Breaking News

စစ်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခ၊ စစ်ဘေးဒုက္ခသည်တွေ ပိုများပြားလာတဲ့ ကမ္ဘာ့နဲ့ မြန်မာ

မြန်မာနွေဦး ခရိုနီကယ် - နိုဝင်ဘာ ၄ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၃


စစ်ပွဲ၊ လက်နက်ကိုင်ပဋိပက္ခ၊ စစ်ဘေးဒုက္ခသည်တွေ ပိုများပြားလာတဲ့ ကမ္ဘာ့နဲ့ မြန်မာ

ယနေ့ခေတ်ကို ကြည့်ရင် ကမ္ဘာ့နေရာ အနှံ့အပြားမှာ လက်နက်ကိုင် တိုက်ခိုက်ကြတဲ့ စစ်ပွဲကြီးတွေ၊ စစ်ပွဲငယ်တွေ၊ ကြိုကြားကြိုကြား တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှု၊ အလစ်အငိုက် တိုက်ခိုက်မှုတွေက ကမ္ဘာ့နေရာ အနှံ့မှာ ဖြစ်ပွားနေကြတာဖြစ်ပါတယ်။ စစ်ပွဲကြီးတွေလို့ဆိုနိုင်တဲ့ ယူကရိန်း-ရုရှား စစ်ပွဲ၊ စစ်ပွဲငယ်တွေ လို့ဆိုနိုင်တဲ့ အစ္စရေးလ်နဲ့ ဟားမာ့စ်စစ်ပွဲ၊ ယီမင်ပြည်တွင်းစစ်၊ အာဖဂန်က လူမျိုးစုတွေနဲ့ တာလီဘန်တွေရဲ့ စစ်ပွဲ၊ အာဖရိကနိုင်ငံအချို့က စစ်ပွဲတွေ နဲ့ ကျနော်တို့မြန်မာနိုင်ငံက ပြည်တွင်းစစ်ပွဲတွေ ဖြစ်ပါတယ်။ 

၁၉၈၉ ခုနှစ် နိုဝင်လာလ ဘာလင်တံတိုင်းပြိုပြီးနောက်မှာ အရှေ့အုပ်စုလို့ခေါ်တဲ့ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ အုပ်စုရဲ့ အန္တရာယ် မရှိတော့သလောက် အနေအထားမျိုး ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာပေါ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးကြီးမားမား ထပ်ဖြစ်လာဖို့ အလားအလာ သိပ်မမြင်ကြတော့ဘဲ လစ်ဘရယ်ဒီမိုကရေစီနဲ့အတူ စျေးကွက်စီးပွားရေး ဝါဒက ကွန်မြူနစ်၊ ဆိုရှယ်လစ်ဝါဒကို အနိုင်ရသွားတဲ့ အနေအထားဖြစ်ပြီး အမျိုးသားနိုင်ငံတွေ၊ အမျိုးသားရေးဦးစားပေးတဲ့ အစိုးရတွေ အာဏာရလာကြတဲ့ ကာလတခုလည်း ဖြစ်လာခဲ့ပါတယ်။ အင်တာနက်တွေ စတင်သုံးစွဲလာကြတဲ့နောက် ကမ္ဘာကြီးကို ကမ္ဘာ့ရွာလို့ တင်စားခေါ်ဝေါ်ကြရာမှာ ဆက်သွယ်ရေး ကောင်းမွန်ရုံတင်မကပဲ၊ စီးပွားရေး ကုန်ထုတ်လုပ်မှု အပိုင်းမှာပါ လုပ်အားခ စျေးသက်သာတဲ့နေရာ၊ စျေးကွက်ကြီးကြီးမားမားရှိတဲ့ နေရာတွေကို ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ရွှေ့ပြောင်းကြပြီး ကမ္ဘာ့နေရာ အသီးသီးက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ကမ္ဘာ့နိုင်ငံအသီးသီးကို ကောင်းမွန်တဲ့ ဆက်သွယ်ရေး၊ ဝက်ဆိုက်၊ သယ်ယူပို့ဆောင်ရေး စတာတွေနဲ့ ကမ္ဘာ့ရွာအဖြစ် ပြောင်းလဲဖို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

သို့ပေမယ်လို့ အဲဒီအချိန်က အကောင်းမြင်ကြသလို၊ စိတ်ကူးယဥ်ကြသလို ကမ္ဘာကြီးက စစ်ပွဲတွေ၊ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားကြမယ့် အနေအထားမျိုးတော့ မဟုတ်တာ ဆယ်စုနှစ် တခုကျော်အကြာမှာ သတိပြုမိလာကြ ပြီဖြစ်ပါတယ်။ ကမ္ဘာမှာ အင်အားကြီးလာတဲ့ နိုင်ငံအချင်းချင်း စျေးကွက်၊ နည်းပညာ၊ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ၊ သို့မဟုတ် လက်ဦးမှုရယူကာ အသာစီးရထားအောင် ထိန်းချုပ်ကန့်သတ်ထားဖို့ ကြိုးပမ်းလာကြရာက အင်အားကြီးနိုင်ငံတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတွေ၊ ဝါဒဖြန့်မှုတွေ၊ တဖက်ပြိုင်ဘက်ကို လူဆိုးအဖြစ် ပုံဖေါ်မှုတွေ၊ ကိုယ်ကျိုးစီးပွား ကာကွယ်မှုတွေ၊ စစ်ရေးအုပ်စု (တခါတရံ စီးပွားရေးအုပ်စုအသွင်ယူထားတဲ့ ) ဖွဲ့စည်းမှုတွေ ပိုမိုများပြားလာပြီး အယူဝါဒ စစ်ပွဲထက် အကျိုးစီးပွား အခြေပြုစစ်ပွဲတွေအတွက် အုပ်စုဖွဲ့လာကြပြီး ကမ္ဘာကြီးက စစ်အေးခေတ်လိုကာလ ပုံစံမျိုးကို ပြန်လည်ဝင်ရောက်လာတာ ဖြစ်ပါတယ်။ 

နိုင်ငံတကာမှာ စစ်ပွဲတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ အရှိန်ပြန်မြင့်တက်လာတဲ့ ကာလကို ရောက်နေတာ အခုလက်ရှိ ပါလစ္စတိုင်း အစ္စရေးလ် ပဋိပက္ခကို ကြည့်ရင် သိနိုင်ပါတယ်။ ယူကရိန်းစစ်ပွဲ ဖြစ်ပွားပြီးတနှစ်ခွဲ ကျော်အကြာမှာ ယူကရိန်းစစ်ပွဲက အရှုံးအနိုင် ရလာဒ်မထွက်ခင်၊ ငြိမ်းချမ်းရေး မရခင်မှာပဲ ကမ္ဘာရဲ့ အချက်အချာကျတဲ့ နောက်ဒေသ တခုဖြစ်တဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ကြာရှည်နိုင်တဲ့ ကျယ်ပြန့်လာနိုင်တဲ့ စစ်မီးတောက်တခု ထပ်မံတောက်လောင်ခဲ့တာ ဖြစ်ပါတယ်။ 

နိုင်ငံတကာမှာ စစ်ပွဲတွေ ဖြစ်ပွားတဲ့အခါ နိုင်ငံတွေရဲ့ အစိုးရတွေက ဘယ်လို ရပ်တည်သလဲလို့ဆိုရင် အကျိုးစီးပွားကို ပထမ အနေနဲ့ စဥ်းစားတွက်ချက်ပြီး ရပ်တည် ကြတာဖြစ်ပါတယ်။ ဒီစစ်ပွဲက နိုင်ငံရေးအရ၊ စီးပွားရေးအရ ဘာအကျိုးရလဒ် ထွက်မလဲဆိုတာ ပထမဆုံး ဦးစားပေး တွက်ချက်ကြပြီး လူ့အခွင့်အရေး၊ လူနည်းစု အခွင့်အရေး၊ တရားမျှတမှု၊ တန်းတူညီမျှမှု စတာတွေက ဦးစားပေး စဥ်းစားတဲ့အချက်တွေထဲ ပါဝင်လေ့ မရှိတာတွေ့ရမှာဖြစ်ပါတယ်။ လူသားချင်းစာနာမှု၊ တရားမျှတမှု စတဲ့အချက်တွေက ဝါဒဖြန့်ဖို့ ပြောဆိုရာမှာသာ အသုံးချလေ့ရှိကြတာ ဖြစ်ပြီး သက်ဆိုင်ရာ အစိုးရတွေရဲ့ အတွေးထဲမှာ ပထမဆုံး ပေါ်လာတာတွေက အကျိုးစီးပွားတွေ ဖြစ်ပါတယ်။ 

ပါလစ္စတိုင်း-အစ္စရေးလ် ပဋိပက္ခဟာ ကမ္ဘာပေါ်က နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ၊ အာဏာရ အစိုးရတွေရဲ့ မျက်နှာဖုံးတချို့ကို ကွာကျစေတာလည်း ဖြစ်ပါတယ်။ အစိုးရတွေရဲ့ ပေါ်လစီကို နောက်ကွယ်က မောင်းနှင်ပေးနေတဲ့ စစ်လက်နက် စစ်ပစ္စည်း ထုတ်လုပ် ရောင်းချတဲ့ ကုမ္ပဏီကြီးတွေရဲ့ အကျိုးစီးပွား၊ တဖက်ပြိုင်ဘက် ဖြစ်လာနိုင်တယ်လို့ ယူဆတဲ့နိုင်ငံတွေကို ဝိုင်းပိတ်ထိန်းချုပ်ဖို့ ရာမှာ လက်နက်အားကိုးနဲ့ အနိုင်ကျင့်သူတွေကို “မိမိကိုယ်ခုခံပိုင်ခွင့်” ဆိုတဲ့ စကားလုံးကို အသေဆုပ်ကိုင်ကာ အားပေးအားမြှောက်ပြုတာမျိုးတွေ ထင်ထင်ရှားရှား ပေါ်ထွက်လာကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ 

ဒါတွေက လက်ရှိ ကမ္ဘာ့နောက်ခံ အနေအထားဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက အခုလို ကမ္ဘာ့နောက်ခံ အခြေအနေပေါ်မှာ ဒီမိုကရေစီအရေး၊ လူမျိုးစုလွတ်မြောက်ရေး၊ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး ဆိုတဲ့ လက်နက်ကိုင်လှုပ်ရှားမှုကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ အနောက်အုပ်စု၊ ရုရှားနဲ့ တရုတ်တို့ ပါဝင်တဲ့ အုပ်စုတွေအကြား အားပြိုင်မှုနဲ့ မိမိမြေမှာမဟုတ်တဲ့ စစ်ပွဲတွေကို ထောက်ခံအားပေးနေကြတဲ့ ကာလမျိုးမှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်အရေး လှုပ်ရှားမှုကိုတော့ စိတ်ဓါတ်ရေးအရ အားပေးအားမြှောက်ပြုရုံ ပြုကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ မြန်မာ့အရေးက ၄င်းနိုင်ငံတွေအတွက် အကျိုးစီးပွားကြီးကြီးမားမား ရနိုင်တဲ့ စစ်ပွဲမျိုး ပဋိပက္ခမျိုး မဟုတ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မြန်မာ့အရေးမှာ ဘာအကျိုးစီးပွားရဖို့ရှိနိုင်သလဲဆိုတဲ့အချက်၊ နောက်တချက်က တန်ပြန်သက်ရောက်နိုင်မှုတွေကို တွေးဆပြီး လက်နက်ကိုင် ပဋိပက္ခတွေကို ရုပ်ဝတ္ထုအရ ထောက်ခံကူညီတာမျိုးအထိ ထဲထဲဝင်ဝင် မပါဝင်လိုကြဘဲ စိတ်ဓာတ်ရေး အားပေးမှု အဆင့်လောက်နဲ့ နှစ်သိမ့်ကြတာမျိုးလည်း ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက လက်နက်ကိုင် တိုက်ပွဲဝင်သူတွေ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ကြိုးစားတဲ့ အင်အားစုတွေ အဖို့ နိုင်ငံတကာရဲ့ အကူအညီလိုမျိုးရရှိဖို့ မျှော်လင့်ချက်မထားဘဲ၊ မိမိတို့ ရည်မှန်းချက်နဲ့ မိမိတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုသာ နှိုင်းချိန်ပြီး ဆုံးဖြတ်ရမယ့် သဘောလည်း ဖြစ်ပါတယ်။ ကမ္ဘာမှာ လက်နက်ကိုင် ပဋိပက္ခတွေ၊ တနိုင်ငံနဲ့ တနိုင်ငံဖြစ်တာမျိုးမဟုတ်ပဲ တအုပ်စုနဲ့ တနိုင်ငံ၊ တအုပ်စုနဲ့ အခြားတအုပ်စုတို့အကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေ ဟိုနားသည်နား ဖြစ်နေချိန်မှာ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုလက်နက်ကိုင်တွေနဲ့ ပြည်မက စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင် အင်အားစုတွေအကြား ဘယ်လောက်ထိ ဘုံအကျိုးစီးပွား တူညီကြသလဲ၊ နိုင်ငံရေး ရည်မှန်းချက် တူညီကြသလဲ၊ ဘယ်လောက် ပူးပေါင်း လုပ်ဆောင်နိုင်ကြသလဲ ဆိုတဲ့အပေါ် မူတည်ပြီး လက်ရှိ လက်နက်ကိုင် တော်လှန်ရေးရဲ့ အရှုံး အနိုင်က ပေါ်ထွက်လာလိမ့်မယ်လို့ ထင်မြင်မိပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar