ကိုအောင်မှိုင်း - ဥပေက္ခာတံတိုင်း
ကိုအောင်မှိုင်း - ဥပေက္ခာတံတိုင်း
(မိုးမခ) အောက်တိုဘာ ၂၄ ၊ ၂၀၂၃
အခါခါ
ကြွေနေရတယ်
လေထဲမှာ
အောက်စီဂျင် နည်းလွန်းတယ်။
မုန်တိုင်းကျတိုင်းသာ
သင်္ဘောမှောက်လို့က
ကမ္ဘာကြီးက ငိုချင်းချလိမ့်မယ်။
နံနက်ခင်းဆိုတာ
စကြဝဠာဟိုဘက်က
သစ်တောက်ငှက်တကောင်။
နာရီတလုံးကို
ဘက်ထရီဖြုတ်လိုက်ရင်
အချိန်ဆိုတာ နေ့နဲ့ ညပဲ။
တခါတရံ
ရှင်သန်ဖို့အတွက်
ကျောခိုင်းလိုက်ရတယ်။
နံရံကို လှဲဖို့
သွေးသံရဲရဲ
ခေါင်းတွေ လိုတယ်။
ပန်းတခင်းအတွက်
အနမ်းခြင်းတွေမှာ
တစ်တိုနီတာတွေ လိုတယ်။
မိုးကောင်းကင်
ကြည်လင်နေဖို့
ဒရုန်းတွေ ပျံဝဲနေရမယ်။
အနာဂတ်ကို
ယုံကြည်သူတွေတွက်
လက်တွေတိုင်းမှာ AK47 လိုတယ်။
ကဗျာမှာ
ပေါင်း နုတ် မြှောက် စား
ဖော်မြူလာတွေ မလိုဘူး။
လွတ်လပ်ခြင်းဆိုတာ
လိုအပ်ခြင်းရဲ့
အသိအမှတ်ပြုချက်လို့
အိန်းဂျဲက ဆိုတယ်။
မေ ဝတ္ထုမှာ
တာရာရဲ့ လေနုအေးကို
တမ်းတစွဲလမ်းမိတယ်။
လင်းယုန်တို့အတွက်
သစ္စာတရားဆိုတာ
မေ့တတ်သူတွေကို
ဥပေက္ခာပြုလိုက်ခြင်းပါပဲ။