အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၈ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၈ )
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၃
3/11/23
Diary in the darkness
မီးလာချိန် အလွန်နည်းတယ်။ ဖုန်းအားသွင်းဖို့ ခက်ခဲလာတယ်။ အင်တာနက်လိုင်းကလည်း အလွန်နှေးလွန်တယ်။ မြောက်ပိုင်းမှာ မင်းအောင်လှိုင်တပ်တွေ စစ်ရှုံးနေတာနဲ့ ဆက်စပ်နေသလားမသိဘူး။
ဒီမနက် သတင်းတွေမှာ စစ်ကောင်စီစခန်း ၉၀ ကျော်ကို ညီနောင်သုံးဖော်အဖွဲ့က သိမ်းလိုက်ပြီလို့သိရတယ်။ စစ်ကောင်စီတပ်က တပ်ရင်းတရင်း လက်နက်ချလိုက်တယ်။ လက်နက်တွေ လော်လီကား ခုနှစ်စီးတိုက်ကို တော်လှန်ရေးတပ်တွေ သိမ်းမိသွားတယ်။ လက်နက်ချ တပ်သားတစ်ယောက်ကို ကျပ်ငွေ ၁၅ သိန်းပေးပြီး လွတ်မြောက်နယ်မြေကို ပို့ပေးလိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။ စီးပွားရေးသမားတစ်ယောက်ကတော့က ပြောတယ်၊ တပ်ရင်းမှူးတွေဟာ လက်ထဲရှိတဲ့ လက်နက်တွေကို တော်လှန်ရေးတပ်တွေ လက်ထဲ ထိုးအပ်ပြီး ဆုကြေးထုတ်ယူရတာ တွက်ခြေကိုက်တယ်။ ရှုံးမယ့်စစ်ပွဲမှာ အသေခံတိုက်ရတာ အဓိပ္ပာယ်မရှိဘူးဆိုတာ ကောင်းကောင်းသိနေပြီတဲ့။ သူဌေးဖြစ်ချင်လို့ စစ်ထဲဝင်လာတဲ့ ဒေါ်စိန်အေးကျောင်းဆင်းတွေ ဆိုတော့ ဒီလိုပဲ တွေးကြမှာပါ။
သူတို့ရဲ့ စီနီယာတွေက ပြည်သူကို ဘယ်လို သတ်ရမယ်၊ လာဘ်ပေးလာဘ်ယူ ဘယ်လိုလုပ်ရမယ် ဆိုတာ သင်ပေးခဲ့ကြတယ်။ သူတို့လက်ထက် ရောက်တော့ ပြည်သူ့လက်ထဲ လက်နက်အပ်ပြီး ဘယ်လို ဆုကြေးထုတ်ရမယ်ဆိုတဲ့ ပညာအသစ်တွေ ၊ သင်ခန်းစာအသစ်တွေတောင် တတ်မြောက်နေကြပြီလေ။
မနေ့က မနက်ပိုင်းက မေမြို့ က သူငယ်ချင်းဖုန်းဆက်တယ်။ သူ နေတဲ့နေရာနဲ့ ၉ မိုင်အကွာလောက်မှာ တိုက်ပွဲဖြစ်နေတယ်။ သံချပ်ကာ ကားတစ်စီး မီးလောင်နေတယ်တဲ့။ ညနေ ရောက်တော့ ဗီဒီယိုဖိုင်တက်လာတယ်။ သံချပ်ကာ ကားတစ်စီး ပျက်နေပုံ၊ စကစ တပ်သားတွေ ပေတရာ လမ်းဘေးမှာ အတုံးအရုံးလဲနေပုံတွေပါ။ "မင်းတို့ မြောက်ပိုင်းသွားရင် သေမှာပဲ၊ သူတို့ကို ဆေးကုပေးလိုက်ပါ" ဆိုတဲ့ တော်လှန်ရေးတပ်သားတစ်ယောက် ပြောတဲ့ အသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။
မြောက်ပိုင်းမှာ စကစ တပ်တွေ စခန်းစွန့်ပြေးသူပြေး လက်နက်ချသူချ ဖြစ်နေပါတယ်။ ညီနောင်သုံးဖွဲ့နဲ့ တော်လှန်ရေးတပ်တွေက လောက်ကိုင်မြို့ ကို ဝိုင်းထားနေပြီ။ ချင်းရွှေဟော်နဲ့ နယ်မြေအတော်များများကို လည်းသိမ်းထားပြီ။ ဒါကြောင့် လောက်ကိုင် မြို့မှာရှိတဲ့ စကစ တပ်တွေ သံလွင်မြစ်ထဲ ခုန်ဆင်းမလား၊ လက်နက်ချမလား ဆိုတာပဲ ရွေးရတော့မယ်လို့ မိုင်းလားရောက် ဗမာပြည်ကွန်မြူနစ်ပါတီ ကျောင်သား လက်နက်ကိုင်ဟောင်းတစ်ယောက်က ပြောပါတယ်။
တကယ်တော့ လောက်ကိုင်မှာရှိတဲ့ တပ်ဆိုတာ သူဌေးတွေကို အကာအကွယ်ပေးတဲ့ ခြံစောင့်လက်နက်ကိုင် အဆင့်ပဲရှိတယ်။ သူဌေးတစ်ယောက်က လူ နှစ်ဆယ် နှစ်ဆယ့်ငါးယောက်လောက်နဲ့ ဖွဲ့ထားတဲ့ အဖွဲ့ကလေးတွေပဲ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ အခုဆို သူတို့ဟာ ဟော်တယ် အောက်မှာ ကတုတ်ကျင်းတူး၊ ဟော်တယ် အပေါ်ထပ်ပြတင်းပေါက်တွေကို အုပ်တွေနဲ့ ပိတ်ကာထားတယ်လို့ ပြောပါတယ်။
ကျွန်တော့်သူငယ်ချင်း စာရင်းစစ်ရဲ့ သား ဆရာဝန်လင်မယားနှစ်ယောက်လည်း လောက်ကိုင်မြို့ထဲမှာ ပိတ်မိနေသလို သူငယ်ချင်း ပန်းချီဆရာတစ်ယောက်ရဲ့ သမီးလဲ ပိတ်မိနေတယ်လို့ သိရပါတယ်။ မနေ့က မနက်ပိုင်းအထိပဲ ဖုန်းအဆက်အသွယ်ရပြီး နောက်ပိုင်း "လိုင်း ခဏပိတ်ထားတယ် " ဆိုတဲ့ စာတိုကလေးပဲ တွေ့ရတယ်လို့ ဆိုပါတယ်။ သားသမီးတွေကတော့ ညီနောင်တပ်ဖွဲ့တွေဟာ စကစ တပ်တွေလို စည်းမဲ့ကမ်းမဲ့တွေမဟုတ်လို့ မစိုးရိမ်ပါနဲ့ လို့ပြောကြတယ်။ ဒါပေမဲ့ မိဘ ကတော့ စိုးရိမ်တာပါပဲ။ ဖွင့်တော့ မပြောဘူးပေါ့။
သူတို့က နိုင်ငံကြီးတွေရဲ့ သံတမန်တွေ လို၊ ကုလသမဂ္ဂ လိုမှ မဟုတ်တာ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar