Breaking News

၃ နှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ထောင်ဝင်စာတွေ့ခွင့် ပြန်ဖွင့်ဖို့ပြင်၊ ၃ နှစ်နီးပါးကာလ အကျဥ်းထောင်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၂ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၂၃


၃ နှစ်ကျော်ကြာ ပိတ်ပင်ထားတဲ့ ထောင်ဝင်စာတွေ့ခွင့် ပြန်ဖွင့်ဖို့ပြင်၊ ၃ နှစ်နီးပါးကာလ အကျဥ်းထောင်ထဲက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ

၂၀၂၀ ပြည့်နှစ် မတ်လမှာ ကိုဗစ်ကူးစက်ရောဂါကို ကပ်ဘေးရောဂါ တရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကြေညာလိုက်ပြီးနောက် မြန်မာနိုင်ငံထဲမှာလည်း ကိုဗစ်ကူးစက်ရောဂါ နဲ့ ဆက်နွယ်ပြီး ကန့်သတ်ချက်တွေ ချမှတ်ခဲ့ကြရာမှာ ညမထွက်ရ အမိန့်လို ကန့်သတ်ချက်တွေ ခရီးသွားလာမှု ကန့်သတ်ချက်တွေနဲ့အတူ အကျဥ်းထောင်ထဲက ပြစ်ဒဏ်ချ အကျဥ်းသားနဲ့ အမှုရင်ဆိုင်ဆဲ အချုပ်သားတွေအားလုံးရဲ့ ထောင်ဝင်စာ တွေ့ခွင့်တွေကိုပါ ကူးစက်ရောဂါ ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ထောင်ဝင်စာပိတ်ပင်လိုက်တဲ့ အချိန်က ရေတွက်ရင် ၃ နှစ်ခွဲကျော်ကြာပြီးနောက် ယခုအောက်တိုဘာလ က စလို့ ထောင်ဝင်စာတွေ့ခွင့် ပြန်ပေးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အန္တရာယ်က ၂၀၂၂ ခုနှစ်ကတည်းက လျော့ကျလာခဲ့ပေမယ့်လည်း အာဏာသိမ်း စစ်ကောင်စီက အကျဥ်းထောင်တွေထဲက ချုပ်နှောင်ခံထားရသူတွေ အများစုဟာ နိုင်ငံရေး နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရသူတွေ ဖြစ်တာကြောင့် ပြင်ပမိသားစုနဲ့ အဆက်ဖြတ်ထားပြီး စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းမှုတခုအဖြစ် ထောင်ဝင်စာတွေ့ခွင့်ကို ဆက်လက်ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုကာလအတွင်းမှာ အင်းစိန်ထောင်က အကျဥ်းသားတွေအတွက် ပါဆယ်ထုပ် လက်ခံရာနေရာမှာ ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပြီး လူသိများတဲ့ နိုင်ငံရေးအကျဥ်းသား တဦးရဲ့ မိခင်အပါအဝင် အခြားသော သူတွေပါ သေဆုံး ဒဏ်ရာရခဲ့ကြတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အကျဥ်းထောင်ထဲ အကျဥ်းကျခံနေရတဲ့ အကျဥ်းသားတွေနဲ့ မိသားစုတွေ တွေ့ခွင့်ပိတ်ပင်ထားမှုဟာ စစ်ကောင်စီ လက်ထက် များစွာသော လူ့အခွင့်အရေးချိုးဖောက်မှုတွေ အနက်က တခုဖြစ်ပြီး မိသားစုဝင်တွေနဲ့အတူ အကျဥ်းကျသူတွေကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတခုလည်း ဖြစ်ပါတယ်။ 

အခု ၃ နှစ်ခွဲအကြာမှာ ထောင်ဝင်စာ ပြန်တွေ့ခွင့်ပြုမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က မကြာသေးခင်က စစ်ကောင်စီအတွင်း ဝန်ကြီးအပြောင်းအလဲတွေ လုပ်ရာမှာ ပြည်ထဲရေး ဝန်ကြီးတာဝန်ကို NLD လက်ထက်ဖြစ်တဲ့ ၂၀၂၀ခုနှစ် ဖေဖေါ်ဝါရီလက စတင်တာဝန်ယူခဲ့တဲ့ ဒု ဗိုလ်ချုပ်ကြီးစိုးထွဋ် နေရာမှာ ဒုဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ အစားထိုးခန့်အပ်ပြီး တလကျော်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

စစ်အာဏာ မသိမ်းမီ ဆယ်စုနှစ် တခုနီးပါးကာလအတွင်း အကျဥ်းထောင်ထဲက အကျဥ်းသားတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေး အကျဥ်းဦးစီးဌာန ထောင်လက်စွဲ၊ အစရှိတဲ ကျင့်သုံးမှုဆိုင်ရာတွေမှာ လူ့အခွင့်အရေး ရှုထောင့်က ကြည့်ပြီး ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့ရာမှာ အကျဥ်းကျသူတွေရဲ့ ပြောဆိုမှုတွေ အပေါ်မူတည်ပြီး အကျဥ်းထောင်ဟာ အတိုင်းအတာတခုအထိ ပြောင်းလဲလာခဲ့တယ်လို့ သိရှိခဲ့ကြရပါတယ်။ သို့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အတွင်း အကျဥ်းထောင်တွင်း အခြေအနေတွေက ၂၀၁၁ ခုနှစ် မတိုင်ခင်က အခြေအနေမျိုးထက်ပိုဆိုးတဲ့ အနေအထား ပြန်ရောက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ အကျဥ်းထောင်အတွင်း ရိုက်နှက်နှိပ်စက် ညှင်းပန်းမှုတွေ၊ အသက်ဆုံးရှုံးသည်အထိ ရိုက်နှက်မှုတွေ၊ ထောင်ဝင်စာ တွေ့ခွင့်ကို ကူးစက်ရောဂါ အကြောင်းပြ ပိတ်ပင်ထားမှု၊ ကျန်းမာရေး အခြေအနေဆိုးရွားနေပေမယ့်လည်း ပြင်ပဆေးရုံမှာမှာ တင်ခွင့်မရပဲ အသက်ဆုံးရှုံးရတဲ့ အဖြစ်အပျက်တွေ စစ်ကောင်စီလက်ထက် ဖြစ်ပွားလာနေပြီး လက်ရှိလည်း ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ 

အကျဥ်းထောင်တွေရဲ့ ထောင်ပိုင်တွေကိုလည်း အကျဥ်းဦးစီးက လုပ်သက်ရင့် ဝန်ထမ်းကနေ ထောင်ပိုင်ဖြစ်လာသူတွေထက် စစ်တပ်ဘက်က အရပ်ဘက်ကိုပြောင်းလာတဲ့ စစ်အရာရှိအသွင်ပြောင်းတွေ နဲ့ အစားထိုးတာတွေ ပိုမိုများပြားလာတာ တွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက် အကျဥ်းထောင် ဆူပူမှုတွေ၊ ထွက်ပြေးမှုတွေ၊ အကျဥ်းထောင်တွင်း ဆန္ဒပြမှုတွေ မကြာခဏ ဆိုသလိုဖြစ်ပွားနေပြီး အကျဥ်းထောင်ဆူပူမှုတွေနဲ့ ထွက်ပြေးမှုတွေမှာ အကျဥ်းသား အသက်ဆုံးရှုံးရတဲ့ အဖြစ်တွေလည်း တကြိမ်မက ရှိခဲ့တာတွေ့ရပါတယ်။ မကြာသေးခင်က ထားဝယ်အကျဥ်းထောင်က ပြင်ပ အလုပ်ထွက်လုပ်တဲ့ အကျဥ်းသားတွေက ထောင်ဝန်ထမ်း ၂ ဦးကို သတ်ဖြတ်ပြီး စစ်ကောင်စီဆန့်ကျင်ရေး  လက်နက်ကိုင် အဖွဲ့တွေထိန်းချုပ်တဲ့ ဒေသတွေဆီထွက်ပြေး တိမ်းရှောင်သွားကြတဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါ့အပြင် မကြာခင် လပိုင်းတွေမှာ အကျဥ်းထောင်ပြောင်းဖို့ ဆိုပြီး အကျဥ်းထောင်တခုကနေ အခြားတခုကို ပြောင်းဖို့ခေါ်ထုတ်သွားတဲ့ လမ်းမှာ ထွက်ပြေးလို့ ပစ်ခတ်ရင်း သေဆုံးသွားရတယ်ဆိုတဲ့ နိုင်ငံရေး ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျသူတွေလည်း အများအပြားရှိလာတာ ဖြစ်ပါတယ်။ ပဲခူးတိုင်းထဲက တောင်ငူ၊ ဒိုက်ဦး အကျဥ်းထောင်တွေ၊ မကွေးတိုင်း မန္တလေးတိုင်းထဲက အကျဥ်းထောင်တွေမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေ ပြောဆိုချက်အရ သိကြရပေမယ့် ဘယ်လိုဘယ်ပုံ ကျူးလွန်သလဲ၊ လက်သည်တရားခံက စစ်တပ်၊ ရဲ သို့မဟုတ် အကျဥ်းဦးစီး ဝန်ထမ်း ဘယ်သူဘယ်ဝါဆိုတဲ့ အသေးစိတ် အချက်အလက်တွေ ပေါ်ထွက်လာခြင်း မရှိပါဘူး။ 

 အဆိုပါ အခြေအနေတွေဟာ စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာတဲ့ အကျဥ်းထောင်နဲ့ ရဲဘက် စခန်းတွေက အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေ နဲ့ အသက်ဆုံးရှုံးရမှု အခြေအနေတွေ ဖြစ်ပါတယ်။ ထောင်ဝင်စာ ပိတ်ပင်ထားတဲ့ ကာလတွေအတွင်း အကျဥ်းထောင်တွေထဲမှာ ဖြစ်ပျက်နေတဲ့ ဖြစ်ပွားမှုတွေ နဲ့ပတ်သက်လို့ သတင်းအချက်အလက် အတည်ပြုဖို့ ခက်ခဲသလို ဖမ်းဆီးခံရပြီးနောက် သေဆုံးသလား အသက်ရှင် ရှိနေသေးသလား အတည်မပြုနိုင်တဲ့ အဖြစ်အပျက်တွေလည်း များစွာရှိနေခဲ့တာဖြစ်လို့ အခုလို ထောင်ဝင်စာတွေ့ခွင့် ပြန်ပေးလိုက်တဲ့နောက် အချို့သော သတင်းအချက်အလက်တွေ ကို အတည်ပြုနိုင်ကောင်း ပြုနိုင်မယ်လို့ မျှော်လင့်ရတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar