Breaking News

ကသောင်းကနင်း ဆယ်စုနှစ်တွေနဲ့ ကမ္ဘာ့အရေး မြန်မာ့အရေး


မြန်မာနွေဦး ခရိုနီကယ် - အောက်တိုဘာ ၂၃ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၂၃


ကသောင်းကနင်း ဆယ်စုနှစ်တွေနဲ့ ကမ္ဘာ့အရေး မြန်မာ့အရေး 

ကမ္ဘာ့အရေးလို့ ဆိုလိုက်လို့ နိုင်ငံတကာအရေးကိစ္စ ကမ္ဘာ့အရေးကိစ္စတွေကို လူတတ်လုပ်ပြီး သုံးသပ်ဖို့ ဆိုတာထက် မြန်မာနိုင်ငံရဲ့ ပြဿနာတွေ ကြုံနေရချိန်မှာ ဆက်စပ်နေတဲ့ ကမ္ဘာ့အရေး နောက်ခံနဲ့ နှိုင်းယှဥ်စဥ်းစားကြဖို့ တွေးတောကြည့်မိတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ကမ္ဘာတခွင် လတ်တလော ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ လားရာ၊ လက်နက်ကိုင် ပဋိပက္ခ၊  စီးပွားရေး အတားအဆီး၊ ကိုယ်ကျိုးစီးပွားကာကွယ်မှု၊ လူ့အခွင့်အရေး စံနှုန်း၊ ဒီမိုကရေစီစံနှုန်း၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် စံနှုန်း၊ သတင်းလွတ်လပ်ခွင့်၊ လူနည်းစု အခွင့်အရေးစတဲ့ လစ်ဘရယ်ဒီမိုကရေစီ စံနှုန်းတွေကို အင်အားကြီးနိုင်ငံတွေက ဘေးခဏချထားကြပြီး အခုလတ်တလော အားပြိုင်မှုမှာ လူ့အခွင့်အရေးစံနှုန်း၊ ဒီမိုကရေစီစံနှုန်းဆိုတာထက် အကျိုးစီးပွား ရလဒ်အပေါ် အခြေခံပြီး အလောင်းအစားပြုကြတဲ့ အနေအထားမျိုး ဖြစ်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ကမ္ဘာမှာ အမျိုးသားရေးကို လက်ကိုင်ပြုပြီး နိုင်ငံသားတွေကို စည်းရုံးတဲ့ ခေါင်းဆောင်တွေ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးကို အားပေးတဲ့ ခေါင်းဆောင်တွေ၊ စစ်အင်အား တည်ဆောက်ပြီး နိုင်ငံလုံခြုံရေးကို ခိုင်မာအောင် လုပ်မယ်ဆိုတဲ့ ခေါင်းဆောင်တွေနဲ့ အဲဒီလို တဖက်က စစ်အင်အားတည်ဆောက်နေတဲ့ အရာတွေကို တန်ပြန်ရမယ်ဆိုတဲ့ အမျိုးသားရေး ဝါဒီတွေ၊ လူကြိုက်များတဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေး၊ လွတ်လပ်စွာကုန်သွယ်ရေး၊ ကမ္ဘာ့ရွာ အယူအဆတွေကို ခဏဘေးဖယ်ထားပြီး ကုန်သွယ်ရေး နဲ့ ရန်ဘက်နိုင်ငံတွေကို ဒဏ်ခတ်မယ် ပိတ်ဆို့မယ်ဆိုတဲ့ ခေါင်းဆောင်တွေ အယူအဆတွေက အားကောင်းလာကြတဲ့ ကာလ ဆယ်စုနှစ်တွေထဲ ကျရောက်နေတဲ့ သဘောလည်းတွေ့ရမှာ ဖြစ်ပါတယ်။ 

အမျိုးသားလုံခြုံရေး ဆိုတဲ့စကားလုံးတွေကို အသုံးချပြီး စည်းရုံးတာတွေ လူထုကို ခြောက်လှန့်သိမ်းသွင်းတာတွေ၊ လူနည်းစုရဲ့ အခွင့်အရေး ဆိုတာထက် လူများစုလုံခြုံရေးက ပိုအရေးကြီးတယ်ဆိုတဲ့ အယူအဆတွေက လက်တွေ့ အာဏာချိန်ခွင်လျှာ ညှိကြတဲ့အခါ အနိုင်ရနေကြပြီး စစ်စရိတ်တွေ တိုးမြှင့်ကြ၊ စစ်လက်နက်တွေ အလျင်မီအောင် ထုတ်လုပ်ဖို့ ကြိုးစားနေကြရတဲ့ ကာလထဲ ကျရောက်နေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ်လို စစ်ပွဲတွေကို ကိုယ်တိုင်တိုက်ခိုက်ကြတဲ့ ခေတ်ကာလမျိုးမဟုတ်တော့ပဲ စစ်တိုက်ဖို့ စိတ်အားထက်သန်တဲ့ နိုင်ငံတွေကို တိုက်ခိုက်အောင် လက်နက်ထောက်ပံ့ပြီး မိမိရဲ့ ရန်သူနိုင်ငံတွေကို စစ်ပွဲထဲဆွဲနှစ်ရင်း အင်အားချိနဲ့အောင် လုပ်ကြတဲ့ ကာလမျိုး ခေတ်မျိုးရောက်နေတာလည်း ဖြစ်ပါတယ်။ ပထမနဲ့ ဒုတိယ ကမ္ဘာစစ်တွေတုန်းက ကမ္ဘာ့နိုင်ငံရေးက သမရိုးကျ နိုင်ငံရေးမျိုးထဲမှာသာ ရှိနေကြတာဖြစ်လို့ တဆင့်ခံစစ်ပွဲတွေ၊ အငှားစစ်ပွဲတွေ မပေါ်ပေါက်သေးတဲ့ ကာလဖြစ်ပါတယ်။ မဟာမိတ်ဖွဲ့ဖို့ စစ်ပွဲထဲပါဝင်လာဖို့ စည်းရုံးတာတွေ ရှိကြပေမယ့် မိမိတို့နဲ့ အကျိုးစီးပွားဆန့်ကျင်ဘက်၊ ပြိုင်ဘက်တွေကို အတည့်အလင်း တိုက်ခိုက်ကြတာမျိုး ဖြစ်ခဲ့တာပါ။ အခုခေတ်မှာတော့ ဝါဒဖြန့်ချိရေး စစ်ပွဲ၊ စီးပွားရေး ပိတ်ဆို့မှုစစ်ပွဲတွေက လက်နက်ကိုင် စစ်ပွဲတွေ မရှိသည့်တိုင် ဖြစ်ပွားနေကြပြီး လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ဖို့လည်း အားပေးအားမြှောက်ပြုကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ကမ္ဘာမှာ ရွေးကောက်ပွဲနဲ့ အာဏာရလာကြတယ်ဆိုတဲ့ အစိုးရတိုင်းလည်း ဒီမိုကရေစီ အစိုးရ၊ လူ့အခွင့်အရေး လူနည်းစု အခွင့်အရေး ဒီမိုကရေစီစံနှုန်း လူသားချင်းစာနာမှု စံနှုန်းတွေကို လေးစားတန်ဖိုးထားတဲ့ အစိုးရလို့ သတ်မှတ်လို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ 

ယမန်နှစ်ဆန်းမှာ ဥရောပမှာ စတင်ဖြစ်ပွားတဲ့ ယူကရိန်း-ရုရှားစစ်ပွဲက အနောက်ဥရောပ အဖို့ ဒီအလောင်းအစားပွဲမှာ ဝင်မပါရင် မဖြစ်လောက်အောင် ရုရှားက ယူကရိန်းရဲ့ ပိုင်နက်အချို့ကို ကျူးကျော်မှုထက်ပိုပြီး မှတ်ယူကာ လက်နက်နဲ့ ငွေကြေးအများအပြားပံ့ပိုးပြီး ယူကရိန်းဘက်ကနေ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ ရုရှားရဲ့ ယူကရိန်းနိုင်ငံထဲ ဝင်ရောက်တိုက်ခိုက်မှုဟာ နေတိုးလို့ခေါ်တဲ့ အနောက်ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ အင်အားတိုးချဲ့မှုကို ခြိမ်းခြောက်မှု အပြင် အနောက်ဥရောပ ဒီမိုကရေစီကို ခြိမ်းခြောက်မှု ကွန်မြူနစ်လို့ မခေါ်ဆိုနိုင်တော့ပေမယ့် စျေးကွက်စီးပွားရေး စနစ်ကျင့်သုံးတဲ့ အာဏာရှင်စနစ်တပိုင်း အင်အားကြီးနိုင်ငံကို ဝိုင်းပတ်ထိန်းချုပ်ကြရမယ့် စစ်ပွဲအဖြစ် ပုံဖေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီစစ်ပွဲ ၁ နှစ်ခွဲကျော်လာချိန်မှာ ဆယ်စုနှစ်များစွာ မငြိမ်းချမ်းခဲ့တဲ့ အရှေ့အလယ်ပိုင်းက ပါလစ္စတိုင်းနဲ့ အစ္စရေးလ်ရဲ့ ပဋိပက္ခမီးတောက်က ထတောက်လာချိန်မှာ ကမ္ဘာနိုင်ငံအများအပြားက ဒီပဋိပက္ခရဲ့ အကျိုးသက်ရောက်မှု၊ ပဋိပက္ခမှာ ပါဝင်ပတ်သက်မှုတွေ ရှိလာကြမယ့် အနေအထားလည်း ဖြစ်ပါတယ်။ 

အကြမ်းဖက်မှု နည်းလမ်းတွေ အသုံးပြုပြီး အစ္စရေးလ်ကို တိုက်ခိုက်ခဲ့တဲ့ ဟားမားစ် စစ်သွေးကြွ အဖွဲ့ကို ချေမှုန်းဖို့ဆိုတဲ့ ခိုင်လုံတဲ့ အကြောင်းပြချက်နောက်မှာ ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဗြိတိန်တို့က ရပ်တည်ပေးကြပြီး အရှေ့အလယ်ပိုင်းက အာရပ်နိုင်ငံတွေက ပါလစ္စတိုင်း ပြည်သူတွေကို အရပ်သား နဲ့ စစ်သွေးကြွ ဟားမားစ်လက်နက်ကိုင် အဖွဲ့ဝင် မခွဲခြားဘဲ ဗုံးကြဲတိုက်ခိုက်နေကြတာကို ဆန့်ကျင်ရပ်တည်ကြတဲ့ စစ်ပွဲတခုက အခုမှ စတင်ရုံရှိသေးတာ ဖြစ်ပါတယ်။ 

ကမ္ဘာမှာ ဒီလို ၂ နေရာထဲ စစ်မီးတောက်လောင်နေတယ် ဆိုပေမယ့် စစ်ဖြစ်နိုင်ခြေ အင်အားကြီးနိုင်ငံအချင်းချင်း အကြား ကြားခံ စစ်ပွဲဖြစ်နိုင်ခြေတွေက အရှေ့အာရှ ဖြစ်တဲ့ ထိုင်ဝမ် အရေးကိစ္စလို၊ တောင်တရုတ်ပင်လယ်က ကျွန်းတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံအရေးကိစ္စလိုမျိုးတွေလည်း အရံ အဖြစ်အပျက်တွေ အဖြစ် ရှိနေကြတာတွေ့ရမှာ ဖြစ်ပါတယ်။ 

ကမ္ဘာကြီးက ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုဝင်ရောက်စကာလတွေ ကလို ၊ ကမ္ဘာကြီးဟာ လစ်ဘရယ် နိုင်ငံရေး အယူအဆ၊ စျေးကွက်စီးပွားရေး စနစ်၊ လူ့အခွင့်အရေး၊ တိုးတက်ဖွံ့ဖြိုးလာတဲ့ အင်တာနက်နဲ့ ကမ္ဘာ့ရွာ အယူအဆတွေ ခေတ်စားခါစကာလလို အနာဂတ်ကို အကောင်းမြင် မျှော်လင့်စရာ အခြေအနေမျိုး မဟုတ်တော့ပါဘူး။ 

တိုးတက်လာတဲ့ နည်းပညာတွေကို မိမိတို့ နိုင်ငံအတွင်း၊ မိမိတို့ အုပ်စုနိုင်ငံတွေအတွင်း ကန့်သတ်သုံးစွဲဖို့ ခေတ်မီနည်းပညာပစ္စည်းတွေ ကို နိုင်ငံရေး အရမဟာမိတ်မဟုတ်တဲ့ နိုင်ငံတွေဆီ မရောင်းချဖို့ ကန့်သတ်ချက်တွေ ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒတွေ၊ ကမ္ဘာအနှံ့ ဖြန့်ကြက်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အနက် နည်းပညာဆိုင်ရာ ပစ္စည်းထုတ်လုပ်မှုတွေကို ပြန်လည်စုစည်း ရွှေ့ပြောင်းလုပ်ကိုင်ဖို့ မူဝါဒ ချမှတ်ကြတဲ့ ကာလဆီ ဦးတည်နေကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ မိမိတို့ပြည်တွင်းက စစ်အာဏာရှင်နဲ့ ဒီမိုကရေစီ တိုက်ပွဲထဲ နစ်မြုပ်နေပြီး ကမ္ဘာ့အရေးတွေထဲ ဝင်ပါဖို့ အင်အား၊ သြဇာမရှိတာ မှန်ပေမယ့်လည်း မြန်မာ့အရေးမှာ ပါဝင်ထောက်ခံ အားပေးနေကြတဲ့ နိုင်ငံတွေက လက်ရှိ ကမ္ဘာကြီးရဲ့ ဟိုနေရာသည်နေရာမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်သူတွေ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့အရေးတွေ ပိုပြီးရှုပ်ထွေးလာခြင်းကြောင့် မြန်မာ့အရေးကို သတ်သတ်မှတ်မှတ် အားပေးထောက်ခံဖို့ အခွင့်အလမ်း လျော့ကျလာနိုင်တာလည်း ရှိနေသလို၊ ကမ္ဘာ့အရေးတွေမှာ မိမိတို့နဲ့ မဟာမိတ် အဖွဲ့အစည်း နိုင်ငံတွေက ပြုမူကျင့်သုံးနေတာတွေနဲ့ ပတ်သက်လို့လည်း ဝေဖန်ပြောဆိုဖို့ ခက်ခဲတဲ့ အခြေအနေတွေလည်း ကြုံတွေ့ကြရနိုင်တာ ဖြစ်ပါတယ်။ မိမိတို့ ကိုင်စွဲတဲ့ လူ့အခွင့်အရေးစံနှုန်း၊ လူနည်းစု အခွင့်အရေးကို လေးစား အသိအမှတ်ပြုမှု၊ ရလဒ်အကျိုးစီးပွားထက် တရားမျှတမှု စံနှုန်းကို ဦးစားပေးမှုတွေ ကို ဘေးဖယ်မထားဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။ တော်လှန်ရေးလို့ဆိုရင် အာဏာရှင်၊ စစ်အာဏာရှင် စနစ်တွေ၊ ဗိုလ်ကျ စိုးမိုးတဲ့ အယူအဆတွေကို တော်လှန်သလိုပဲ အတွေးအခေါ် တော်လှန်ရေး အယူအဆတော်လှန်ရေးကလည်း အသက်တမျှ အရေးကြီးပြီး စံနှုန်းတွေကို ဘေးဖယ်ချမထားဖို့ လည်း အရေးကြီးတာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar