ရဲဘော်တေး - စခန်းတရာ တပတ်ကြာ
ရဲဘော်တေး - စခန်းတရာ တပတ်ကြာ
(မိုးမခ) နိုဝင်ဘာ ၄ ၊ ၂၀၂၃
Oct22 မှာ Operation 1027-3BHA ပေ့ချ်ဖွင့်။
၂၇ ရက်မှာ MNDAA ကို မိတ်ဆက်တဲ့ နိက္ကမ ဇာတ်လမ်းတို ယူကျူ့မှာတင်။ တလှိုင်းပြီး တလှိုင်း လာမယ် မက်ဆေ့ကို ပြည်သူ့ထံပေးပို့ စိတ်ဓာတ်မြှင့်။
အဲဒီနေ့မှာ မနက် ၆ နာရီကစပြီး ပြည်ထောင်စုလမ်းမကြီး အရေးပေါ်ပိတ်ပင်ကြောင်း ကြေညာချက်ထုတ်။ ရည်ရွယ်ချက်က ရှမ်းမြောက်အထူးဒေသ (၁) က စကစစခန်းတွေ တိုက်ထုတ်ဖို့၊ ကျဖျင်ကုမ္ပဏီတွေ ရှင်းဖို့နဲ့ ကျဖျင်အကာအကွယ်ပေးတပ်တွေ စစ်အင်အား မတိုးချဲ့နိုင်ဖို့။
ပြီးတော့ စစ်ဆင်ရေးကြီး စတင်ကြောင်း ပြည်သူတရပ်လုံးအတွက် အိတ်ဖွင့်ပေးစာထုတ်။
စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ဖို့နဲ့ နိုင်ငံတကာအသိုင်းအဝန်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်မှုမှာ ပါဝင်တဲ့အနေနဲ့ ကျဖျင်တွေကို အားပေးကာကွယ်နေတဲ့ စစ်အာဏာရှင်နဲ့သူ့ကျွန်ပြည်သူစစ်တွေကို တိုက်ဖျက်ဖို့လို့ပြော။
အဲဒီ Operation 1027ဟာ MNDAA+TNLA+AA ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့စစ်ဆင်ရေးအဖြစ် သုံးဖွဲ့ပေါင်းစာထုတ်။
၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး ပထမနေ့ ကနဦး တိုက်ပွဲသတင်းများထုတ်ပြန်။
မြန်မာပြည်သူတရပ်လုံးရဲ့ လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် (၂၇) ရက်နေ့ နံနက် (၀၄:၀၀) ခန့်တွင် MNTJP / MNDAA ၏ တပ်မဟာ ၂၁၁၊ ၅၁၁၊ ၆၁၁ တို့မှ ချင်းရွှေဟော်၊ ကွမ်းလုံ၊ မုံးကိုး၊ လားရှိုး၊ နန်ကျွမ်းဒေသများရှိ စကစတပ်များနဲ့ တိုက်ပွဲဖြစ်။
နံနက် ၅:၀၀ခန့်မှာ ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနှင့် လားရှိုးရှိ စစ်ရေးအဓိကကျနေရာများ သိမ်းပိုက်ချေမှုန်း။
နံနက်ပိုင်းတွင် PSLF/TNLA မှ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃) မိုင် တပ်စခန်း၊ ၁၂-မိုင် တပ်စခန်း၊ မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့အား ၁၀၂၇ စစ်ဆင်ရေးစတင်သည်နှင့်တပြိုင်နက် တိုက်ခိုက် သိမ်းပိုက်။
တိုက်ပွဲအတွင်း ရန်သူ့အလောင်း (၁၈) လောင်း၊ M16- ၃လက်၊ ငါးကြင်းမီး- ၁လက်၊ MA4- ၂လက်၊ MA3- ၁၁လက်၊ 60MM- ၂လက်၊ ပစ္စတို- ၁လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ M9- ၇လုံး၊ RPG- ၅၀လုံး၊ 60MM ဗုံးသီး- ၃၀ လုံး၊ 60MM ကျည်- ၁၀၀လုံး၊ မိုင်း- ၄လုံး၊ ကျည်ဆံ- ၁၀၀၀၀ လုံး(တစ်သောင်းကျော်) နှင့် စစ်အသုံးအဆောင်ပစ္စည်းများရရှိ။
တပ်မဟာ (၆) စစ်ဒေသ၊ လာရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကိုလည်း နံနက်ပိုင်း ၅း၂၀တွင် တိုက်ခိုက်ခဲ့ပြီး နေ့လယ်၁၂း၀၀တွင် ၎င်းစခန်းကို သိမ်းပိုက်နိုင်ခဲ့။ သေနတ် (၁၄) လက်၊ RPG (၁) လက်၊ 60MM- (၂ လက်)၊ စက်လက်အကြီး (၁) လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ RPG ကျည်- ၃၀ လုံး၊ 60MM ကျည်- ၅၀လုံး၊ မိုင်း၊ ကျည်ဆံအမြောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိ။
၂၈ ရက် ထုတ်ပြန်ချက်
ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်၌ ကျန်ရှိနေသော စခန်းအချို့အား နေ့လယ် ၂း၀၀ ဝန်းကျင်တွင် တစ်ခုမကျန် ရှင်းလင်းနိုင်။ ၁၀၂၇ စစ်ဆင်ရေး-ဒုတိယနေ့အဖြစ် စခန်း (၄) ခုအား ထပ်မံသိမ်းပိုက်ထားပြီး။ လေထီးဖြင့် လာချပေးသော စစ်အသုံးအဆောင်ပစ္စည်း၊ ရိက္ခာထုပ် (၁၀) ထုပ်စလုံးအား တစ်ခုမကျန် သိမ်းဆည်းရမိထားပြီးဖြစ်။
၂၈ ရက်တိုက်ပွဲ နောက်ဆက်တွဲသတင်းများကို ကိုးကန့်မီဒီယာက ၂၉ ရက်နေ့မှာ ထုတ်ပြန်။
MNDAAက ကိုးကန့် ၊ မုံးကိုး ၊ လားရှိုး ၊ မူပန် ၊ နမ့်ဆလပ်ရှိ စကစ တပ်စခန်းပေါင်း (၁၁) ခုကို တိုက်ခိုက်သိမ်းယူ။ စစ်သုံ့ပန်း (၁၀) ဦး ဖမ်းဆီးရရှိ။
ယခုလက်ရှိ သိမ်းယူနိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းစုစုပေါင်းမှာ (၅၇ )ခု ရှိ။
မုံးကိုးဒေသတိုက်ပွဲ
MNDAA က မုံးကိုးခရိုင် မန်ယန်ဒေသရှိ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ကာ ၂၈ ရက်နေ့ ညအချိန်တွင် ၎င်းတပ်စခန်း၏ (၁) ၊ (၂) ၊ (၃) နေရာ (၃) ခုကို သိမ်းယူနိုင်။ ၂၉ ရက် နံနက်အချိန် ၎င်းတပ်စခန်းကို ဆက်လက် ထိုးစစ်တိုက်ခိုက်ခဲ့ပြီး ၁၀း၁၅ ခန့်တွင် ကျန် (၄) ၊ (၅) (၆) နေရာ (၃) ခုတို့ကို ဆက်လက်သိမ်းယူ။ လက်ရှိ မုံးကိုးခရိုင် မန်ယန်ဒေသရှိ တပ်စခန်းအားလုံးကို (MNDAA) မှ တိုက်ခိုက်သိမ်းယူ။ ၁၀း၂၅ခန့်တွင် မုံးကိုးခရိုင်၊ ကွမ်ထန်ပေါက်ပေါက်တောင်ကုန်း၏ မျက်နှာချင်းဆိုင် အမည်မသိတောင်ကုန်းတစ်ခုပေါ်ရှိ တပ်စခန်းကို ထိုးစစ်တိုက်ခိုက်သိမ်းယူ။
လားရှိုးမှ နမ့်ဆလပ်စစ်ဆင်ရေး
နံနက် ၄း၄၀မှ ၆း၄၀ တွင် (MNDAA) က လားရှိုးအရှေ့ဘက် ကွမ်ယုံပေါက်ပေါက်တောင်ကုန်းရှိ တပ်စခန်း (၂) ခုကို ထိုးစစ်တိုက်ခိုက်။ ဒရုန်းကို နှောက်ယှက်စေနိုင်သည့် စက်ပစ္စည်းအချို့နှင့် စစ်ပစ္စည်းအချို့ သိမ်းဆည်းရရှိ။ စစ်သုံ့ပန်း (၄) ဦး ဖမ်းဆီး။ ၉း၄၅ တွင် မူပန်ရဲစခန်းကို တိုက်ခိုက် သိမ်းယူခဲ့ပြီး ပီစတို (၄) လက် အပါအဝင် စစ်ပစ္စည်းအချို့ရရှိ။ ၉း၀၀ မှ ၁၀း၁၅ ခန့်တွင် မာချီနှောတပ်စခန်းကို တိုက်ခိုက်သိမ်းယူ။ ၎င်းတပ်စခန်းကို ဒုတိယအကြိမ် တိုက်ခိုက်သိမ်းယူခြင်းဖြစ်။ ပထမအကြိမ် ၎င်းတပ်စခန်းကို တိုက်ခိုက်ပြီးနောက် ထွက်ခွာခဲ့ရာ စကစတပ်ဖွဲ့များမှ နောက်တစ်ကြိမ် ပြန်ဝင်ရောက်နေထိုင်။ နမ့်ဆလပ်ရဲစခန်းကို တိုက်ခိုက်သိမ်းယူခဲ့ကာ မြန်မာငွေ သိန်း (၂၀၀) ကျော်နှင့် အခြားပစ္စည်းများ ရရှိခဲ့။
ကိုးကန့်ဒေသတိုက်ပွဲ
တုံရှမ်းဒေသ ရန်သက်ရှမ်း တောင်ကုန်းပေါ် ရှိ စကစ တပ်စခန်းကို နှစ်ရက်ကြာ အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူ။ ၎င်းတပ်စခန်းက တပ်ဖွဲ့ဝင်များ အရပ်ဝတ်နဲ့ထွက်ပြေး။ စစ်သုံ့ပန်း (၈) ဦး ဖမ်းမိ။ အလောင်း (၇) လောင်းတွေ့။ ၁၀း၁၅ ခန့်တွင် ရာခုတ်ကိုင်ရွာ အနောက်ဘက်တောင်ကုန်းရှိ တပ်စခန်းကိုသိမ်း။ နံနက် ၃း၈ ခန့် နှင့် ၉း၀၀ခန့် တွင် တိုက်လေယာဉ်ဖြင့် ကိုးကန့်ချင်းရွှေဟော်ဒေသ မာလီဖင်ရွာနှင့် ညိုဖင်ကျီပရွာကို ဗုံးကြဲပစ်ခတ်ကာ အရပ်သား နေအိမ်များ ဖျက်ဆီးခံရ။ လူဒဏ်ရာရ သေဆုံးမှု မရှိ။ နောက်သတင်းအချက်အလက်အရ (၁၆) စကခမှူး ထိုးစစ်တိုက်ခိုက်ချိန် ကျဆုံးဟု သိရ။ အချက်အလက် မှန်ကန်မှုကို စုံစမ်းနေဆဲ။
၂၉ ရက်၊ ၁း၃၀ ထုတ်ပြန်ချက်
၂၉ ရက်၊ နံနက် ၄း၀၀ခန့်တွင် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာရှိ တပ်စခန်းအား အပြီးသတ်တိုက်ခိုက် ချေမှုန်းခဲ့။ မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းကျေးရွာဘက်တွင် နံနက် ၅း၀၀ ခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်လာသည့် စကစတပ်အား TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့မှ အကောင်းဆုံးခုခံတိုက်နိုင်ခဲ့။ နံနက် ၇း၃၀ ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာဖြစ်သော နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာအား ဂျက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့။
နံနက် ၃း၀၈ ခန့်တွင် ချင်းရွှေဟော်ဒေသ၊ မာလီလင်ရွာအား တိုက်ပွဲမရှိဘဲ ဂျက်တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်တစ်လုံးပေါ် ဗုံးသီးကျရောက်ပေါက်ကွဲခဲ့။ နံနက် ၉:၀၀ တွင် ချင်းရွှေဟော်ဒေသ၊ ညိုဖင်ကျီပရွာအတွင်းသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာတွင်းနေအိမ်အများအပြား ပျက်စီး။ သိန္နီရဲစခန်းကို နံနက် ၁၀း၃၀ ခန့်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့။ နံနက် ၄း၄၀ မှ ၆း၄၀ ထိ လားရှိုးမြို့၊ အရှေ့ဘက် (၄၀၀) ကီလိုမီတာကျော် အကွာအဝေးရှိ စစ်စခန်း (၂) ခု တပြိုင်တည်းသိမ်းပိုက်နိုင်ခဲ့။
နံနက် ၁၀:၁၅ တွင် ချင်းရွှေဟော်ဒေသ ယာခုတ်ကိုက်စခန်း သိမ်းပိုက်နိုင်။ နံနက် ၁၀:၀၀ ကျော်တွင်လည်း မုံးကိုးခရိုင် နမ်ယမ်တပ်စခန်း သိမ်းပိုက်နိုင်။
၃၀ ရက်၊ ညနေ ၄:၀၅ ထုတ်ပြန်ချက်
လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းအား ၃၀ ရက်၊ နံနက် ၄:၁၅ မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်။ ဖောင်းဆိုင်ဖက်တွင် လောလောဆယ် စခန်း ၄ ခု သိမ်းပိုက်ရရှိထား။ ကွမ်လုံမြို့ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား။ ရဟတ်ယာဥ်၊ ဂျက်တိုက်လေယာဉ်များဖြင့် မုံးကိုးမြို့၊ မန်ယန်၊ ပန်ဆိုင်းတလျှောက် ဗုံးကြဲ။
ကိုးကန့်သတင်းမီဒီယာ၊ ၃၀ ရက်နေ့ ထုတ်ပြန်ချက်
၃၀ ရက်၊ နံနက် ၁း၃၅ ခန့်တွင် မဟာမိတ်အဖွဲ့မှ မူပန်(သိန္နီ)တံတားကြီးကိုဖောက်ခွဲခဲ့။ စစ်ကောင်စီ၏ မြေပြင်စစ်ကူလမ်းကြောင်းများကို တားမြစ်နိုင်။ နံနက် ၂း၄၅ တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်သောကြောင့် ဟိုရင့်ရွာသား ၃ ဦး ဒဏ်ရာရရှိပြီး နေအိမ် ၅ လုံး ဖျက်ဆီးခံရ။ MNDAA မှ ဒဏ်ရာရလူနာများကို အချိန်မီလာရောက် ကုသကယ်ဆယ်။
နံနက် ၉း၂၂ တွင် တိုက်လေယာဉ်နဲ့ မန်ယန်မှ ဖောင်းဆိုင်လမ်းကြားရှိ လုံဖိုင်နှင့် လုံကျန်ဒေသများကို ၃ ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်။ နံနက် ၉း၃၈ တွင် MNDAA မှ မာလင်ရှူရွာ၏အပေါ်ဘက်၊ဖောင်းဆိုင်၏ လက်ယာဘက်ခြမ်း ခရစ်ယာန်ကျောင်းရှိ စကစတပ်ကို ထိုးစစ်တိုက်ခိုက်ခဲ့ပြီး ၁၀း၀၀ တွင် သိမ်းယူနိုင်။ ၉း၅၅ တွင် MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီ၏ မန်ယန်ရှေ့တန်း အမှတ် (၁၀) တပ်စခန်း တိုက်ခိုက်သိမ်းယူ။
အောက်တိုဘာလ (၂၉) ရက်နေ့ တိုက်ပွဲသတင်းပေါင်းချုပ်ကို ကိုးကန့်သတင်းမီဒီယာမှ ၃၀ ရက်နေ့ထုတ်ပြန်ချက်
ကိုးကန့်တိုက်ပွဲ
MNDAA က ရန်သက်ရှမ်း (ရန်တော်စံ)စခန်းကို နှစ်ရက်ဆက်တိုက် ထိုးစစ်ဆင်ပြီးနောက် (၂၉) ရက်၊ နေ့လယ် ၁၂း၀၀ တွင် သိမ်းယူ။ တိုက်ပွဲတွင် စကစတပ်ဖွဲ့နှင့် ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင် (၁၇) ယောက် ချေမှုန်း၊ (၃၂) ဦး ကို ဖမ်းဆီးရမိကာ စစ်ပစ္စည်းအချို့လည်း သိမ်းဆည်းရရှိ။ ကျန်သူများ အရပ်ဝတ်စုံ လဲဝတ်ထွက်ပြေး။ အချို့စစ်သုံ့ပန်းသည် ထွက်ပြေးနေစဥ်မှာ ဖမ်းဆီးခံရခြင်းဖြစ်။ ညနေ (၁၆း၁၅) နာရီတွင် MNDAA သိမ်းယူလိုက်သော တပ်စခန်းကို တိုက်လေယာဉ်ဖြင့် တစ်ကြိမ် လာရောက် ဗုံးကြဲ။
နံနက် ၈း၃၀ ခန့်တွင် MNDAAက စကခ (၁၆) လက်အောက်ခံ တပ်ရင်း (၅၆၇) အခြေချနေထိုင်သော ရာခုတ်ကိုင်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်။ (၂) နာရီကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ၁၀း၃၀ ခန့်တွင် စစ်ကောင်စီ၏ (၁၀) နှစ်ကျော် အခြေချနေထိုင်လာသော တပ်စခန်းကို သိမ်းယူနိုင်။ တိုက်ပွဲတွင် စစ်သုံ့ပန်း (၁) ယောက် ဖမ်းဆီးရရှိပြီး ၆၀ မမ ကျည် (၃၁) လုံး ၊ လက်ပစ်ဗုံး (၁၄၂) လုံး ၊ အီနာဂါဗုံး (၃) လုံး ၊ RPG-၇ ကျည် (၁၈) လုံး ၊ ကျည်ဘောက် (၅) ခု ၊ စက်လက်ကျည် (၁၅၀၀)တောင့် ၊ 5.56 ကျည် (၂၂၀၀) ကျော် ၊ နင်းမိုင်း (၂) ခု ၊ စစ်မြေပုံ (၁) ချပ်နှင့် ဘက်ထရီ (၁) လုံး စသည့်စစ်ပစ္စည်းများ သိမ်းဆည်းရရှိ။
ညနေ ၁၅း၂၇ ခန့်တွင် ရန်သက်ရှမ်း(ရန်တော်စံ)စခန်းသို့ စစ်ကူလာသော စကစအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ခဲ့။
မုံးကိုးတိုက်ပွဲ
(၂၉) ရက်နေ့ နံနက် (၈း၄၄) မှစ၍ MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့တို့ ပူးပေါင်းပြီး မုံးကိုးဒေသ မန်းယန် ၊ ကွမ်ထန် ၊ ပိုက်ဖိန်ပေါက်ပေါက်တောင်ကုန်း ၊ ဖောင်းဆိုင် ၊ ကွမ်းလွန် စသည့်နေရာရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ခုချင်းစီ အမြစ်ပြတ် တိုက်ခိုက်သိမ်းယူ။ ညနေ (၁၈း၂၆) နာရီအချိန်တွင် စုစုပေါင်းတပ်စခန်း (၁၂) ခု အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရရှိ။ ဖောင်းဆိုင်တိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ကြီး တပ်ဆင်ထားသော သံချပ်ကာ ကားတစ်စီးကို ထပ်မံ ဖျက်ဆီး။
နံနက် (၆း၄၀) နှင့် (၁၃) နှစ်ခုတွင် MNDAA သည် မိုင်းကျက်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့နှင့် ဒေသလုံခြုံရေးအဖွဲ့တို့၏ ပူးပေါင်းစစ်ဆင်ရေးဖြင့် နန်ကျွမ်းဒေသရှိ ချိန်ရှောက်လူ ပြည်သူ့စစ်ကို စည်းရုံးနိုင်ခဲ့ကာ လူအင်အား (၃၀) ကျော်ကို ပြန်လည်ဖွဲ့စည်း။
မူပန်(သိန္နီ) စစ်တိုက်ပွဲ
(၂၉) ရက် နံနက် (၄း၄၀) တွင် MNDAAက လားရှိုးအရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ “ကွမ်ယုံယာယီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး( ၆း၄၀)တွင် သိမ်းယူ။ စစ်သုံ့ပန်း(၄)ယောက်ဖမ်းဆီးရရှိ။ ၆၀ မမ ကျည်(၈၄)လုံး၊ လက်ပစ်ဗုံး(၈၈)လုံး ၊ စနတ်တံ(၁၉)ချောင်း ၊ 5.56 ကျည်ဘောက်(၁)ခု ၊ ရိုင်ဖယ်(၁၀)လက် ၊ MG3စက်လက် (၂)လက် ၊ MG3 သေနတ်ပြောင်း(၁)ချောင်း ၊ စိန်ပြောင်း (၁)လက်၊ စကားပြောစက်(၁၈)ခု ၊ စက်လက်ကျည် (၁၂၀၇)တောင့်၊ ကျည်တွဲ(၇)တွဲ ၊ ဆက်သွယ်ရေးစက် (၁)လုံး ၊ ရိုင်ဖယ်ကျည်ဘောက်(၃၈)ခု စသည့်ပစ္စည်းများ သိမ်းဆည်းရရှိ။
ထို့နောက် မူပန်ရဲစခန်း ၊မူပန်တံတား ၊ နမ့်ဘွမ်တပ်စခန်း ၊ နမ့်ဘွမ်ရဲစခန်းနှင့် မာချီနှောစခန်းစသည့် စခန်း (၅) ခုကို ထိုးစစ်တိုက်ခိုက်သိမ်းယူ။ နမ့်ဘွမ်စခန်းသိမ်းပွဲတွင် စကစဘက်မှ (၁) ယောက် ကျဆုံးပြီး (၅) ယောက် ဒဏ်ရာရ။ လက်ပစ်ဗုံး (၅) လုံး ၊ ၄၀ မမကျည် (၂၈) လုံး ၊ ရှေ့ထွက်မိုင်း (၃) ခု ၊ စကားပြောစက် (၂) ခု ၊ 5.56 ကျည် (၁၃၂) တောင့် စသည့် စစ်ရေးပစ္စည်းများကို သိမ်းဆည်း။
(၂၉) ရက်နေ့ တစ်နေ့တာ တိုက်ပွဲများတွင် MNDAA မှ တပ်စခန်းပေါင်း (၂၁) ခု သိမ်းယူ။ အောက်တိုဘာ (၂၇) ရက်မှ ( ၂၉) ရက်နေ့အထိ (၃) ရက်တာအချိန်ကာလတွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ တပ်စခန်း (၆၇) ခု သိမ်းယူနိုင်။
မြေပြင်သတင်းအချက်အလက်အရ-အောက်တိုဘာ ( ၂၈) ရက်နေ့မှစပြီး စစ်ကောင်စီတပ်ဖွဲ့သည် မြန်မာ-တရုတ်နယ်စပ် ရန်လုံကျိုင့် နယ်စပ်ဂိတ်နှင့် နယ်စပ်မှတ်တိုင် (၁၂၇)ကြားတွင် မိုင်းထောင်ထားသည်ဟုသိရ။ နယ်စပ်မှတ်တိုင် (၁၂၃) မှ (၁၂၆)ကြားတွင် မိုင်းများပို၍ သိပ်သည်းလာသည်ဟု သိရှိရ။ အောက်တိုဘာ( ၂၈) ရက်တိုက်ပွဲတွင် ကိုးကန့်ခရိုင် ရှိယွင်ကျီရွာရှိ စစ်ကောင်စီ၏ (၁၂၈) ဗျူဟာကုန်းမှ ဒု-ဗျူ ဟာမှူးသည် မိုင်းဟွာချင်း ရာခုတ်နေရာတွင် ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးခဲ့ပြီး (၁) ယောက် ဒဏ်ရာရရှိခဲ့သည်ဟု သိရှိရ။
ယခုရက်ပိုင်းတိုက်ပွဲများတွင် ရက္ခိုင့်တပ်တော် (AA) မှ တပ်ရင်း(၃၃) (၁၁၃) တို့ အပါအဝင် တပ်ရင်း (၁၀) ရင်းခန့် MNDAA တပ်ဖွဲ့နှင့်ပူးပေါင်းပြီး စစ်ဆင်ရေး Operation ကြီးကို အတူတကွ လက်တွဲဆောင်ရွက်ခဲ့။ ထို့ပြင် ညီနောင်တအာင်းတပ်တော်အဖွဲ့အစည်းသည်လည်း ပြည်ထောင်စုလမ်းမတလျှောက်တွင် ပူးတွဲ စစ်ဆင်ရေးများကို လုပ်ဆောင်နေ။
၃၀ ရက်ထုတ်ပြန်ချက်
ဖောင်းဆိုင်မြို့ကို ယနေ့ည (၆) နာရီပတ်ဝန်းကျင်တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိ။
၃၁ ရက်တိုက်ပွဲသတင်းများ
၃၀ ရက်နေ့တွင် နမ့်ခမ်းမြို့ရှိ မန်ခမ်းစုပေါင်းစစ်ဆေးရေးဂိတ်စခန်းအား TNLA နှင့် ပူးပေါင်းအဖွဲ့တို့မှ ချေမှုန်းတိုက်ခိုက်။ စကစဘက်မှ (၃) ဦး သေဆုံးခဲ့ပြီး ဒု-ရင်းမှူးအပါဝင် (၈) ဦး ဒဏ်ရာပြင်းထန်။ ၃၀ ရက် နံနက် (၄:၁၅) မှစတင်၍ (၃၁) ရက်နေ့အထိ လားရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းအား ဆက်လက်ချေမှုန်းတိုက်ခိုက်နေဆဲဖြစ်။ ၃၁ ရက် နံနက်ပိုင်း (၄:၀၀) တွင် လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ မိုင်းပါးတပ်စခန်းကို အပြီးသတ်ချေမှုန်း တိုက်ခိုက်ခဲ့။
၃၁ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းနှိုးဆော်ချက်ထုတ်။
လက်နက်အပ် အလင်းဝင်ဖို့။ လူသားဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာ မထိခိုက်စေကြောင်းအာမခံ။ မိသားစုနှင့်ပေါင်းစည်းနိုင်အောင်ကူညီ၊ လမ်းစရိတ်ကူမည်။
၃၁ ရက်နေ့ တိုက်ပွဲနောက်ဆက်တွဲသတင်းများ
နိုဝင်ဘာလ (၁) ရက် နေ့လယ် (၂:၁၀)ထုတ်ပြန်ချက်
TNLA က နေ့လယ် ၂း၃၀ တွင် နမ့်ခမ်းမြို့နယ်၊ ကံ့ကော်တောင်တပ်စခန်း။
နေ့လယ် ၃း၁၅ တွင် မူဆယ်မြို့နယ် (၁၀၅) မိုင်ရှိ စစ်ကောင်စီနှင့် ပူးပေါင်း ပ.သ.စ တပ်စခန်း (၄၅၆၁)။
နေ့လယ် ၂း၀၀တွင် နမ့်ခမ်းမြို့နယ်၊ စစ်ကောင်စီ၏ ဟတ်ယိုင် (ဟဲယိုင်) တပ်စခန်း။
နံနက် ၄း၀၀ တွင် လားရှိုးနှင့် သိန္နီမြို့ကြား မိုင်းပါးတပ်စခန်း။
ကွတ်ခိုင်မြို့နယ်၊ ရှုခင်းသာတပ်စခန်းအား ၂၇ ရက်နေ့တွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး ၃၁ ရက်နေ့တွင် အပြီးသတ်ချေမှုန်း သိမ်းပိုက်ခဲ့။ စစ်သုံ့ပန်း (၄) ဦး အား လက်နက်အပြည့်အစုံဖြင့် တပ်မဟာ (၁) မှ ဖမ်းဆီးရရှိပြီး ကောင်းမွန်စွာ ထိန်းသိမ်းထား။
TNLA နှင့် ပူးပေါင်းအဖွဲ့များသည် လားရှိုးမြို့နယ်၊ မိုင်းကျက် တပ်စခန်းအား စစ်ဆင်ရေး (၅) ရက်မြောက်နေ့တွင် ဆက်လက်ထိုးစစ်ဆင်ခဲ့ပြီး ၃၁ ရက်နေ့တွင် စစ်ကောင်စီက စစ်ကူအဖြစ် ဂျက်ဖိုက်တာဖြင့် (၈) ကြိမ်၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် (၄) ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့။ ကျောက်မဲမြို့နယ်ဘက်တွင် စစ်ကောင်စီသည် ကျောက်မဲမှ ၁၂၀/၁၀၅ ဟောင်ဝစ်ဇာအမြောက်ကြီးများဖြင့် အောက်တိုဘာလ (၃၁) ရက်နေ့တွင် ပန်စံကျေးရွာဘက်သို့ ရမ်းသန်းပစ်ခတ်ခဲ့။
MNDAA က ၃၀ ရက်၊ ညနေ (၅:၂၀) ခန့်တွင် မူပန် (သိန္နီ) ဒေသ၊ ဟိုပန် ကျေးရွာ၊ မိုင်းတင်ရာဘာတောင်ကုန်းတွင် အခြေစိုက်ထားသော စစ်ကောင်စီတပ်စခန်း (၁) ခုသိမ်း။
AA က နာတီရွာတဝိုက်တွင် အခြေချနေသော ပြည်သူ့စစ်စခန်းအား အပြီးသတ်သိမ်း။
ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသော ဟိုကျီတုံတပ်စခန်း (၂) ခုအား ၃၀ ရက် နံနက်ပိုင်းတွင် စတင်ထိုးစစ်ဆင်ခဲ့ပြီး နံနက် (၈:၂၀) ခန့်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကာ ရှင်းလင်းရေးလုပ်ငန်းများအား ဆောင်ရွက်။
စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၁) ဦးပါဝင်သော ကွမ်းလုံမြို့နယ်တောင်ပိုင်းရှိ ကံမိုင်းဒေသတွင် အခြေစိုက်ထားသော ခလရ (၁၄၃) တပ်ရင်း တရင်းလုံးသည် ၃၁ရက်နေ့တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့ထံသို့ လာရောက်လက်နက်ချပြီး စစ်လက်နက်ပစ္စည်းခဲယမ်းများနှင့် တပ်စခန်းကို အပ်နှံထားခဲ့သည်။ အဆိုပါ ခလရ (၁၄၃) တွင် ဒု-တပ်ရင်းမှူး (၁) ဦး နှင့် တပ်ခွဲမှူး (၂) ဦး ပါရှိကြောင်း သိရှိရပြီး အသာတကြည် လက်နက်ချသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကိုးကန့်တပ်မတော် (MNDAA) မှ လုံခြုံဘေးကင်းသော နေရာသို့ ရောက်ရှိအောင် စီစဉ်ဆောင်ရွက်ခဲ့သည်။
နိုဝင်ဘာလ (၁) ရက် ည ၇:၃၀ ထုတ်ပြန်ချက်
၁ ရက်၊ နံနက် (၄:၀၀)ခန့်တွင် MNDAA၊ AA နှင့် မူပန် (သိန္နီ) ဒေသလုံခြုံရေးအဖွဲ့တို့က ကွမ်းလုံမြို့နယ် အမြောက်တပ်ရင်း (၁၂၇) စခန်းအား စတင် ထိုးစစ်ဆင်ခဲ့ပြီး နံနက် (၄:၁၀) အချိန်ခန့်တွင် ၎င်းစခန်း၏ ဒုတိယတန်း ကာကွယ်ရေးစစ်ကြောင်းအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်ခဲ့။
နံနက် (၇:၀၀) အချိန်ခန့်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ မန်တုံပတပ်စခန်းအား အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့။
နံနက် (၉:၀၈)ခန့်တွင် ကိုးကန့်ခရိုင်၊ မုံးကိုးတိုက်ပွဲအတွင်း မြေပြင်ရှင်းလင်းရေးများ လုပ်ဆောင်နေချိန်တွင် ရန်သူ့စစ်သုံ့ပန်း (၃) ဦးဖမ်းဆီးရရှိခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်း။
TNLA က ကွတ်ခိုင်မြို့နယ်၊ မိုင်းယု- နမ့်ဖတ်ကာကြားရှိ ရင်ကွဲတောင်တပ်စခန်းအား နေ့လည် (၃း၁၅) အချိန်ခန့်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်။
မူဆယ်-နမ့်ခမ်းမြို့ အဝင်တွင်ရှိသော စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအခြေစိုက် မန်ခမ်းတပ်စခန်းအား နေ့လယ် (၃:၄၅) အချိန်ခန့်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်။
ညနေ (၄း၃၀) ခန့်တွင် နောင်ချိုမြို့နယ်၊ အုမ္မခါးဘက်တွင် စစ်ကား (၂၂) စီးဖြင့် စစ်ကူများရောက်ရှိလာသဖြင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်။
နေ့လယ် (၁၁:၁၅) ခန့်တွင် ကျောက်မဲမြို့နယ်၊ (၅၀၂) တပ်စခန်းမှ နောင်ပြစ်ကျေးရွာအနီးသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အုမ္မခါးနှင့် ဆမ်မဆယ်ကျေးရွာအနီးသို့ ဂျက်ဖိုက်တာဖြင့် (၂) ကြိမ်ပစ်ခတ်။
ညီနောင်မဟာမိတ်(၃) ဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ၁၀၂၇ စစ်ဆင်ရေး စတင်သည့်အချိန်မှစ၍ (၆) ရက်တာ ကာလအတွင်း စစ်ကောင်စီ၏ စစ်ရေးအရ အရေးပါသော တပ်စခန်း (၈၇) ခုကျော်အား အပြီးသတ်သိမ်းပိုက်ခဲ့သည်။
တိုက်ပွဲနောက်ဆက်တွဲသတင်းများ
(၂) ရက်နေ့၊ နေ့လယ် (၁:၅၀) ထုတ်ပြန်ချက်
(၁) ရက်နေ့၊ နံနက် (၇:၀၀)ခန့်တွင် ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ မန်တုံပတပ်စခန်းအား အပြီးသတ် သိမ်းပိုက်။ နေ့လယ် (၃:၄၅) ခန့်တွင် မူဆယ်-နမ့်ခမ်းမြို့အဝင် စကစနှင့် ပသစ ပူးပေါင်း မန်ခမ်းတပ်စခန်း၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာရှိ စကစနှင့် စိန်ကျော့ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းအား သိမ်းပိုက်။ နေ့လယ် (၃:၁၅) ခန့်တွင် မိုင်းယု-နမ့်ဖတ်ကာကြားရှိ ရင်ကွဲတောင်တပ်စခန်းအား အပြီးသတ်ချေမှုန်းသိမ်းပိုက်။ ပြင်ဦးလွင်အနီးတွင် စစ်ကောင်စီ၏ သံချပ်ကာ (၂) စီးနှင့် စစ်ကား (၂၂) စီးဖြင့် စစ်ကူလာရာ TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့သည် အုမ္မခါးကျေးရွာအနီး၌ တားဆီးတိုက်ခိုက်။ သံချပ်ကာတစ်စီးကို RPG -7 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုမ္မတီးကျေးရွာဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွား။
(၂) ရက်နေ့၊ နေ့လယ် (၂:၃၀) ထုတ်ပြန်ချက်
အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာလ (၂) ရက်ထိ ၁၀၂၇ စစ်ဆင်ရေး (၇) ရက်တာ ကာလအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီ နှင့် ကြူကုတ် (ပန်ဆိုင်း) မြို့များကို အလုံးစုံ ထိန်းချုပ်နိုင်။
အောက်တိုဘာလ (၃၁) ရက်တွင် ဖောင်းဆိုင်ဒေသတွင် သံချပ်ကာကား (၁) စီးအား ထပ်မံ သိမ်းဆည်းရရှိခဲ့ပြီး စစ်ဆင်ရေး (၆) ရက်တာကာလအတွင်း သံချပ်ကာစုစုပေါင်း (၆) စီးအား သိမ်းဆည်းရရှိ။
၂ ရက် နံနက် (၆:၁၂) ခန့်နှင့် (၇:၄၂) ခန့်တွင် ကိုးကန့်ခရိုင်၊ တုံးရှမ်းဒေသရှိ ရန်သူ့စစ်စခန်း (၂) ခု အား အပြီးသတ်ချေမှုန်း။ နံနက် (၆:၀၀) ခန့်တွင် TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့မှ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနှင့် အုမ္မတီးကျေးရွားကြား စခန်းချထားသော စခန်း (၁) ခုအား ထိုးစစ်ဆင် တိုက်ခိုက်။ TNLA မှ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရဲကင်းအား နေ့လယ် (၁၁း၅၀)ခန့်တွင် သွားရောက်ရှင်းလင်း။
၂ ရက် နေ့လယ် (၂း၂၅) ခန့်တွင် ဂျက်လေယာဉ်သည် ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာတွင်းသို့ တိုက်ပွဲမရှိဘဲ အရပ်သားပြည်သူများ ပစ်မှတ်ထားပြီး ဗုံး (၉) လုံး လာရောက်ကြဲချခဲ့မှုကြောင့် အမျိုးသမီး (၁) ဦး အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ရပြီး လူနေအိမ် (၃) လုံးနှင့် ကာလိုင်စျေးပျက်စီး။
ကိုးကန့်သတင်းမီဒီယာ- ၂ ရက်နေ့ ထုတ်ပြန်ချက်
၂ ရက် ၄း၀၀ ခန့်တွင် (MNDAA) သည် ကိုးကန့်ခရိုင်၊ တုံ့ရှမ်းဒေသ၊ ရှမ်းထုတ်ကျိုင့်ရွာအနီးတွင် အခြေချသောတပ်စခန်းများကို ထိုးစစ်တိုက်ခိုက်လာပြီး (၆း၀၀)တွင် အမြစ်ပြတ်သိမ်းယူနိုင်။ စကစအဖွဲ့ဝင် ၆ ယောက် ချေမှုန်းနိုင်။ ရိုင်ဖယ် (၇) လက် ၊ (၁၀၀) မမစိန်ပြောင်း (၃) လက် ၊ 12.7 mm စက်လက် (၃) လက်၊ Grenade Launcher (၃) လက်၊ MG3 စက်လက် (၃) လက် ၊ ၆၀ မမ စိန်ပြောင်း (၁) လက် စသည့် စစ်ရေးပစ္စည်းများကို သိမ်းဆည်းရရှိ။
ထို့ပြင် ရန်တော်စံစခန်းမှ ထွက်ပြေးခဲ့ကြသော စစ်ကောင်စီ တပ်ပြေးများကိုထပ်မံ ဖမ်းဆီးရမိ။
နံနက် (၇း၃၀) တွင် ဟုန်နီထန်ရွာအနီးရှိ တပ်စခန်းကို စတင် ထိုးစစ် တိုက်ခိုက်။ တိုက်ပွဲ (၁၂) မိနစ်အချိန်သာ ဖြစ်ပွားပြီး ၎င်းစခန်းကို အောင်မြင်စွာသိမ်းယူ။ စစ်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိ။ (၁၀း၁၅) တွင် ကွမ်းလုံအနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီစခန်းကို ထိုးစစ်တိုက်ခိုက်လာပြီး (၁၁း၀၅) နာရီခန့်တွင် သိမ်းယူနိုင်ခဲ့။ မူပန်(သိန္နီ)ဘက်တွင်လည်း မိုင်းတင်လက်ဖက်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်။
ယနေ့သတင်းများ တင်ပြသည့်အချိန်ထိ ညီနောင်မဟာမိတ် (၃) ဖွဲ့မှ စစ်ကောင်စီ၏တပ်စခန်းစုစုပေါင်း (၉၂) ခု သိမ်းယူရရှိခဲ့သည်ဟု သိရှိရပါသည်။
ကိုးကန့်သတင်းမီဒီယာ နိုဝင်ဘာလ ၂ ရက် ထုတ်ပြန်ချက်
ကိုးကန့်တိုက်ပွဲ
(၁) ရက်နံနက် (၇း၀၀)ခန့်တွင် MNDAA က ကိုးကန့်ခရိုင်၊ မန်တုံပဒေသ၊ရှမ့်ရှန်တောင်ကုန်းရှိ တပ်စခန်းကို တိုက်ခိုက်သိမ်းယူ။ ညနေ (၄း၄၂)မှ (၅း၀၀)အထိ တုန်းရှမ်းဒေသ၊ တုန်းရှမ်းထုတ်တောင်ကုန်းစခန်းနှင့် ကွမ်းလုံစခန်းကို ထိုးစစ်တိုက်ခိုက်။ ကွမ်းလုံတိုက်ပွဲတွင် စစ်သုံ့ပန်း (၈) ယောက် ဖမ်းဆီး။ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်း။ စကစက ရန်ခန့် နှင့် ရှောက်တင့်ပဒေသများကို ကို ရဟတ်ယာဥ်ဖြင့် စစ်ပစ္စည်းများကို လေထီးနဲ့ ချပေး။
မုံးကိုးနှင့် ကွတ်ခိုင်တိုက်ပွဲ
(၁) ရက် နံနက် (၉း၀၈)ခန့်တွင် MNDAAတပ်ဖွဲ့နှင့် ဒေသလုံခြုံရေးအဖွဲ့တို့မှ နယ်မြေရှင်းလင်းရေးများ လုပ်ဆောင်နေချိန်တွင် လုံဖိုင်နေရာအနီးမှ စကစတပ်ဖွဲ့ဝင် (၃) ယောက် ဖမ်းဆီးရရှိပြီး တစ်နေ့လုံးတွင် စစ်သုံ့ပန်း စုစုပေါင်း (၅) ယောက်ကို ဖမ်းဆီးရရှိ။ ညနေ (၃း၃၀) တွင် ဒေသလုံခြုံရေးအဖွဲ့သည် ပန်ဆိုင်းရှိ စကစစခန်းကို တိုက်ခိုက်သိမ်းယူ။
မူပန်(သိန္နီ)တိုက်ပွဲ
(၁) ရက် နံနက် (၄း၀၀) ခန့်တွင် မူပန်(သိန္နီ) ဒေသလုံခြုံရေးအဖွဲ့နှင့် (AA) တို့သည် ကွမ်းလုံရှိ အမြောက်တပ်ရင်း (၁၂၇) ကို ထိုးစစ်တိုက်ခိုက်။ (၄း၁၀) နာရီတွင် စခန်း၏ ပထမတန်း ကာကွယ်ရေးစစ်ကြောင်းကို ထိုးဖောက်နိုင်ခဲ့ပြီး ဒုတိယတန်း ကာကွယ်ရေးစစ်ကြောင်းကို ဆက်လက်ထိုးစစ်တိုက်ခိုက်။ နံနက် (၈း၀၀) ခန့်တွင် မူပန်(သိန္နီ)ကျေးရွာအနီးရှိ စကခ (၁၆) ဌာနချုပ်၏ အရှေ့ဘက် မီတာ (၁၅၀) အကွာတွင် MNDAA နှင့် စစ်ကူလာသော သံချပ်ကာအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွား။ (၁) ရက်၊ နေ့လယ် (၁၁း၀၀) ခန့်တွင် MNDAA မှ မူပန်(သိန္နီ) စစ်ကြောင်းကို ကွမ်းလုံတံတားကြီးဘက်သို့ ဦးတည်ပြီး စတင်ပြောင်းရွှေ့လာ။ ညနေ (၄း၂၄) မှ (၅း၂၈)ထိ MNDAA မှ မေဟန်ကျေးရွာရှိ စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်တစ်ခုကို (၃) ကြိမ်တိုင်တိုင် ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်။
(၃) ရက် ညနေ (၅:၁၅) ထုတ်ပြန်ချက်
နံနက် (၆:၅၅) ခန့်တွင် နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ တပ်စခန်းအား အပြီးသတ်ချေမှုန်းသိမ်းပိုက်။ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာ ဖြင့် (၃) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်။ လက်နက် (၄) လက်၊ ၆၀ မမ ဗုံးသီး (၃၀) လုံး၊ RPG အသီး (၈၀) လုံး၊ လက်ပစ်ဗုံး (၅၀) လုံး၊ ကျည်ဆန်အမြောက်အမြားနှင့် စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းရရှိ။
နံနက် (၅:၀၀) ခန့်တွင် မန်တုံရဲစခန်း၊ တစ်ချိန်တည်းတွင် မန်တုံမြို့ရှိ စကစနှင့် ပသစ ပူးပေါင်းတပ်စခန်းတို့ကို အပြီးသတ် ချေမှုန်းသိမ်းပိုက်။
နံနက် (၄:၀၀) ခန့်တွင် မိုးမိတ်မြို့နယ်ရှိ ကွန်ခါတပ်စခန်းအား အပြီးသတ်ချေမှုန်းတိုက်ခိုက်။
နမ့်ခမ်းမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဂျက်တိုက်လေယာဉ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ညသန်းခေါင် (၁၂:၃၀) ဝန်းကျင်တွင် တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်းမရှိ၊ ညီနောင်မဟာမိတ် (၃) ဖွဲ့ လှုပ်ရှားခြင်းလည်းမရှိသော နမ့်ခမ်းမြို့နယ်၊ ဟိုခိုကျေးရွာတွင်းသို့ ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် (၃) လုံး ပျက်စီးခဲ့ရသည်။
အလားတူပင် နံနက်ပိုင်းအချိန်တွင် နမ့်ခမ်းမြို့နယ်၊ လွယ်အင်ကျေးရွာတွင်းသို့လည်း တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်းမရှိ၊ ညီနောင်မဟာမိတ် (၃) ဖွဲ့ လှုပ်ရှားခြင်းလည်းမရှိဘဲ အရပ်သားပြည်သူများကို တမင်ရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးဖြင့် မိုက်ရူးရဲစွာ ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် အရပ်သားကလေးငယ် (၁) ဦးနှင့် ကျေးရွာဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ရသည်။
ရန်သူ့စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရေးအရအရေးပါသော တပ်စခန်းများကို တစ်ပြိုင်နက်တည်း ဆုံးရှုံးလိုက်ရခြင်း၊ စစ်မျက်နှာစာများတွင် ချောင်ပိတ်ခံနေရခြင်း၊ ၎င်းတို့၏တပ်ဖွဲ့ဝင်များနှင့် လက်အောက်ခံပြည်သူ့စစ်များ အကျအဆုံးများလာခြင်းတို့ကြောင့် အရပ်သားပြည်သူများကို ဦးတည်သော လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများကို အကြောင်းမဲ့ ရမ်းသန်းပတ်ခတ်ခြင်းများ ပိုမို ပြုလုပ်လာလျက်ရှိသည်။
တိုက်ပွဲများအတွင်း ရန်သူ့အလောင်းများ၊ စစ်ဘက်ဆိုင်ရာ အချက်အလက်များနှင့် လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရရှိခဲ့ သလို ဖမ်းဆီးရမိသော၊ လက်နက်ချအလင်းဝင်လာသည့် ရန်သူ့တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ဆန္ဒအတိုင်း အကောင်းဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။
မိမိတို့၏ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲတိုက်ပွဲသတင်းများအား အချိန်နှင့်တပြေးညီ ဆက်လက်တင်ပေးသွားပါမည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar