာလဲ။
အဲဒီလိုပဲ ကာမဂုဏ်ခံစားမှုသက်သက်ဘက်ကို သွားပြီဆိုလို့ရှိရင် ဘာဖြစ်သွားမလဲ။ မျိုးဆက်ကတော့ မပွားတော့ဘူး။ မျိုးဆက်ပွားတာက တာဝန်ဝတ္တရားတွေ များတာကိုး။ အဲဒီတာဝန်တွေကြောင့် ကာမဂုဏ်သက်သက် ခံစားဖို့ကျ အားပျော့သွားနိုင်တာကိုး။ အဲတော့ ကာမဂုဏ်ခံစားဖို့ သက်သက် ရည်ရွယ်ထားတာဆိုရင် မျိုးဆက်ပွားတဲ့အလုပ်ကလည်း ဆန့်ကျင်ဘက်ဖြစ်သွားတယ်။ အဲဒီပုဂ္ဂိုလ်အရေအတွက်လည်း များလာပြီဆိုတဲ့အခါကျတော့ လူ့အဖွဲ့အစည်းရဲ့သက်တမ်းက နည်းနည်းဝေဝါးလာတယ်။ လုပ်ငန်းဆောင်တာတွေမှာ စက်တွေ အစားထိုးလာတယ်။ အဲဒီလိုပဲ လူတွေနေရာမှာ စက်ရုပ်တွေပါ အစားထိုးလာတယ်။ စက်တွေကကျတော့ လူ့လောက၊ လူ့မျိုးဆက်ထိန်းသိမ်းစောင့်ရှောက်ဖို့က မရှိနိုင်တော့ဘူး။ ဓလေ့ထုံးတမ်းထိန်းတာတွေ၊ ယဉ်ကျေးမှုထိန်းတာတွေကလည်း မဖြစ်နိုင်တော့ဘူး။ အဲဒါက စက်တွေရဲ့ အလုပ်လည်း မဟုတ်ဘူး။
အဲဒီအစွန်းနှစ်ခုအကြောင်း ဆွေးနွေးကြရင် ကောင်းမယ်။ အဲဒါကို မဆွေးနွေးရင် လူ့မျိုးဆက်ပြန့်ပွားရေး၊ လူ့လောက သာယာရေး၊ လူ့ပတ်ဝန်းကျင် စည်ပင်ရေးကို လျစ်လျူရှုသလို ဖြစ်သွားမယ်။
လောကမှာ ရည်မှန်းချက်တွေရယ်၊ တာဝန်ဝတ္တရားတွေရယ်၊ ကျင့်ဝတ်တွေရယ်ဆိုပြီး မဏ္ဍိုင်ကြီးသုံးခုရှိတယ်။ ရည်မှန်းချက်မှာလည်း လွတ်မြောက်မှုရယ်၊ ရှင်သန်မှုရယ်၊ ရိုင်းပင်းမှုရယ်ဆိုပြီး သုံးမျိုးထပ်ရှိတယ်။
လွတ်လပ်ရမယ်၊ လွတ်မြောက်ရမယ်။ မဖိနှိပ်ရဘူး၊ မချုပ်ချယ်ရဘူး။ လူသားက လွတ်မြောက်ချင်တယ်။ လွတ်မြောက်မှုရှိမှ ရှင်သန်မှုဆိုတဲ့ဟာကြီးက ရှိမယ်။ မလွတ်မြောက်ဘူး၊ ဖိနှိပ်ထားမယ်၊ ချုပ်ချယ်ထားမယ်၊ ကန့်သတ်ထားမယ်၊ ထိန်းကွပ်ထားမယ်၊ ဖမ်းဆီးထားမယ်၊ ချုပ်နှောင်ထားမယ်ဆိုရင် ရှင်သန်မှုဆိုတာ မဖြစ်နိုင်ဘူး၊ ချည့်နဲ့သွားမယ်၊ အားနည်းသွားမယ်။
နောက်တစ်ခုက ရိုင်းပင်းမှု။ အပြန်အလှန် ရိုင်းပင်းကူညီမှုရှိရမယ်။ ချစ်ခင်ရမယ်။ ကြင်နာရမယ်။ တဦးကို တဦး လေးစားရမယ်။ တဦးပေါ် တဦး မှန်ကန်ရမယ်။ မျှတရမယ်။ ဒါက ရိုင်းပင်းမှုပဲ။ အဲဒီရိုင်းပင်းမှုမရှိဘူးဆိုရင်လည်း ရှင်သန်မှုက မလွယ်ဘူး။ တယောက်တည်း၊ တဖွဲ့တည်း၊ တစုတည်း ရှင်သန်လို့မှမရတာ။ အဲဒါကြောင့် အဲဒီရိုင်းပင်းမှုဆိုတာ မရှိရင်လည်း ရှင်သန်မှုဆိုတာ မဖြစ်နိုင်ဘူး။
လောကမဏ္ဍိုင်ကြီးက ရည်ရွယ်ချက်ရယ်၊ တာဝန်ရယ်၊ ကျင့်ဝတ်ရယ်ဆိုပြီးတော့ ရှိတဲ့အထဲက ရှင်သန်ရေး ရည်ရွယ်ချက်ကို ဘာနဲ့အကောင်အထည်ဖော်မလဲဆိုလို့ရှိရင် မျိုးဆက်ပွားတာပဲလေ။ လူ့လောကစည်ပင်ဖို့၊ ရှင်သန်ဖို့ဆိုတာ မျိုးဆက်ပွားကို ပွားရမယ်။ မျိုးဆက်ပွားလိုက်တာဟာ တာဝန်ကို ရွက်ဆောင်လိုက်တာပဲ။ လောကမဏ္ဍိုင်ကြီးသုံးခုထဲက တာဝန်ဆိုတဲ့အချက်က မျိုးဆက်ပွားတာပဲ။ အဲတော့ လူ့လောကရဲ့မဏ္ဍိုင်ကြီးဖြစ်တဲ့ ရည်မှန်းချက်ရယ်၊ တာဝန်ရယ်၊ ကျင့်ဝတ်ရယ် ဆိုတဲ့ကိစ္စမှာ ရည်မှန်းချက်ဖြစ်တဲ့ ရှင်သန်ရေးကို အကောင်အထည်ဖော်လုပ်ဆောင်လိုက်တာနဲ့ တပြိုင်နက်တည်း တာဝန်ဆိုတာကြီးကို ဆောင်ရွက်ပြီးသား ဖြစ်သွားတယ်။
နောက်တစ်ချက်က ကျင့်ဝတ်။ ကျင့်ဝတ်ဆိုတာက တာဝန်ဝတ္တရားတွေ ဆောင်ရွက်တဲ့အခါမှာ တာဝန်ဝတ္တရားအချင်းချင်း မတိုးမိ မထိမိ မတိုက်မိအောင် လူ့အသိုက်အဝန်းထဲမှာ ဟာမိုနီဖြစ်နေအောင်၊ ဟာမိုနီမပျက်အောင်ကျတော့ ကျင့်ဝတ်က သိပ်အရေးကြီးသွားပြီ။ လူ့အသိုက်အဝန်း ပြိုကွဲမသွားအောင်၊ ပျက်စီးမသွားအောင်၊ ညီညွတ်အောင်၊ မျှတအောင် ဆိုရင် ကျင့်ဝတ်က အရေးကြီးတယ်။
ကျင့်ဝတ်က မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်လေးခု။ မေတ္တာ၊ ချစ်ခြင်းမေတ္တာ၊ လူတွေကို ကောင်းကျိုးဖြစ်စေချင်တာ၊ ကောင်းတာတွေ ဖြစ်စေချင်တာ၊ ကောင်းတာတွေ ဆောင်ကြဉ်းပေးချင်တာ၊ ဒါ မေတ္တာပဲ။ ကရုဏာ ဆိုတာတော့ ကြင်နာတာ၊ သနားတာ၊ ဒုက္ခရောက်နေတဲ့သူတွေကို တွေ့ရင် ကြင်နာသနားစိတ်တွေဖြစ်တာ၊ ညှာတာတာ။ မုဒိတာကတော့ လေးစားတာ။ ဆရာကြီးဦးရွှေအောင်က လေးစားတယ်လို့ ဘာသာပြန်တယ်။ အခု ဆွေးနွေးနေတာကလည်းပဲ ဆရာကြီးဦးရွှေအောင်ရဲ့ ဓမ္မပဒစာအုပ်ထဲက ကာဠီဘီလူးမဆိုတဲ့ ဝတ္ထုမှာရေးထားတဲ့စာတွေကို အကြောင်းပြုပြီးတော့ ဆွေးနွေးနေတာပေါ့နော်။ အဲဒီထဲမှာပါတဲ့ လောကရဲ့ မဏ္ဍိုင်ကြီးသုံးခုတို့၊ ရည်ရွယ်ချက်တို့၊ ရည်မှန်းချက်တို့ဆိုတာတွေက ဆရာကြီးဦးရွှေအောင် ရေးထားတဲ့ အယူအဆတွေ။ အဲဒီအပေါ် အခြေခံပြီး ဆွေးနွေးနေတာ။ ဆရာကြီးဦးရွှေအောင်က မုဒိတာကို လေးစားမှုလို့ သုံးထားတယ်။ မုဒိတာကို ပုံမှန် နားလည်ထားတာကတော့ ဝမ်းမြောက်မှုပေါ့၊ ဝမ်းသာမှုပေါ့။ လူတွေ အဆင်ပြေနေတာ တွေ့ရင်ကို ဝမ်းမြောက်တယ်၊ ဝမ်းသာတယ်။ ဆရာကတော့ လေးစားတယ်လို့ ဘာသာပြန်တယ်။
အဲဒီလေးစားမှုက လူတွေရဲ့ ဖြစ်တည်မှုကို အသိအမှတ်ပြုတယ်၊ လက်ခံတယ်၊ ခွဲခြားဆက်ဆံမှုမရှိဘူးဆိုတဲ့ဘက်ကို ဦးတည်တယ်လို့ ထင်တယ်။ လူတွေမှာ ရှိနေတဲ့ အနေအထား၊ ရှိနေတဲ့အတိုင်း၊ ရှိနေတဲ့ အခြေအနေကို လက်ခံမပေးနိုင်ရင် သိပ်ပြဿနာရှိတယ်။ မနာလိုဖြစ်တာတွေဆိုရင်လည်း ကိုယ့်ထက်သာရင် ပေါ်လာတတ်တယ်။ ကိုယ်နဲ့မတူရင် ရန်သူ သတ်မှတ်တာတွေ ဖြစ်တတ်တယ်။ ကိုယ်နဲ့ လူမျိုး မတူဘူး၊ ဘာသာ မတူဘူး၊ အတွေး မတူဘူး၊ အယူ မတူဘူးဆိုရင် ပြဿနာတွေ ရှိလာတယ်။ အုပ်စုတိုက်ပွဲတွေ ပေါ်လာတယ်။ ခွဲခြားဆက်ဆံမှုမျိုးစုံ ကြုံလာတယ်။ အဲဒါဟာ လေးစားမှု မရှိလို့ ဖြစ်လာတာ၊ မုဒိတာ မရှိလို့ ဖြစ်တာ။ အဲဒီတော့ မုဒိတာကို လေးစားမှုလို့ ဘာသာပြန်လိုက်တာ သိပ်အရေးကြီးတယ်လို့ ထင်တယ်။ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ဆိုရင် ဒီလေးစားမှုက သိပ်အရေးကြီးတယ်လေ။ အနိုင်အထက် ပြုကျင့်တာတွေ ပပျောက်ဖို့ဆိုရင် လေးစားမှုက သိပ်အရေးကြီးတယ်။ အလွဲသုံးစားမှုတွေ ကင်းဖို့ဆိုရင်လည်း ဒီလေးစားမှုဘဲ အရေးကြီးတာကိုး။
ဥပေက္ခာကို ဆရာကြီးက မှန်ကန်မျှတခြင်းလို့ ပြန်တယ်။ ဥပေက္ခာဆိုတာ ဘက်မလိုက်တာ၊ ဘက်မလိုက်တာ ဆိုတာ မှန်ကန်မျှတတာပေါ့နော်။ ဒါပေမဲ့ သုံးနေကျဖြစ်တဲ့ ဥပေက္ခာပြုတယ်၊ ဥပေက္ခာပြုတယ် ဆိုတာက လှည့်မကြည့်ဘူး၊ ဂရုမစိုက်ဘူး၊ ပစ်ထားလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ဘက် ရောက်တာနော်။ ဥပေက္ခာလို့ပဲ သုံးလိုက်လို့ရှိရင် အဲဒီအဓိပ္ပာယ်ဘက်ပဲ ရောက်ရောက်သွားတယ်။ အဲတော့ ဒီဗြဟ္မစိုရ်ဥပက္ခာကတော့ ဘက်မလိုက်တာ။ ဟိုဘက်လည်း လိုက်မသွားဘူး၊ ဒီဘက်လည်း လိုက်မသွားဘူး။ စိတ်ခံစားမှုပိုင်းက ပြောမယ်ဆိုရင် ဝမ်းသာတဲ့ဘက်ကြီးကိုလည်း ရောက်မသွားဘူး။ ဝမ်းနည်းတဲ့ဘက်ကိုလည်း ရောက်မသွားဘူး။ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်တာမျိုးကို ပြောတာပေါ့။ ဒီနေရာမှာ ဆရာကြီးက ကျင့်ဝတ်အနေနဲ့ပြောတဲ့အခါ မှန်ကန်မျှတခြင်းလို့ ပြောတယ်။
အဲဒီတော့ လူမှာ လုပ်နေတဲ့အလုပ်တွေ၊ ဆောင်ရွက်နေတဲ့ တာဝန်ဝတ္တရားတွေ အများကြီးရှိတယ်။ အဲဒီတာဝန်ဝတ္တရားတွေ ဆောင်ရွက်တဲ့အခါမှာ ဒီဥပေက္ခာက သိပ်အရေးကြီးတယ်၊ မှန်ကန်မျှတခြင်းဆိုတာ သိပ်အရေးကြီးတယ်။ ဒါမရှိဘူးဆိုရင် အရေးကြီးတာတော့ လေးခုလုံးပေါ့နော်။ ဒီဗြဟ္မစိုရ်လေးခု မရှိဘူးဆိုလို့ရှိရင် ဟာမိုနီက ပျက်သွားပြီ၊ လူ့အသိုင်းအဝိုင်းက အန္တရာယ်ရောက်သွားနိုင်တယ်။ အစဉ်အဆက် တည်ဆောက်ထားတာတွေ အကုန်လုံး ပျက်စီးသွားနိုင်တယ်။
လူ့အဖွဲ့အစည်းရှင်သန်မှုအမတ၊ လူ့အဖွဲ့အစည်းအလိုက် အမတဖြစ်ဖို့၊ လူ့အဖွဲ့အစည်း မသေဖို့၊ လူ့အသိုင်းအဝန်းကြီး ပျက်စီးမသွားဖို့ဆိုလို့ရှိရင် ရည်မှန်းချက်ရယ်၊ တာဝန်ဝတ္တရားရယ်၊ ကျင့်ဝတ်ရယ်ဆိုတဲ့ မဏ္ဍိုင်ကြီးသုံးခုက အရေးကြီးတယ်။ ရည်မှန်းချက်မှာ ဘာပါလဲဆိုလို့ရှိရင် လွတ်မြောက်မှုရယ်၊ ရှင်သန်မှုရယ်၊ ရိုင်းပင်းမှုရယ်။ အဲဒီထဲမှာ ရိုင်းပင်းမှုဆိုတာ ဒီမေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဆိုတဲ့ ကျင့်ဝတ်ပါပဲ။ အဲဒီကျင့်ဝတ်ဗြဟ္မစိုရ်မရှိဘဲနဲ့ ရိုင်းပင်းမှုဆိုတာ ဖြစ်ကို မလာနိုင်ဘူး။ တယောက်နဲ့တယောက် ရိုင်းပင်းကူညီမှုမရှိဘူးဆိုရင်လည်း ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လူက ကိုယ့်ထီးတည်း ဘာမှ ရှင်သန်လို့ မရဘူး။ ကိုယ့်တဖွဲ့တည်း ရှင်သန်လို့ မရဘူး။ ကိုယ့်တစုတည်း၊ ကိုယ့်တမျိုးတည်း ရှင်သန်လို့ မရဘူး။ ငါတို့အမျိုးသာလျှင် မြတ်တယ်၊ ငါတို့ဘာသာသာလျှင် မြတ်တယ်။ ငါတို့အဖွဲ့အစည်းသာလျှင် ကောင်းတယ်။ ငါတို့ပါတီကသာ တော်တယ်လုပ်လို့ မရဘူး။ အဲဒါဆိုရင် ပျက်စီးခြင်းငါးပါး ဆိုက်သွားမယ်နော်။ အဲဒီအယူအဆဝင်သွားပြီဆိုရင် လွတ်မြောက်မှုကို သွားထိခိုက်တယ်။ ဘာလို့ဆို သူများကို သွားချုပ်ျယ်မယ်၊ ကန့်သတ်မယ်၊ ပုံသွင်းမယ်၊ Brain washတွေ လုပ်မယ်။ အဲဒီလို လွတ်မြောက်မှုကို ကန့်သတ်တဲ့ဘက် ရောက်သွားမယ်။ အဲဒီဟာဆိုလို့ရှိရင် သွားပြီပေါ့နော်။
ကာမဆက်ဆံမှုနဲ့ ပတ်သက်တဲ့အစွန်းနှစ်ခုမှာ ကာမကိစ္စကို ရှုတ်ချပြစ်တင်တဲ့တခုက လူ့မျိုးဆက်ပြန့်ပွားရေးကို အတွေးအခေါ်အရ ထိန်းးချုပ်ပြီး ကာမအရသာခံစားဖို့ သက်သက်တခုက လုပ်ငန်းစဉ်အရ ထိန်းချုပ်တယ်။ အဲဒါဆို ကျုပ်တို့ ဒီလူ့မျိုးဆက်ရှင်သန်ရေးတွေက မလွယ်တော့ဘူး။ အဲဒီတော့ ဘာသာရေးပုဂ္ဂိုလ်တွေဘက်ကလည်းပဲ လူ့မျိုးဆက်ရှင်သန်ရေးမှာ သူတို့ရဲ့ကျင့်သုံးပုံတွေ၊ ကာမကိစ္စကို ရှုတ်ချတဲ့ သဘောထားတွေကို ပြန်သုံးသပ်ဖို့လိုတယ်။ ပြီးရင် ကာမဂုဏ်ကို စွန့်ပြီးတော့ ဘာသာရေးကျင့်သုံးတဲ့ပုဂ္ဂိုလ်တွေ အရေအတွက် အများကြီး ဖြစ်လာတာကရော လူ့မျိုးဆက်ပြန့်ပွားရေးမှာ ဘယ်လောက်အထိ ထိခိုက်နိုင်လဲ။ အိမ်ထောင်မဖက်ရတဲ့ ဘာသာတိုင်းမှာ အရွယ်ငယ်ငယ်တွေ၊ လူငယ်လူရွယ်တွေမှာ ဘုန်းကြီးတွေ၊ မယ်သီလတွေ များလာတာ အဆင်ပြေရဲ့လားပေါ့၊ ရေရှည်မှာ အဆင်ပြေပါ့မလားပေါ့။ ဒါတွေလည်း ဆွေးနွေးကြဖို့လိုမယ်။ နောက်တခါ ကာမဂုဏ် ခံစားမှုရေးရာဘက်မှာပဲ ဦးစားပေးသွားတဲ့ အုပ်စုတွေ များလာတာကကော ရေရှည်မှာ အဆင်ပြေရဲ့လားပေါ့။
လူ့အဖွဲ့အစည်း အဆင်ပြေရေးကို ခဏထားအုံး၊ အဲဒီနှစ်အုပ်စုဘဝ ရှေ့ရေး အဆင်ပြေဖို့ဆိုရင်လည်းပဲ အဲဒီနှစ်အုပ်စုက လူတွေဟာ မျိုးဆက်ပွားနေတဲ့သူတွေကို မလွဲမသွေ ကူညီဖို့ လိုတယ်၊ ပံ့ပိုးဖို့ လိုတယ်။
အခု ဒီမှာဆိုရင် Single mother တွေကို ရှုတ်ချနေတာတွေ ရှိတယ်။ Single mother တွေက တကယ့်တာဝန်ကြီးတွေကို ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ။ အဲဒီပုဂ္ဂိုလ်တွေကို ရိုင်းပင်းဖို့၊ ကူညီဖို့ လိုတယ်။ သူတို့အပေါ်မှာ ဗြဟ္မစိုရ်တွေ ထားဖို့ လိုတယ်။ ပံ့ပိုးဖို့ လိုတယ်။ တကယ်တော့ မျိုးဆက်ပွားနေတဲ့သူတိုင်းကို ပံ့ပိုးဖို့ လိုတယ်။ နောက်တခါ ပွားထားတဲ့ မျိုးဆက်တွေကို ကလေးသူငယ်တွေကို ကျကျနန စောင့်ရှောက်ဖို့လည်း လိုတယ်။ ကလေးသူငယ်တွေ လမ်းပေါ်မှာ ရှိနေတာကတော့ သိပ်ရင်နာဖို့ ကောင်းတယ်။ တချို့တွေက မျိုးဆက်ပွားထားတယ်။ မျိုးဆက်ပွားထားပြီးတော့ တာဝန်ဝတ္တရားပိုင်းကို သူ့တယောက်တည်း အဆင်ပြေပြေ မဆောင်ရွက်နိုင်တာတွေ ရှိတယ်။ ဒါဆိုရင် လူ့အဖွဲ့အစည်းက ပြန်ကူညီရမှာပေါ့၊ ပြန်အားပေးရမှာပေါ့။ လူ့အဖွဲ့အစည်းက ပြန်တာဝန်ယူရမှာပေါ့။ လူ့အဖွဲ့အစည်းရဲ့ ဗြဟ္မစိုရ်ကိစ္စ ဖြစ်သွားတာပေါ့။
အဲဒီတော့ လမ်းပေါ်မှာ ကလေးတွေ ရောက်နေတာ၊ မိဘမဲ့ ကလေးဂေဟာတွေ စားဝတ်နေရေး ခက်ခဲနေတာတွေ လုံးဝ မဖြစ်သင့်ဘူး။ အဲဒါတွေကို ဝိုင်းပြီးတော့ ပံ့ပိုးဖို့ လိုတာပေါ့နော်။
လူ့အဖွဲ့အစည်း အဆင်ပြေရေးကို ခနထားအုံး၊ အဲဒီနှစ်အုပ်စု ဘဝရှေ့ရေး အဆင်ပြေဖို့ဆိုရင်လည်းပဲ အဲဒီနှစ်အုပ်စုကလူတွေဟာ မျိုးဆက်ပွားနေတဲ့သူတွေကို မလွဲမသွေ ကူညီဖို့ လိုတယ်၊ ပံ့ပိုးဖို့ လိုတယ် ဆိုတာကို ဆက်ပြောကြသေးတာပေါ့။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar